စစ်ကောင်စီရဲ့ဓါးစားခံလှောင်ချိုင့်ထဲမှ အသက်လုထွက်ပြေးလာခဲ့ရသူတွေ
လင်းခိုင် ရေးပါတယ်။
Border News Agency
စစ်တွေ၊ဇန်နဝါရီ ၂၇။
“ရေစပ်နားကူးတို့ရုံကို မြင်နေရပြီ၊ရောက်တော့မယ်။ဟိုဖက်ကမ်းရောက်ရင်လွတ်ပြီ။အဲမှာ ဝုန်းခနဲ့ထပေါက်တာ၊ကျနော်လွင့်ထွက်သွားတယ်။”
“(လွင့်)စင်ပြီး ခဏနေရင်ထိုင်ကျလာတယ်။အကုန်လုံးသွေးပြင်ဖြစ်သွားတယ်။လက်ပါသွားပြီထင်တာ၊လက်မှာအကြောတွေ၊အရိုးတွေမြင်နေရတာကိုး၊လက်ကိုအင်္ကျီနဲ့စည်းလိုက်ပြီးထတယ်။ထကြည့်တော့ထမရောက်တော့ ဘူး။ခြေပြတ်သွားပြီ။”
အသက်သုံးဆယ်လေးနှစ်အရွယ်ကို၀င်း(အမည်လွှဲ)က ဒူးအောက်နှစ်လက်မ၀န်းကျင်ကနေဖြတ်ထားရတဲ့သူရဲ့ဘယ်ဖက်ခြေထောက်ကိုလက်နှစ်ဖက်နဲ့ကိုင်မြောက်ပြကာပြောပြပါတယ်။
အရပ်သားပြည်သူတွေကို မြို့တွင်းထဲပိတ်လှောင်၊ဖမ်းဆီး၊ထောင်ချ၊သတ်ဖြတ်တာတွေဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီရဲ့ထိန်းချုပ်နယ်မြေစစ်တွေကနေခိုးထွက်လာကြတုန်းကြုံခဲ့ရတဲ့အဖြစ်အပျက်ကို ပြန်ပြောပြတာဖြစ်ပါတယ်။
ကို၀င်းဟာ စစ်တွေမြို့ထဲပိတ်လှောင်ခံထားရတဲ့ အရပ်သားပြည်သူသောင်းနဲ့ချီတွေထဲကတဦးဖြစ်ပြီး မြို့တွင်းကနေခိုးထွက်ကြစဉ်စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြုပ်မိုင်းကိုနင်းမိကာခြေထောက်တဖက်ဆုံးရှုံးခဲ့ရသူဖြ စ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ဧပြီလ ၂၀ ရက်နေ့ညမှာ စစ်တွေမြို့ထဲအတင်းအကြပ်သွင်း၊ပိတ်လှောင်ခံထားရတဲ့မွေးကင်းစကလေးတွေ၊ကိုယ်၀န်ဆောင်တွေ၊သက်ကြီးရွယ်အိုတွေအပါအ၀င် လူနှစ်ရာကျော်နဲ့အတူ စစ်ကောင်စီဂိတ်၊စခန်းတွေကိုရှောင်ကွင်းကာ ခြေကျင်ခရီးနှင်ခိုးထွက်လာခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလို လွတ်မြောက်ရာဆီခိုးထွက်ကြတဲ့ခရီးကြမ်းထဲ စစ်ကောင်စီတပ်ထောင်ထားတဲ့မြေမြုပ်မိုင်းနင်းမိလို့ ကိုသန်း၀င်းအပါအ၀င်လေးဦးထက်မနည်းပြင်းထန်ဒဏ်ရာရခဲ့ကြပြီးသုံးဦးသေဆုံးခဲ့ရပါတယ်။
အဲဒီအပြင် ပြေးမလွှတ်ခဲ့ဘဲ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီး၊သတ်ဖြတ်တာခံခဲ့ရသူလည်း နှစ်ဦးရှိခဲ့တယ်လို့ မိသားစု၀င်တွေက BNAကို ပြောကြပါတယ်။
