အာရက္ခပြည်ကို ဘယ်လိုတည်ဆောက်ကြမလဲ

By

မြောက်ဦး၊သြဂုတ် ၁၉။

အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA)က အာရက္ခဒေသရှိမြို့ အများစုကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး ”အဖြစ် အာရက္ခဒေသ မှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ ဒုံးပိုက် နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ပြီး အာရက္ခစစ်ပွဲအဆုံး အဖြတ်ကို စတင်ခဲ့ပါတယ်။

အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA)က မြို့အများစုကို တိုက်ခိုက်သိမ်းပိုက်ထားပြီ ဖြစ်သလို သံတွဲ၊မောင်တောမြို့တွေကို အပြီးသတ်သိ မ်းပိုက်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်း၊ကျော က်ဖြူ၊တောင်ကုတ်၊ဂွ၊မြို့တွေမှာလည်း တိုက်ပွဲတွေဖြစ်နေသလို စစ်ရေးတင်းမာမှုတွေလည်း မြင့်တက်
နေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရှမ်းမြောက်အပါအဝင် နိုင်ငံအနှံ့အပြားမှာ စစ်ရေးဆုံးရှုံးမှုတွေနေ့စဥ်ရက်ဆ က်ဖြစ်နေတာမို့ ဆုံးရှုံးသွားတဲ့မြို့တွေကို ပြန်ပြီးထိုးစစ်ဆင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ပါ ဘူး။အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ဖို့ကျန်နေသေးတဲ့ မြို့တွေကိုလည်း စစ်ကောင်စီ က အနှေးနဲ့အမြန်လက်လွှတ်ဆုံးရှုံးရမှာ အသေအချာပဲဖြစ်ပါတယ်။

အဲဒီလိုဆိုရင် စစ်ကောင်စီအနေနဲ့ အာရက္ခဒေသကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။အဲဒါကြောင့် အာရက္ခဒေသဟာ အာရက္ခတပ်တော်ရဲ့သိမ်းပိုက်ထိန်းချုပ်မှု အောက်ကို အပြည့်အဝရောက်လာတော့မှာ ဖြစ်တယ်။

အဲဒီလိုဆိုရင် အာရက္ခပြည်သူတွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို အပြည့်အဝရရှိလာမှာဖြစ်ပြီး ခုထက်ပိုမိုပီပြင်တဲ့ နိုင်ငံရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေးစနစ်တွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

အဲဒီလိုပဲ အခွင့်အလမ်းတွေနဲ့အတူ နိုင်ငံရေး၊အုပ်ချုပ်ရေး၊စီးပွားရေးမှာ စိန်ခေါ်မှုတချို့လည်း ကြုံရ နိုင်ပါတယ်။ဒါကြောင့် ဒီနေရာမှာ ရိုးရိုးလေးမေးခွန်းထုတ်ရရင် အာရက္ခဒေသကို ဘယ်လိုတည် ဆောက်ကြမလဲဆိုတာပါပဲ။

နိုင်ငံတော်တည်ဆောက်ရေး၊တိုင်းပြည်
တည်ဆောက်ရေးမှာ အသက်သွေး ကြောတွေဖြစ်တဲ့ နိုင်ငံရေး၊အုပ်ချုပ်ရေး၊စီးပွားရေးကဏ္ဍတွေကို ဘယ်လို တည်ဆောက်ကြမလဲဆိုတာဟာ အလွ န်အရေးကြီးပါတယ်။

အဲဒီလို တည်ဆောက်တဲ့အခါ ဘယ်လို စိန်ခေါ်မှုတွေ ရှိလာနိုင်သလဲဆိုတာကိုလည်း ကြိုတင်လေ့လာပြင်ဆင်ထားကြရပါမယ်။

နိုင်ငံရေးစနစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ ဥပဒေပြုရေးလုပ်ငန်းတွေဟာ အဲဒီနိုင်ငံက လက်ခံယုံ ကြည်ထားတဲ့ နိုင်ငံရေးစနစ်အပေါ်မှာ အခြေတည်ပါတယ်။ဥပမာ – ဒီမိုကရေစီစနစ်ကို လက်ခံယုံ ကြည်တဲ့ နိုင်ငံတွေမှာ အုပ်ချုပ်သူအစိုးရကို ပြည်သူတွေက ရွေးကောက်တင်မြှောက်ခွင့်ရှိသလို ဥပ ဒေပြုရေးကဏ္ဍတွေမှာလည်း ပါဝင်နိုင်ပါတယ်။ နိုင်ငံရေးအရလည်း ပါတီထောင်ခွင့်၊ရွေးကောက် ခံပိုင်ခွင့်နဲ့လွတ်လပ်စွာထုတ်ဖော်ရေးသားပြော ဆိုခွင့်တွေ အပြည့်အဝရှိကြပါတယ်။

