စတုတ္ထမဏ္ဍိုင်ပီပြင်ဖို့ ပြုပြင်ရမည့်သတင်းမီဒီယာကျင့်ဝတ်များ

By

ဇာနည်ရေးသည်။

ရခိုင်သတင်းမီဒီယာများ

“မီဒီယာဟာ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံးဖြစ်တယ်။အပြစ်မဲ့သူကို အပြစ်ရှိသူဖြစ်အောင်၊အပြစ်ရှိ သူကိုအပြစ်မဲ့သူဖြစ်အောင်လုပ်နိုင်တဲ့စွမ်းအားရှိတယ်။ဘာကြောင့်လဲဆိုတော့ သူတို့ဟာလူထုရဲ့စိတ် ကိုချုပ်ကိုင်ထားနိုင်လို့ပဲ”ဟုအမေရိကန်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် Malcolm X က ပြောခဲ့ဖူးသည်။

Malcolm X ၏စကားတွင် စဉ်းစားချင့်ချိန်စရာများစွာပါဝင်သည်။သတင်းမီဒီယာများသည် ပြည်သူလူထု၏စိတ်ကိုချုပ်ထိန်းထားနိုင်သလိုပင်၊သမိုင်းနှင့်နေ့စဉ်လူနေမှုဘဝပေါင်းများစွာတွင်လည်းသက်ရောက်မှုကြီးမားသည်။

အထူးသဖြင့် နိုင်ငံရေး၊စစ်ရေးပဋိပက္ခများ၊စီးပွားရေး၊ပညာရေးကဲ့သို့သော ပြည်သူလူထုနှင့်သက်ဆိုင်သောကဏ္ဍများတွင် သတင်းမီဒီယာများသည် လူ့အဖွဲ့အစည်းကို ပိုမိုကိုင်လှုပ်နိုင်စွမ်းရှိသည်။

သတင်းတပုဒ်ကိုဖတ်မိလိုက်သည်နှင့်လူတစ်ယောက်သည် နဂိုရှိသောခံစားချက်မှပျော်ရွှင်သွားနိုင်သည်။ဒေါသထွက်သောအဖြစ်သို့ ပြောင်းသွားနိုင်သည်။ထို့အပြင် သတင်းများကြောင့် နေ့စဉ်လူနေမှုဘဝများတွင် အကြမ်းဖက်မှုများ ပဋိပက္ခများတိုးလာနိုင်သလို၊သတင်းများကြောင့်ပင် အပြုသဘောဆောင်ပြီး ဖွံ့ဖြိုးတိုးတက်သောလူမှုအဖွဲ့အစည်းတည်ဆောက်ရန် အကျိုးဖြစ်ထွန်းစေနိုင်သည်။

ထို့ကြောင့်လည်း အာဏာရှင်များသည် သတင်းမီဒီယာများကိုပိုမိုသတိထားပြီး ဖိနှိပ်နေခြင်းဖြစ်သည်။

ယခင်က သတင်းမီဒီယာများသာ မီဒီယာရေစီးကြောင်းတွင် အဓိကဦးဆောင်ခဲ့သော်လည်း ယနေ့ခေတ်တွင် သတင်းမီဒီယာများနှင့်အပြိုင် ဝါဒဖြန့်မီဒီယာများ၊ဖျော်ဖြေရေးမီဒီယာများနှင့်အညှီအဟောက်မီဒီယာများ(yellow media)မှာ အပြိုင်ပေါ်လာခဲ့သည်။

သို့သော်လည်း သတင်းမီဒီယာများရပ်တည်နိုင်ရေးအတွက် များပြားသောစိန်ခေါ်မှုများနှင့်ရင်ဆိုင်နေကြရသည်။တဖက်တွင်လည်း သတင်းစာပညာဖြင့်ပြည်သူ့အကျိုးပြုရေးအတွက် သတင်းမီဒီယာများမှ ကြိုးစားတင်ဆက်နေကြသည်။