အဲဒီလိုမြေမြုပ်မိုင်းနင်းမိလို့ ပေါက်ကွဲသေဆုံးခဲ့ရသူတွေထဲမှာကိုသန်၀င်းရဲ့တူတဦး၊သက်ကြီးအမျိုးသမီးတဦးနဲ့ကလေးငယ်တဦးပါ၀င်ကာဒဏ်ရာရသူတွေထဲမှာခြေထောက်ပြတ်သွားသူနှစ်ဦးပါ၀င်ပါတယ်။
သမီးနှစ်ဦး၊ဇနီးတဦးနဲ့အတူ စစ်တွေမြို့၊ကျေးတော(ရွာမ)မှာနေထိုင်တဲ့ ကို၀င်းဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊သင်္ဘောကျင်းတွေမှာဂဟေဆော်(weld)တဲ့အလုပ်လုပ်ပြီး သက်မွေးနေခဲ့သူဖြစ်ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာမြို့တွေတမြို့ပြီးတမြို့ လက်လွှတ်လာရချိန် စစ်ကောင်စီက သူရဲ့ထိန်းချုပ်နယ်မြေတွေမှာလူဖမ်းပွဲစလုပ်လာတော့ကိုသန်း၀င်းတို့ စစ်တွေမြို့မှာမလုံခြုံတော့သလို မူလအလုပ်တွေလည်း မလုပ်ရတော့ပါဘူး။
အဲဒါကြောင့် ၂၀၂၄ နှစ်ဆန်း၊ဖေဖော်ဝါရီလမှာပဲမိသားစုကိုခေါ်ကာ အာရက္ခတပ်တော်ထိန်းချုပ်၊သိမ်းပိုက်ထားပြီဖြစ်တဲ့ စစ်ကောင်စီကင်းလွတ်နယ်မြေ၊ကုလားတန်မြစ်တဖက်ကမ်း ပေါက်တောမြို့နယ်ဆီ တိမ်းရှောင်ခဲ့ကြပါတယ်။
အဲဒီတုန်းကလည်း စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုတွေကြားထဲမှခိုးထွက်ခဲ့ကြရတာဖြစ်ပြီးခုအခြေ အနေလောက်ထိတော့မဆိုးဝါးသေးဘူးလို့ဆိုပါတယ်။
“အဲတုန်းက မြစ်ကြောင်းအတိုင်း စက်လှေနဲ့ခိုးထွက်လို့ရသေးတယ်။“လို့ကိုသန်း၀င်းက ဆိုပါတယ်။
ပေါက်တောမြို့နယ်အတွင်းမှ နီးစပ်ရာကျေးရွာမှာ စစ်ဘေးရှောင်ဘ၀နဲ့ ရက်အတန်ကြာနေရင်း အလုပ်မရှိ၊၀င်ငွေမရှိတော့ စိတ်တွေမွန်းကြပ်လာပြီး စစ်တွေကိုပြန်လာခဲ့တယ်လို့ သူကပြောပါတယ်။
“အလုပ်မရှိ အကိုင်မရှိ၊စိတ်မွန်းကြပ်တော့၊အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေ သွားထုတ်မယ်ဆိုပြီး (စစ်တွေကို)ပြန်ထွ က်လာခဲ့တာ။“လို့ ကို၀င်းက ဆိုပါတယ်။
ကို၀င်း စစ်တွေကျေးတော(ရွာမ)ပြန်ရောက်ချိန် အခြေအနေက အရင်ကထက်ပိုဆိုးနေပြီ၊စစ်ကောင်စီတပ်သား တွေ နေ့ရောညပါရွာထဲ စစ်ကြောင်းလာထိုး၊တွေ့သမျှလူကို ဖမ်းဆီးနေပြီ၊ရွာမှာလည်း ပုန်းလျှိုးကွယ်လျှိုးနေကြတဲ့ လူဆယ်ဂဏန်းသာရှိတော့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ကို၀င်းနဲ့ ရွာထဲရှိနေတဲ့ အပေါင်းအဖော်တစု(ခြောက်ယောက်)ထပ်မံတိမ်းရှောင်ဖို့ ထွက်ပေါက်ရှာကြရတော့တယ်။