ဒါပေမယ့် ကွန်မြူနစ်နိုင်ငံတွေမှာတော့ ဒီအခွင့်အရေးတွေ သိပ်မရှိကြပါဘူး။ဒါကြောင့် နိုင်ငံရေးစ နစ်ဆိုတာ အဲဒီနိုင်ငံ၊အဲဒီဒေသကို ပုံသွင်းထုဆစ်တဲ့အရာလို့တောင် ပြောလို့ရပါတယ်။

အာရက္ခပြည်သူတွေအနေနဲ့ နိုင်ငံရေးစနစ်ကို စဥ်းစားတဲ့အခါ အာရက္ခဒေသရဲ့ပထဝီအနေအထား၊ အခြေချနေထိုင်ကြတဲ့ လူမျိုးတွေရဲ့ ဓလေ့စရိုက်အတွေးအခေါ်နဲ့ ခေတ်ကာလရဲ့ နိုင်ငံရေးအခင်း အကျင်းတွေကိုလည်း ထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါတယ်။

ပြီးတော့ ဒေသမှာရှိတဲ့ လူမျိုးတွေရဲ့ ဓလေ့စရိုက်၊အတွေးအခေါ်၊ စံတန်ဖိုးတွေနဲ့ ဒေသရဲ့အခင်းအ ကျင်းနဲ့ကိုက်ညီတဲ့ နိုင်ငံရေးစနစ်ကိုပဲ ကျင့်သုံးရမှာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်၊တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က“အာရက္ခဒေသကို ဆိုရှယ်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မယ် ” ဆိုပြီး ထုတ်ဖော်ပြောဆိုဖူးပါတယ်။အဲဒီဆိုရှယ်ဒီမိုကရေစီစနစ်ဆိုတာကိုယ်စားပြု ဒီမိုကရေစီစနစ်နဲ့ဆိုရှယ်လစ်စီးပွားရေးကို ရောပွန်းထားတဲ့ နိုင်ငံရေးစနစ်လို့ ပြောလို့ရပါတယ်။

ဒီမိုကရေစီကို အခြေခံတဲ့အတွက် အာရက္ခဒေသမှာ အခြေချနေထိုင်နေသူတွေအနေနဲ့ နိုင်ငံရေးအရ လွတ်လပ်စွာပါတီထူထောင်ခွင့်၊ရွေးကောက်ခွင့်တွေလည်း ရှိရမှာဖြစ်ပါတယ်။ဒါပေမယ့် မေးစရာရှိ တာက လောလောဆယ်မှာ အဲဒီအရာတွေအတွက် အခြေအနေပေးပါမလား။အခွင့်ကော သာပါ့မလား။

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ အာရက္ခဒေသဟာ ကွန်ဖက်ဒရေးရှင်းပုံစံထက် လက်တွေ့ထိန်းချုပ်အုပ်ချုပ်မှု(De Facto State)ပဲ ဖြစ်လာနိုင်ခြေရှိပါတယ်။အရှင်းဆုံးပြောရရင် ကိုယ့်ပြည်ကိုယ် ထိန်းချုပ်ပြီး ကိုယ့်ပြည်ကိုယ်တည်ဆောက်မယ့် ”ဝ”ပြည် ပုံစံပါပဲ။

ဒီအနေအထားမှာ လူတွေကို ပါတီထောင်ရွေးကောက်ပွဲတွေ လုပ်ပြီးအစုအဖွဲ့တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးစနစ် သို့မဟုတ် အစိုးရဖွဲ့ဖို့ဆိုတာဖြစ်နိုင်ပါ့မလား။အခြေအနေကော ပေးပါ့မလား။လတ်တ လော အနေအထားအရဆိုရင် သိပ်တော့ဖြစ်နိုင်ခြေမရှိပါဘူး။