သတင်းမီဒီယာတွေကြုံနေရသည့်အခက်အခဲ


၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီမှ သတင်းသမားအပေါ်တွင် ဖိနှိပ်မှုများမှာတိုးလာခဲ့သည်။သတင်းမီဒီယာဌာနအများစုသည် ပြည်ပကိုတိမ်းရှောင်ရကာ ပြည်တွင်းထဲရှိ သတင်းထောက်အများစုမှာလည်း စစ်ကောင်စီ၏ဖမ်းဆီးခြင်းနှင့် ဖိနှိပ်ခြင်းများကိုခံနေကြရသည်။

လွတ်လပ်စွာသတင်းရယူခွင့်များသည် ပြစ်မှုတစ်ခုလိုဖြစ်လာကာ သတင်းထောက်များကိုလည်း ခြေရာခံဖမ်းဆီးလာသည်များပင်ရှိသည်။

ထို့ကြောင့်ပင် အချို့သတင်းထောက်များမှာ မီဒီယာလောကမှထွက်ခွာကာ အခြားသက်မွေးဝမ်း ကြောင်း နယ်ပယ်များကိုကူးပြောင်းသွားကြသည်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)မှ အာဏာသိမ်းပြီးလေးနှစ်ကျော်ကာလအတွင်း သတင်းသမားနှစ်ရာကျော်မှာ စစ်ကောင်စီ၏ဖမ်းဆီးခြင်းခဲ့ရသည်ဟု ထုတ်ပြန်သည်။

ထိုဖမ်းဆီးခြင်းခံရသော သတင်းသမားများထဲတွင် သတင်းသမား ၄၃ ယောက်မှာ ၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ ၂၅ ရက်နေ့ထိ စစ်ကောင်စီ၏ဖမ်းဆီးခြင်းကိုခံနေရဆဲဖြစ်သည်ဟု IPCM ၏ ထုတ်ပြန်ချက်က ဆိုသည်။

သတင်းစာဆရာများကာကွယ်ရေးကော်မတီ CPJ မှလည်း မြန်မာနိုင်ငံသည် သတင်းစာဆရာများကို ဖမ်းဆီးအကျဉ်းချရာတွင် ကမ္ဘာ့အဆိုးဆုံးနိုင်ငံများထဲတွင်ပါဝင်သည်ဟု ဖော်ပြသည်။

အခြားတဖက်တွင်လည်း သတင်းမီဒီယာအများစုမှာ အလှူရှင်အဖွဲ့အစည်းများ၏ရန်ပုံငွေအပေါ် မှီ၍ ရပ်တည်နေကြရခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ သတင်းမီဒီယာအများစုကို ထောက်ပံ့ထားသော USAID ရပ်ဆိုင်းခြင်း၏နောက်ဆက်တွဲတွင် သတင်းမီဒီယာများရပ်တည်နိုင်ရေးမှာပိုမိုခက်ခဲလာကြသည်။

ထို့အပြင် ပြည်တွင်းတွင်လည်း တိုးပွားလာသောတိုက်ပွဲများနှင့်ဖုန်း၊အင်တာနက်၊ဆက်သွယ်ရေးအခက်ခဲအခြင်းများကြောင့် သတင်းရရှိဖို့ စိန်ခေါ်မှုများမှာ ပိုတိုးလာသည်။

လက်နက်ကိုင်တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေများနှင့်တိုက်ပွဲဖြစ်နေသောနေရာများရှိသတင်းသမားများမှာ လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်ခံရမှုများ၊ဖမ်းဆီးခံရခြင်းကိုပါ ကြုံနေရသည်။

လျော့ရဲလာသော သတင်းကျင့်ဝတ်နှင့် ပရိုဖက်ရှင်နယ်မပီသမှုများ


သတင်းသမားကောင်းတယောက်အတွက် သတင်းသမားကျင့်ဝတ်မှာ အဓိကလိုက်နာကျင့်သုံးရသည့် သံမဏိစည်းမျဥ်းဖြစ်သည်။

ထို့အပြင် သတင်းမီဒီယာကောင်းတခု၏ဂုဏ်သိက္ခာမှာ ပွင့်လင်းမြင်သာမှုရှိမှုနှင့်တာဝန်ယူမှု ဝာာဝန်ခံမှုပင်ဖြစ်သည်။