ရေလမ်းကနေ စက်လှေနဲ့ မြစ်ကူးပြေးဖို့ အကြိမ်ကြိမ်ကြံစဥ်ကြိုးစားခဲ့ကြပေမယ့်မအောင်မြင်ခဲ့ကြဘဲ စစ်ကောင်စီတပ်သား၊စစ်ကောင်စီဩဇာခံ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့၀င်တွေနဲ့တိုးပြီး ပြေးရပုန်းရပြန်တယ်လို့ ဆိုပါတယ်။
“စက်လှေနဲ့ကူးဖို့ နှစ်ခေါက်သုံးခေါက်လောက်လုပ်တယ်။နောက်ဆုံးတခေါက်ဆို လဗွီ(ALP တပ် ဖွဲ့၀င်)တွေလိုက်ဖမ်းလို့ တညလုံးပြာတော(မြစ်ကမ်းစပ် ဒီရေတော)ထဲအိပ်ခဲ့ရတယ်။“လို့ ကို၀င်းက ပြောပြပါတယ်။
နောက်တော့ စစ်တွေကနေ အပြင်ထုတ်ပေးနေတဲ့ပွဲစားတယောက်နဲ့အဆက်အသွယ်ရလာပြီး အတူလိုက်ထွက်ကြဖို့ဆုံးဖြတ်လိုက်ကြတယ်။
“ရွာမှာ နေလို့လုံး၀အခြေအနေမကောင်းဘူး။ဖြစ်ချင်ရာဖြစ်ဆိုပြီးထွက်လာကြတာ။“လို့ ကိုသန်း၀င်းတို့နဲ့အတူ စစ်တွေကနေထွက်လာခဲ့သူတဦးက ပြောပါတယ်။
သူတို့ရဲ့စုရပ်မှာလူစုကြတယ်။တဖြေး ဖြေးနဲ့လူများသထက်များလာပြီးလူ ၂၆၀ ဝန်းကျင်ထိဖြစ်သွားခဲ့ပါတယ်။စစ်တွေမြို့ရပ်ကွက်စုံမှပြည်သူတွေ မြို့ပြင်ထွက်တိမ်းရှောင်ကြဖို့လာစုကြတာဖြစ်ပါတယ်။
“လူတအားများတော့ ကျနော်တို့ ကျန်ခဲ့ဖို့လုပ်သေးတယ်။သုံးယောက်ကလိုက်ချင်တော့ သွားရင်လည်း အတူသွား ကြမယ်။သွားကွာဆိုပြီး လိုက်လာတာ။“လို့ ကို၀င်းကပြောပါတယ်။
အဲဒီနှစ်ရာကျော်လူအုပ်ဟာ လမ်းတလျှောက်ရှိစစ်ကောင်စီဂိတ်သုံးကို သ တိမထားမိစေဘဲရှောင် ကွင်းလာနိုင်ခဲ့ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေ ပုဏ္ဏားကျွန်းမြို့နယ်ဖက်ခြမ်းရောက်ဖို့ ချောင်းတခုသာကူးစရာလိုတော့တဲ့ ကန့်ကော်ကျွန်းရွာအနီးမှာတော့ စစ်ကောင်စီတပ်ကသတိထားမိသွားခဲ့တာလို့ ဆိုပါတယ်။
ညည့်အချိန်ခြေသံလုံလုံနဲ့ တိတ်တဆိတ်သွားလာနေခဲ့တဲ့ လူအုပ်ထဲကနေအသံတခုထွက်လာတာကြောင့် ကန့်ကော်ကျွန်းရွာထဲရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ မိသွားခဲ့တာဖြစ်ပါတယ်။
“မိန်းမတယောက်၊ကလေးချီလို့၊အိုးခွက်ထုပ်ထင်တယ်။ဂွမ်းခနဲပြုတ်ကျလာတော့ ကလေးက ငိုတော့တာပဲ။ငိုသံကြားတော့”ငါလိုးမသားတွေ”ဆိုပြီး ခွေး(စစ်ကောင်စီတပ်သား)တွေက လိုက်ပစ်တော့တာ၊စီးပစ်ပစ်ပြီး(ဖမ်းဖို့)လိုက်တယ်။”
“ကျနော်တို့လည်းပြေးတယ်။အဲလိုပြေးတာမှာ မိုင်းတွေတလုံးပြီးတလုံးထပေါ က်တော့တာပဲ။”လို့ ကို၀င်းက ပြောပြပါတယ်။