ဒါကြောင့် အာရက္ခဒေသဟာ အစုအဖွဲ့တခုတည်းကသာဦးဆောင်တဲ့ နိုင်ငံရေးစနစ်နဲ့ အစိုးရပုံစံပဲ ဖြစ် လာ နိုင်ခြေရှိပါတယ်။အဲဒီလိုအစုအဖွဲ့တခုတည်းက ဦးဆောင်တဲ့နိုင်ငံရေးစနစ် ဖြစ်ဖြစ်၊အစုအဖွဲ့တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးစနစ်ဖြစ်ဖြစ် စနစ်တိုင်းမှာတော့ အားသာချက်၊အားနည်းချက် ကိုယ်စီရှိကြ ပါတယ်။

တကယ်လို့ အစုအဖွဲ့တခုတည်းကဦးဆောင်တဲ့ နိုင်ငံရေးစနစ်ဖြစ်မယ်ဆိုရင် အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ တည်ဆောက်ရေးလုပ်ငန်းတွေမှာ အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါမယ်။ဒါပေ မယ့် အားနည်းချက်က အဲဒီအစုအဖွဲ့ဟာ အာဏာရှင်စနစ်(Authoritarianism)ကို အချိန်မရွေး ယိမ်းသွားနိုင်ပါတယ်။

တကယ်လို့ အစုအဖွဲ့တွေ အားလုံးပါဝ င်တဲ့ နိုင်ငံရေးစနစ်နဲ့သွားမယ်ဆိုရင်တော့ အားလုံးပါဝင်မှု(All Inclusive )ဖြစ်သလို စုံလင်ကွဲပြားတဲ့လူမျိုးတွေ အနေနဲ့လည်း နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရပါမယ်။
ဒါပေမယ့် အရမ်းကို ရှုပ်ထွေးနေတဲ့ ဒီလိုအနေအထားမျိုးမှာ အဲဒီလိုနိုင်ငံရေးစနစ်တွေ တည်ဆောက်ဖို့ ဆိုတာ သိပ်တော့မလွယ်ကူနိုင်သေးသလို အချိန် အခါကောင်းလည်း မဟုတ်သေးပါဘူး ။

ဒါကြောင့် အစုအဖွဲ့တခုကတည်ဆောက်တဲ့ နိုင်ငံရေးစနစ်ထဲမှာပဲစုံလင်ကွဲ ပြားတဲ့အုပ်စုတွေ ဘယ် လောက်ထိ ပါဝင်နိုင်မလဲ ဆိုတာကိုပဲ စဉ်းစားရပါမယ်။အရှင်းဆုံးပြောရရင် ULA/AAတည် ဆောက် မယ့် နိုင်ငံရေးစနစ်ထဲမှာ စုံလင်ကွဲပြားတဲ့အုပ်စုတွေ ဘယ်လောက်ပါဝင်နိုင်မလဲ ဆိုတာကိုပဲ ထည့် တွက်ရပါမယ်။

နောက်ထပ် ပိုပြီးအရေးကြီးတာက အာရက္ခဒေသကို ဘယ်လို နိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်တာဖြစ်ပါစေ အာရက္ခဒေသမှာ အရည်အချင်းရှိသူတွေ(Meritocracy) ထွန်းကားအောင် လုပ်ရပါမယ်။ဒါဟာ အာရ က္ခတိုင်းပြည်အနာဂတ်ကို အကောင်းဆုံးတည်ဆောက်တာဖြစ်ပါတယ်။

အုပ်ချုပ်ရေးပုံစံ

နိုင်ငံတော်ဆိုင်ရာပညာရပ်နယ်ပယ်မှာတော့ ရှုပ်ထွေးကျယ်ပြန့်လှတဲ့ အုပ်ချုပ်ရေးပုံစံတွေ အများအ ပြားရှိကြပါတယ်။အဲဒီ အုပ်ချုပ်ရေးပုံစံတွေဟာလည်း ခေတ်အလိုက်အမြဲပြောင်းလဲ နေတတ်ပါတယ်။ ဥပမာ အရင်တုန်းက နိုင်ငံအများစုဟာ ရှေးရိုးအတိုင်းအုပ်ချုပ်ရေး(Classical Administrative) ပုံစံကို ကျင့်သုံးခဲ့ကြပြီး၊ ၁၉၈၀ ဝန်းကျင်လောက်မှာ နိုင်ငံတွေဟာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပုံစံသစ် (New Public Management)ပုံစံတွေကို ပြောင်းလ ကျင့်သုံးလာကြပါတယ်။ ခုနောက်ပိုင်းမှတော့ နိုင်ငံအများစုဟာ နည်းပညာအုပ်ချုပ်ရေး(Digital Governance)ကို ပြောင်းလဲကျင့်သုံးနိုင်ဖို့ ကြိုးပမ်း နေကြပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး အကြောင်းပြောရရင်၊မြန်မာ့အုပ်ချုပ်ရေးဟာ စစ်အာဏာရှင်တွေ က အပြည့်အဝထိန်းချုပ်ထားပြီး ဗျူရိုကရက်တွေနဲ့ အဓိကမောင်းနှင်လည်ပတ်တဲ့ အုပ်ချုပ်ရေးစနစ်လို့ ပဲ ပြောရပါမယ်။ထိုင်းနိုင်ငံလည်း ဒီပုံစံပါပဲ။ဒါပေမယ့် ကွာခြားတာက ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်ရေးမှာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက်ပေးပါတယ်။မြန်မာမှာတော့ ဒီကဏ္ဍတွေ တော်တော်လေးအားနည်းပါတယ်။

ဒီနေရာမှာ ကျနော်တို့ နားလည်ထားရမှာက ဘယ်ပုံစံအုပ်ချုပ်ရေးဖြစ်ဖြစ် အုပ်ချုပ်ရေးလုပ်ငန်းရဲ့ အခြေခံရွယ်ရည်ချက်က တိုင်းပြည်ကို ထိန်းကျောင်းမောင်းနှင်ဖို့နဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ထောက်ပံ့ပေးဖို့ပါပဲ။ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ကျန်းမာရေး၊လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုဖုံလုံရေးလုပ်ငန်းတွေ ထောက်ပံ့ပေးဖို့ပါပဲ၊၊

ဒါကြောင့် အုပ်ချုပ်ရေးပုံစံ အရေးပါသလို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြည့်ဆည်းပေးနိုင်ဖို့က လည်း အရေးပါပါတယ်။တကယ်လို့ အာရက္ခဒေသမှာ အာရက္ခကိုယ်ပိုင်အုပ်ချုပ်ရေး ပီပီပြင်ပြင် ပေါ်လာရင် ကြုံတွေ့ရမယ့် စိန်ခေါ်ချက်တချို့တော့ ရှိပါတယ်။

အာရက္ခဒေသမှာ အုပ်ချုပ်ရေးအတွက် သို့မဟုတ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် အထူးလေ့ကျင့်သင်ကြားထားတဲ့ ဝန်ထမ်းအရေအတွက်လုံလုံ လောက်လောက်မရှိသေးပါဘူး၊၊

ဒါကြောင့် မြန်မာ့အုပ်ချုပ်ရေးယန္တရားအောက်မှာ လည်ပတ်လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတချို့ကို ပြန်သုံးရပါ မယ်။အဲဒါကြောင့်အကျင့်ပျက်ခြစားမှုပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ဒီနေရာမှာ မြန်မာအုပ်ချုပ် ရေးအောက်မှာလုပ်ကိုင်ခဲ့တဲ့ လူတွေအားလုံးကို အကျင့်ပျက်ခြစားတယ်လို့ မဆိုလိုပါဘူး၊၊ဒါပေမယ့် မြန်မာ့အုပ်ချုပ်ရေးမှာ အကျင့်ပျက်ခြစားမှုပြဿနာဟာ ဘယ်လောက်ထိ ထုနဲ့ထည်နဲ့ ရှိခဲ့တယ်ဆိုတာ လူတိုင်းအသိဖြစ်ပါတယ်။

ဒါကြောင့် အာရက္ခကိုယ်ပိုင်အုပ်ချုပ်ရေးမှာ ဒါကို ကြီးမားတဲ့စိန်ခေါ်မှုအဖြစ်ထည့်သွင်း စဉ်းစားပြီး ရှောင်လွှဲနိုင်အောင်လည်း ပြင်ဆင်ရပါမယ်။အဲဒီအတွက် အုပ်ချုပ်ရေးမှာ တာဝန်ထမ်းဆောင်တဲ့ သူ တွေကို သူတို့ဘဝ လူမှုဖုံလုံရေးအတွက် လုံလောက်တဲ့အထောက်အပံ့ သို့မဟုတ် လစာငွေ ပမာဏကို ပေးရပါမယ်။

ပြီးတော့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ထောက်ပံ့ပေးတာနဲ့ပတ်သတ်ပြီး လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်စည်းကမ်းတွေကိုလည်း လေ့ကျင့်သင်ကြားပေးရပါမယ်။တဖက်မှာ အကျင့်ပျက်ခြစားမှုတို က်ဖျက်ရေးအတွက် စုံစမ်းစစ်ဆေးရေးဌာန(Bureau of Investigation)တွေလည်း ဖွဲ့စည်းနိုင်ရပါမယ်။
အဲဒီလိုမလုပ်နိုင်ဘူးဆိုရင် အကျင့်ပျက်ခြစားမှုပြဿနာဟာ အာရက္ခကိုယ်ပိုင်အုပ်ချုပ်ရေးကို ကြီးကြီး မားမားခြိမ်းခြောက်လာနိုင်ပါတယ်။

စီးပွားရေး

အာရက္ခဒေသမှာ လူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေ၊လက်နက်ကိုင်ပဋိပက္ခတွေ အပြင်းအထန်ဖြစ်ပွား ခဲ့၊ဖြစ်ပွားနေတာမို့ အာရက္ခဒေသစီးပွားရေးကဏ္ဍဟာ အခက်ခဲဆုံးနဲ့စိန်ခေါ်မှုအများဆုံးဖြစ်နေမှာပါပဲ။
ဒါပေမယ့် အနာဂတ်အတွက် ကြိုတင်ပြင်ရမယ့်အခန်းကဏ္ဍအနေနဲ့ ဆွေးနွေးထားမှ ဖြစ်ပါမယ်။

အာရက္ခဒေသရဲ့စီးပွားရေးဟာ စိုက်ပျိုးရေးနဲ့ရေလုပ်ငန်းကိုပဲ အဓိကကျောထောက် နောက်ခံပြုထားတဲ့ လို့ ပြောရပါမယ်။အာရက္ခဒေသမှာ ပို့ကုန်လုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေရှိတယ်ဆိုပေမယ့် သိပ် တွင်ကျယ်တဲ့ အနေအထားတော့ မဟုတ်ပါဘူး၊၊စက်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဟာလည်း အများကြီး အားနည်းပါသေးတယ်။

ဒါကြောင့် အာရက္ခဒေသစီးပွားရေးကို တည်ဆောက်ဖို့ကြိုးပမ်းတဲ့အခါ နဂိုရှိရင်းစွဲစိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကိုအားကောင်းခိုင်မာလာအောင် လုပ်ရပါမယ်။ပြီးတော့ သွင်းကုန်၊ပို့လုပ်ငန်းတွေကို မြှင့် တင်ရပါမယ်။ဘင်္ဂလားဒေ့ချ်၊အိန္ဒိယတို့နဲ့လည်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ စတင်နိုင်အောင် ကြိုးပမ်းရပါမယ်။တကယ်လို့ လောလောဆယ်မှာ ပုံမှန်ကုန်သွယ်မှု(Formal Trade)အနေနဲ့ မစတင် နိုင်သေးရင်တောင် မှအလွတ်သဘောကုန်သွယ်မှု(Informal Trade )အနေနဲ့ စတင်နိုင်အောင် ကြိုးစား ကြရပါမယ်။

အဲဒီအပြင်စက်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးတက်တွင်ကျယ်လာအောင် လိုအပ်တာတွေ ပြင်ဆင်ရပါမယ်။အဲဒီအတွက် ခိုင်မာအားကောင်းတဲ့ စီးပွားရေးမူဝါဒတွေလိုသလို ပြည်တွင်း၊ပြည်ပ ရင်းနှီးမြုပ်နှံသူတွေကိုလည်း ဖိတ်ခေါ်နိုင်ဖို့လိုပါတယ်။ဒါပေမယ့် အဲဒီအရာအားလုံးရဲ့ အသက်သွေး ကြောကတော့ ဒေသတည်ငြိမ်အေးချမ်းရေးပါပဲ။ဒေသမတည်ငြိမ်ရင် ဘာမှလုပ်လို့မရပါဘူး။

ဒါကြောင့် စစ်ပွဲတွေကို အပြီးသတ်အဆုံးသတ်နိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။အာရက္ခပြည်သူတွေ လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းကိုရတဲ့အခါဒေသတည် ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက် ရပါမယ်။