ကန့်ကော်ကျွန်းရွာအနီး ချောင်းကမ်းစပ်တလျှောက် အလုအယက်ပြေးလွှားနေကြတဲ့ လူအုပ်ထဲ မြေမြုပ်မိုင်း ဆယ်လုံးထိပေါက်ကွဲခဲ့တယ်လို့ ကိုသန်းဝင်းအပါအ၀င် ကိုယ်တိုင်ကြုံခဲ့ရသူတွေက BNA ကို ပြန်ပြောပြကြပါတယ်။
ကို၀င်း မိုင်းထိပြီးမိနစ်ပိုင်းအကြာမှာပဲ အသက်ခြောက်ဆယ်၀န်းကျင်အရွယ် အမျိုးသမီးကြီးတဦး ထပ်နင်းမိပြီး ခဏအကြာမှာ သေဆုံးသွားတယ်လို့ ဆိုကြပါတယ်။
အဲဒီအနီး၀န်းကျင်ကန်သင်းရိုးပေါ်က အမျိုးသားတဦးနဲ့ကလေးငယ်တဦးဟာ အဲဒီမြင်ကွင်းကို ကြောင်ကြည့်နေကြပြီး ခဏနေတော့ကလေးက မိုင်းထိသွားတဲ့အဘွားဆီ ပြေးသွားပါတော့တယ်။
“အဲဒီကလေးတယောက်(မိုင်းထိနေတဲ့)သူ့အဘွားဆီသွားတာထင်တယ်။အုန်းခနဲပေါက်တယ်။ကလေး ဘယ်ကို(လွင့်)စင်သွားမှန်းမသိဘူး။အစအနမရလိုက်ဘူး။”လို့ကို၀င်းက သူမြင်ခဲ့ရတာတွေကို ပြန်ပြောပြပါတယ်။
ကို၀င်းကတော့ အရိုးမရှိတော့ဘဲ အရေပြားနဲ့အသားစအနည်းငယ်သာတွဲလောင်းကျန်နေတော့တဲ့ သူရဲ့ ခြေ ထောက်ကို ပုဆိုးနဲ့ပတ်စည်းကာ ဟိုဖက်ကမ်းဆီရေကူးပြေးခဲ့တယ်လို့ ဆိုပါတယ်။
“ငါတော့ ပြန်မတက်တော့ဘူး။သူတို့ဆီမှာ အဖမ်းမခံတော့ဘူး။မြုပ်(နစ်)သေရင်သေပါစေတော့ဆိုပြီး ခုန်ဆင်းလို က်တယ်။ခဏလောက်မြုပ်(နစ်)နေသေးတယ်။ကျနော်၊ပြီးမှပေါ်လာတာ၊ဇောနဲ့ ရေကူးတယ်။မြုပ်(နစ်)တယ်။ဆူးတောထဲရောက်သွားတယ်။”လို့ ကို၀င်းက ပြောပါတယ်။
ဟိုဖက်ကမ်းရောက်တော့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့၀င်တွေနဲ့ တွေ့ပြီးတွဲခေါ်သွားကာ ဆေးရုံပို့ပေးကြလို့ ဆေးကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။
“ကိုယ့်လူ(AA)တွေ ကယ်လို့။မဟုတ်ရင်သေတယ်။”လို့ သူက ပြောပါတယ်။
လူပေါင်း ၂၆၀ ၀န်းကျင်ပါသောကိုသန်း၀င်းတို့အဖွဲ့ထဲမှ လူသုံးဆယ်၀န်းကျင်သာ စစ်ကောင်စီကင်းလွတ်နယ်မြေတဖက်ကမ်းကိုကူးရောက်နိုင်ခဲ့ပြီး ကျန်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့အဲဒီအဖွဲ့မှာပါခဲ့သူတွေက ပြောကြပါတယ်။
ကို၀င်းနဲ့အတူပါလာတဲ့ ကျေးတော (ရွာမ)မှ ခြောက်ယောက်ထဲမှာလည်း လေးယောက်သာ ကမ်းကူးလွတ်လာခဲ့ကာ တယောက်ကကမ်းကူးလာပြီးမကြာခင်မှာ မိုင်းထိဒဏ်ရာနဲ့သေဆုံးသွားခဲ့ပါတယ်။