နောက်ပြီး အာရက္ခဒေသစီးပွားရေးအတွက် အဓိကစိန်ခေါ်မှုဖြစ်လာ နိုင်တာကငွေကြေးကဏ္ဍပါပဲ။မြန် မာကျပ်ငွေဟာ မတည်ငြိမ်ပါဘူး။ကျပ်ငွေတန်ဖိုးနေ့တိုင်း ထိုးကျနေတာမို့ဒီအနေအထားမှာ ဘာစီးပွား ရေးမှလုပ်လို့ရမှာမဟုတ်ပါဘူး။တကယ်လို့ အာရက္ခဒေသမှာ တည်ငြိမ်တဲ့စီးပွားရေး ရပ်ဝန်းဖန်တီး မယ်ဆိုရင် ငွေကြေးကိုပြောင်းလဲ သုံးစွဲနိုင်အောင် ကြိုးစားရပါမယ်။

အာရက္ခဒေသဟာ တရားဝင်နိုင်ငံတော်မဖြစ်သေးတာမို့ ကိုယ်ပိုင်ငွေကြေးစနစ်ထူထောင်ဖော်ဆောင်အ သုံးပြုဖို့ ဆိုတာ မလွယ်သေးပါဘူး။ဒါကြောင့် ခိုင်မာပြီးသား ငွေကြေးစနစ်ကိုပဲ ပြောင်းလဲအသုံးပြုဖို့ ကြိုးပမ်းရပါမယ်။အဲဒီလိုဆိုရင် အာရက္ခဒေသစီးပွားရေးဟာ အတိုင်းအတာတခုထိ တိုးတက်ကောင်း မွန်လာနိုင်ပါတယ်။

အာရက္ခလူ့အဖွဲ့အစည်း

လူ့အဖွဲ့အစည်းနဲ့နိုင်ငံရေးဆိုတာ ခွဲခြားလို့ရတဲ့အရာမဟုတ်ပါဘူး။နိုင်ငံရေးကြောင့် လူ့အဖွဲ့အစည်းအ ပေါ် သက်ရောက်နိုင်သလို လူ့အဖွဲ့အစည်းကြောင့်လည်း နိုင်ငံရေးအပေါ် အများကြီးသက်ရောက်နိုင်ပါ တယ်။ဒါကြောင့် အာရက္ခဒေသကို ပြန်ပြီးတည်ဆောက်မယ်ပြောတဲ့အခါ အာရက္ခလူ့အဖွဲ့အစည်းကို လည်း အရေးကြီးတဲ့ အခန်းကဏ္ဍတခုအနေနဲ့ ထည့်သွင်းစဥ်းစားရပါမယ်။

အာရက္ခလူ့အဖွဲ့အစည်းကို အရမ်းကို ကွဲပြားခြားနားတဲ့ အာရက္ခလူ့အဖွဲ့အစည်းလို့ ပြောလို့ ရပါတယ်။
အာရက္ခဒေသမှာ လူမျိုးနွယ်တွေအများအပြားရှိသလို ချင်းလူမျိုး၊မွတ်တလင်လူမျိုးတွေလည်း အခြေ ချနေထိုင်ကြပါတယ်။အဲဒီလူတွေရဲ့ ကြားထဲမှာ ကိုးကွယ်ယုံကြည်မှုတွေ မတူကြသလို လူမျိုးတွေရဲ့ ဓလေ့စရိုက်၊စံတန်ဖိုးနဲ့ အတွေးအခေါ် တွေလည်း မတူကြပါဘူး၊၊

ဒါကြောင့် အာရက္ခလူ့အဖွဲ့အစည်းကို စုံလင်ကွဲပြားမှုတွေနဲ့ စုဖွဲ့ထားတဲ့(Diverse Society)လို သတ်မှတ်ရပါမယ်။ဒါပေမယ့် စိတ်မကောင်းစရာက အဲဒီစုံလင်ကွဲပြားတဲ့လူမျိုးတွေကြားထဲမှာ ငြိ မ်းချမ်းစွာအတူယှဥ်တွဲနေထိုင်နိုင်ရေးအတွက် ချစ်ခင်ရင်းနှီးမှုနဲ့ယုံကြည်မှုတွေ တည်ဆောက်နေ ကြပေမယ့် အချိန်အတိုင်းအတာတခုထိလိုနေပါသေးတယ်။

စစ်အာဏာရှင်တွေရဲ့ နိုင်ငံရေးအရစနစ်တကျသွေးခွဲမှုတွေ၊သွေးထိုးလှုံ့ဆော်မှုတွေကြောင့် လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ပဋိပက္ခတွေဖြစ်ခဲ့ကြပါတယ်။၂၀၁၂ တုန်းကဖြစ်ခဲ့တဲ့ ဘာသာရေး၊လူမျိုးရေးပဋိပ က္ခဖြစ်စဉ်တွေဟာ ဒီနေ့မှာတော့ အားလုံးအဆုံးသတ်သင့်ပါပြီ၊၊အာရက္ခပြည်သူပြည်သား အချင်းချင်း ကြားမှာ စိတ်ဝမ်းကွဲမှု၊မသင့်မြတ်မှုတွေကနေ ဘာအကျိုးအမြတ်မှ မရကြဘူးဆိုတာကို နားလည်သင့် ပါပြီ၊၊ဒါကြောင့် စုံလင်ကွဲပြားတဲ့လူမျိုးတွေကြားထဲမှာ ချစ်ခင်ရင်းနှီးမှုနဲ့ ယုံကြည်မှုတွေ တည်ဆောက် နိုင်ဖို့လိုအပ်သလို နှစ်ဦးနှစ်ဘက်တာဝန်ခံရမယ်အရာတွေလည်း ရှိပါတယ်။

အာရက္ခပြည်သူ့အစိုးရဟာ စုံလင်ကွဲ ပြားတဲ့လူမျိုးအားလုံးကို ဥပဒေအရ အကာကွယ်တွေ၊တန်းတူညီ မျှခွင့်တွေနဲ့ လူ့မှုဘဝလွတ်လပ်ခွင့်(Social Freedom)တွေ အပြည့်အဝပေးရပါမယ်။အဲဒီစုံလင်ကွဲပြား တဲ့ လူမျိုးအားလုံးကလည်း အာရက္ခမြေ၊အာရက္ခပြည်အပေါ်မှာ သစ္စာစောင့်သိကြရပါမယ်။အာရက္ခ လူ့အဖွဲ့အစည်းကို အကောင်းဆုံးမတည်ဆောက်နိုင်ဘူးဆိုရင် အာရက္ခဒေသရဲ့ နိုင်ငံရေးရည်မှန်းချက် တွေဟာလည်း ဘယ်မှအရွေ့မရောက်ဘူးဆိုတာ နားလည်ထားကြရပါမယ်။

စိန်ခေါ်မှုတွေ

အာရက္ခနိုင်ငံတော်(သို့မဟုတ်)အာရက္ခဒေသကို တည်ဆောက်မယ်ဆိုတာ လွယ်ကူလှတဲ့ ကိစ္စတော့ မ ဟုတ်ပါဘူး။နိုင်ငံတော်တည်ဆောက်ရေးဟာအခက်အခဲတွေ၊စိန်ခေါ်မှုတွေ အများကြီးရှိနေတတ်ပါတ ယ်။ခေတ်အဆက်ဆက်စစ်အာဏာရှင်တွေရဲ့လက်အောက်မှာ စနစ်တကျဖျက်ဆီး ခံထားရတဲ့ဒေသကို ပြန်လည်တည်ဆောက်ဖို့ ပိုပြီးတော့စိန်ခေါ်မှုတွေ ရှိနေနိုင်ပါတယ်။

တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းအတွက် အာရက္ခပြည်သူတွေ ကြီးကြီးမားမားကြုံရနိုင်တဲ့ စိန်ခေါ်မှု က ကျွမ်းကျင်လုပ်သားနဲ့ကျွမ်းကျင်ပညာရှင်တွေ ရှားပါးမှုပြဿနာပဲ ဖြစ်ပါလိမ့်မယ်။

အာရက္ခဒေသမှာ လူတော်တွေ ရှိပါတယ်လို့ တချို့ပြောကြပေမယ့် အဲဒီထက်ပမာဏများပြားတဲ့ ပညာ ရှင်တွေလိုအပ်ပါတယ်။အာရက္ခဒေသအုပ်ချုပ်ရေး လုပ်ငန်းတွေအတွက် အုပ်ချုပ်ရေးသမားကောင်း တွေ၊မူဝါဒရေးရာကျွမ်းကျင်သူတွေလိုအပ်သလို စီးပွားရေးအတွက် ဘောဂဗေဒပညာရှင်တွေ၊ဘဏ် လုပ်ငန်းရှင်တွေနဲ့သွင်းကုန် ပို့ကုန်လုပ်ငန်းအတွေ့အကြုံရှိသူတွေလည်း လိုအပ်ပါတယ်။

အဲဒီလိုပဲ နည်းပညာပိုင်းကျွမ်းကျင်သူတွေ၊သုတေသနပိုင်းမှာ အတွေ့အကြုံရှိသူတွေ၊သိပံပညာရပ်မှာ ထူးချွန်သူတွေ အမြောက်အမြားလိုအပ်ပါတယ်။အဲဒီအတွက် အချိန်ယူတည်ဆောက်ကြရမှာဖြစ်သလို ငွေကုန်ကြေးကျခံပြီး တည်ဆောက်ကြရမှာဖြစ်ပါတယ်။

အာရက္ခဒေသကလူငယ်လူရွယ်တွေ အများကြီးကို ပြည်ထဲမှာ လေ့ကျင့်သင်ကြားပေးကြရမှာဖြစ်သလို နိုင်ငံခြားပညာတော်သင်တွေလည်း လွှတ်နိုင်ဖို့လည်း လိုအပ်ပါတယ်။အဲဒီအပြင် ပြည်ပပညာရှင်တွေ ကိုလည်း စည်းရုံးဖိတ်ခေါ် နိုင်ဖို့လိုအပ်ပါတယ်။ဒီလိုမလုပ်နိုင်ရင် လာမယ့်ဆယ်စုနှစ်တွေအတွင်းမှာ အာရက္ခဒေသဟာ လူသားအရင်းအမြစ်ရှားပါးမှုပြဿနာကို ကြီးကြီးမားမားရင်ဆိုင်လာရနိုင်ခြေ ရှိပါ တယ်။

နောက်ထပ်စိန်ခေါ်မှုက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြဿနာကို ထည့်သွင်းစဥ်းစားရေးဆွဲထားကြရပါမယ်။အာရက္ခဒေသဟာ နှစ်ပေါင်း ၇ဝ ကျော်ထိ သဘာဝပတ်ဝန်း ကျင်တွေ စနစ်တကျဖျက်ဆီးခံခဲ့ရပါတယ်။ အာရက္ခဒေသမှာ သစ်တောပြုန်းတီးမှုတွေ၊ဒီရေတောပြုန်း တီးမှုတွေ၊မြစ်ချောင်းတွေရဲ့ဂေဟစနစ်ပျက်စီးမှုတွေဟာ အလွန်ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပါတယ်။အဲဒီ အရာတွေကို အချိန်မှီပြုပြင်ထိန်းနိုင်သိမ်းတာတွေမပြုလုပ်နိုင်ရင်တော့ ဂေဟစနစ်ပျက်စီးမှုတွေရဲ့နော က်ဆက်တွဲ သားငါးရှားပါးမှုအန္တရာယ်တွေပါ ရင်ဆိုင်လာရနိုင်ပါတယ်။

အာရက္ခဒေသဟာ နဂိုကတည်းကသဘာ၀ဘေးအန္တရာယ်တွေ ထူပြောရာအရပ်ဒေသဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်၊သစ်တောပြုန်းတီးမှုဒဏ်တွေကိုမထိန်းချုပ်နိုင်ရင် အာရက္ခဒေသမှာ သဘာဝဘေးဒဏ်တွေ၊ရေကြီးမှုဒဏ်တွေကို အာရက္ခပြည်သူလူထုအားလုံး ပိုမိုကြုံတွေ့ခံစားလာရနိုင် ပါတယ်။အာရက္ခဒေသကဒီရေတောတွေ ပြန်မစိုက်နိုင်ရင် မုန်တိုင်းအန္တရာယ်တွေ ပိုကြုံလာရနိုင်ပါ တယ်။ဒါကြောင့် အာရက္ခတိုင်းပြည်တည် ဆောက်ရေးမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးပြဿနာကို မဖြစ်မနေထည့်သွင်း စဉ်းစားကြရပါမယ်။

အာရက္ခပြည်လွတ်မြောက်ရေးစစ်ပွဲမှာ ပျက်စီးသွားတဲ့မြို့ရွာတွေကို တည်ဆောက်တဲ့အခါလည်း သ ဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့၊ဂေဟစနစ်နဲ့လိုက်လျောညီထွေဆုံးဖြစ်တဲ့ နည်းလမ်း တွေသာကို စဉ်းစားကြရပါမယ်။အာရက္ခပြည်တည်ဆောက်ရေးအတွက် သဘာဝသယံဇာတကို အားကိုးတဲ့လူ့အဖွဲ့အစည်းထက် လူသားအရင်းအမြစ်ကိုအားကိုးတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင်တည်ဆော က် ကြရပါမယ်။

ခိုင်စစ်သွီး ရေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here