ကမ်းကူးလာနိုင်သူကျန်သုံးယောက်ထဲမှာ နှစ်ယောက်ကခြေထောက်တဖက်စီပြတ်သွားခဲ့ကာ ကျန်တယောက်လည်း အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပိစခန်းရှိရာ ကံ့ကော်ကျွန်းရွာဖက်မှာ ကျန်နေခဲ့သူ နှစ်ယောက်ကတော့ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီးသတ်ဖြတ်ခံခဲ့ရတယ်လို့ မိသားစု၀င်တွေက ကြားသိရတဲ့သတင်းကို ပြောပြကြပါတယ်။
“၀မ်းနည်းမိတယ်။ကိုယ်သာမိုင်းမထိခဲ့ဘူးဆိုရင် လူတွေကိုကယ်နိုင်ခဲ့သေးတယ်။အခုကကိုယ် (ခြေပြတ်သွားတော့ကယ်လည်း မကယ်နိုင်ခဲ့ဘူး။”လို့ စစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းကြောင့် ခြေထောက်တဖက်ပြတ်သွားပြီးလွတ်မြောက်နယ်မြေရောက်လာခဲ့တဲ့ ကို၀င်းက ဆွေးဆွေးမြည့်မြည့် ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရသူတွေထဲကအများစုဟာ ပိုက်ဆံပေးလွတ်လာပေမယ့်တချို့ကတော့ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ စစ်တွေမြို့မှာကျန်နေခဲ့သူတွေက ပြောကြပါတယ်။
“သတ်ပစ်တာလည်း မနည်းဘူး။မလွတ်လာသေးသူတွေလည်း အများကြီး။”လို့ စစ်တွေမြို့နယ်၊ဗျိုင်းဖြူရွာမှ မြို့တွင်းထဲ အတင်းသွင်းပိတ်လှောင်ခံထားရသူ အမျိုးသမီးတဦးက ပြောပါတယ်။
အာရက္ခဒေသမှာ စစ်တွေ၊ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်ကိုသာ ထိန်း ချုပ်နိုင်တော့တဲ့ စစ်ကောင်စီဟာ စစ်တွေမြို့နယ်ရှိ ကျေးရွာပေါင်းနှစ်ဆယ်နီးပါးမှ ပြည်သူတွေအားလုံးကို အတင်း အကြပ်ဖမ်းဆီးကာ မြို့တွင်းထဲ ပိတ်လှောင်ထားတာဖြစ်ပါတယ်။
အဲဒီလို မြို့တွင်း ပိတ်လှောင်ထားသလို မြို့ပတ်လည်က ကုန်းလမ်း၊ရေလမ်းထွက်ပေါက်တွေအားလုံးကိုလည်း ဂိတ်စခန်းတွေချပိတ်ထားပြီး မြစ်ဆိပ်၊ချောင်းဆိပ်နံယောင်တလျှောက်မှာလည်း မြေမြုပ်မိုင်းတွေ ထောင်ထား တယ်လို့ မျက်မြင်ဒေသခံတွေက ပြောကြပါတယ်။
“ရှိသမျှရွာတွေအကုန်လုံး မြို့ထဲသွင်းထားတာ။မြို့ထဲမှာ လုပ်စားလို့လည်းမရ။ထမင်းတနပ်စားဖို့ မလွယ်ဘူး။မိသားစုတစုထမင်းစားဖို့အတွက်သုံးလေးသောင်းကုန်တယ်။ငတ်နေကြတာပဲ။စစ်တွေမြို့ထဲကလူတွေက ထောင် ကျနေသလိုပဲ။”လို့ စစ်တွေမြို့ဘုန်းတော်ကြီးကျောင်းတခုမှာ ခိုလှုံနေရတဲ့ ရွှေပြည်သာရွာမှ ရွာသားတဦးက ပြောပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ရ သေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြိုနယ်သာကျန်နေပြီး အဲဒီမြို နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြစ်နေတယ့် အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီသုံးမြို့နယ်အတွင်းက ပိတ်မိကျန်နေကြတဲ့အရပ်သားပြည်သူတွေကို စစ်ကောင်စီက လွတ်လပ်စွာသွားလာခွင့်တွေတားဆီးကန့်သတ်ပိတ်ထားတာမို့ဘေးကင်းလုံခြုံရာသို့ ရှောင်တိမ်းခွင့်ပင် မရကြဘူးလို့ ဆိုကြပါတယ်။
“မြို့မှာရှိတဲ့လူတွေကို တိုက်ပွဲဖြစ်လာရင် ထိခိုက်အောင် ဓါးစာခံပိတ်လှောင်ထားတယ်ဆိုတာက ကောက်ကျစ်စဉ်းလဲတဲ့ လုပ်ရပ်တွေလို့ ပြောချင်တယ်။လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။” လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တက်သူများအသင်း ဒါရိုက်တာဦးမြတ်ထွန်းကပြောပါတယ်။
အဲဒီအပြင် စစ်ကောင်စီအနေနဲ့စစ်ကိုစစ်နဲ့တူအောင်မတိုက်ဘဲ ပြည်သူကိုအဓိကထားပစ်မှတ်ထားတိုက်ခိုက် တယ်ဆိုတာဟာ မြန်မာနိုင်ငံကပါ၀င်လက်မှတ်ရေးထိုးထားတဲ့ ဂျီနီဗာကွန်ဗင်းရှင်းကို ဖောက်ဖျက်တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီဖမ်းဆီး၊သတ်ဖြတ်တာတွေအပါအဝင် တိုက်ပွဲဖြစ်လာရင်ထိခိုက်မှာစိုးလို့ ထွက်ပြေးလာခဲ့တဲ့ ကို၀င်းကတော့ စစ်ကောင်စီတပ်ထောင်ထားတဲ့မြေမြုပ်မိုင်းကြောင့်ဆုံးရှုံးခဲ့ရတဲ့သူ့ရဲ့ခြေတဖက်အတွက် တရားမျှတမှုလိုချင်တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီကိုတော့ လုံး၀မကျေနပ်ဘူး။သူတို့လုပ်လို့ ပြတ်သွားရတာ ကျနော့်ခြေထောက်။အဲဒီကောင်တွေကို အရှင်ရရအသေရရစားဆိုလည်းစားပစ်မှာပဲကျနော်က။”လို့ ဆိုပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ် ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လည်တည်ဆောက်ရေးတွေလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်က ပြည်တွင်းရေးကို နိုင်ငံရေးနည်းနဲ့ဆွေးနွေးအဖြေရှာမယ်လို့ ထုတ်ပြန်ထားသလို စစ်ကောင်စီကလည်း နိုင်ငံရေးအရဆွေးနွေးအဖြေရှာဖို့အမြဲတမ်းအသင့်ရှိတယ်ပြောဆိုထားပေမယ့် စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်လက်ကျူးလွန်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီကို၀င်းဟာလည်းအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ သူ့မိသားစုနဲ့အတူ စစ်ဘေးရှောင်အဖြစ်နေထို င်နေပါတယ်။
ဒါပေမယ့် သူဟာအရင်လို သူ့ရဲ့ပုံမှန်ဘဝ၊ပုံမှန်အခြေအနေတွေကို ပြန်မရနိုင်တော့တာမို့ သူ့ဘဝ၊သူ့မိသားစုရှင်သန်ရပ်တည်ရေးတွေအတွက် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပေးချင်သေးတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မသန်တော့ပေမယ့်စွမ်းနိုင်သေးသူဖြစ်တယ်ဆိုတာကိုပြသဖို့အတွက် ပြန်လည်သန်စွမ်းရေးအ ထောက်အကူပြုပစ္စည်းတွေ အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။
သူဟာ အရင်ပုံမှန်ကာလတွေတုန်းက ဘောလုံးကန်တာ၊ခြင်းခတ်တာဝါသနာထုံခဲ့သူမို့ ခြေထောက်တဖက်မရှိတော့တဲ့အတွက် အားမလိုအားမရဖြစ်နေတယ်လို့ ပြောပါတယ်။
“သူများတွေ ဘော်လုံးကန်တာမြင်ရင်ကန်ချင်တယ်။ခြေတုနဲ့ဆိုရင်တော့ ကန်လို့ရအုံးမယ်ထင်တယ်။အဖွဲ့အစည်းတွေဆီက ခြေတုလေးဘာလေးရရင်တော့လိုချင်တယ်။”လို့သူ့ဆန္ဒကိုပြောပြပါတယ်။
အာရက္ခပြည်လွတ်မြောက်ရေးစစ်ပွဲမှာကိုဝင်းအပါအဝင် အာရက္ခပြည်သူတွေဟာ အသက်တွေ၊ဘဝတွေ၊ကိုယ် လက်ခန္ဓာတွေ၊ပိုင်ဆိုင်မှုတွေကိုလည်း ပေးဆက်ဆုံးရှုံးထားရတာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာအာရက္ခပြည်လွတ်မြောက်ရေးကို မဖြစ်မနေယူဆောင်ပေးရတော့မယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် ကိုဝင်းအပါအဝင် အာရက္ခပြည်သူတွေရဲ့အသက်တွေ၊ဘဝတွေ၊ကိုယ်လက်ခန္ဓာတွေ၊ပိုင်ဆိုင်မှုတွေကိုဖမ်းဆီးသတ်ဖြတ်ဖျက်ဆီးစစ်ရာဇဝတ်မှုတွေကျးလွန်ထားကြတဲ့စစ်ကောင်စီကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အပြင်းထန်ဆုံးအပြစ်ပေးအရေးယူမှုတွေလည်း မဖြစ်မနေပြုလုပ်ပေးဖို့လိုအပ်တယ်လို့ အာရက္ခပြည်သူတွေက တောင်းဆိုကြပါတယ်။
ကိုဝင်းအပါအဝင် စစ်တွေမြို့နယ်မှအာရက္ခပြည်သူလူထုရဲ့ အသက်တွေ၊ဘဝတွေ၊ကိုယ်လက်ခန္ဓာတွေ၊ပိုင်ဆိုင်မှုတွေအတွက် စစ်ကောင်စီကို အပြီးသတ်တိုက်ထုတ်ပြီး စစ်တွေမြို့နယ်ကို အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်မယ့်နေ့တွေကို မျှော်လင့်စောင့်စားနေတယ်လို့ကိုဝင်းက ဆိုပါတယ်။