သို့သော်လည်း လက်ရှိကြုံနေရသော နိုင်ငံရေးအခင်းအကျင်းများတွင် သတင်းမီဒီယာများကိုယ်တိုင်က ပရိုဖက်ရှင်နယ်မပီသသောလုပ်ရပ်များနှင့်ဂုဏ်သိက္ခာကင်းမဲ့သောလုပ်ရပ်များကို ပေါ်ပေါ်ထင်ထင်ပြု လုပ်လာကြသည်။

အာဏာသိမ်းမှုနောက်ပိုင်းတွင် သတင်းမီဒီယာများအချင်းချင်းချိတ်ဆက်ပြီးဆောင်ရွက်မှုနည်းပါးလာခြင်း၊ထိတွေ့မှုနည်းပါးခြင်းများကလည်း သတင်းမီဒီယာများ၏ကျင့်ဝတ်မလိုက်နာမှုကို ပိုတိုးလာသည့် အချက်တခုဖြစ်သည်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင်လည်း ကျင့်ဝတ်ထက်နိုင်ငံရေးရပ်တည်ချက်က ပိုမိုအရေးကြီးသည်ဆိုသည့်ယုံကြည်ချက်များက သတင်းသမားများအား ကျင့်ဝတ်ထက်နိုင်ငံရေးခံယူချက်ကပိုအ လေးပေးရန်တွန်းအားတခုဖြစ်စေသည်။

အခြားအကြောင်းအရာတခုမှာလည်း သတင်းမီဒီယာများအပေါ်အထောက်အပံ့ရရှိမှုနည်းပါးလာခြင်းမှာ Facebook၊ YouTubeကဲ့သို့ လူမှုမီဒီယာ၊ဆိုရှယ်ပလက်ဖောင်းများ၏ဝင်ငွေကို သတင်းမီဒီယာများ မှီခိုလာရသည်။

လူမှုမီဒီယာများ၏ဝင်ငွေကို မှီခိုလာရခြင်း၏အကျိုးဆက်တွင် သတင်းမီဒီယာများသည် အရည်အသွေးထက် လူကြိုက်များရေးကိုသာဦးစားပေးလာကြရသည်။

အချို့သောသတင်းမီဒီယာများသည် လူကြိုက်များရေးနှင့်ဆိုရှယ်မီဒီယာတွင် like and share များရေးအတွက် သတင်းတုသတင်းမှားများကို ပေါ်ပေါ်ထင်ထင်ရေးသားခြင်း၊သတင်းတွင်သုံးသောကုတ်များကို အတုပြုလုပ်ခြင်း၊သတင်းရင်းမြစ်အတုများကိုသုံးပြီး သတင်းများကိုတင်ဆက်လာကြသည်။

တိကျခိုင်လုံမှုမရှိသည့် သတင်းများနှင့်သတင်းတုသတင်းမှားများကို ရေးသားဖော်ပြမိလျှင်လည်း အမှားပြင်ဆင်ချက်များပြုလုပ်ခြင်း၊သတင်းမှားတင်မိကြောင်းကို စာဖတ်သူအားပြန်အသိပေးခြင်း အားအယ်ဒီတာများနှင့်သတင်းထုတ်လုပ်မှုအပိုင်းကလျစ်လျူရှုထားလာကြသည်။

ထို့အပြင် သတင်းခန်းများသည် သတင်းဦးရေးအတွက်သာ ဦးစားပေးလာကြကာ၊အချက်အလက်အကိုးအကားများကိုစစ်ဆေးခြင်းနှင့်သတင်းအတည်ပြုခြင်းများကို လျော့ရဲစွာပြုလုပ်လာကြသည်။

သတင်းမီဒီယာများပေါ် ယုံကြည်မှုကျဆင်းလာသည့်အကြောင်းများ


သတင်းတခုဖြစ်ဖို့အရေးမှာ သတင်းခန်းတွင် အဆင့်အဆင့်ဖြတ်သန်းရသည်။သတင်းဖြစ်သောနေရာဒေသ၊သတင်းဖြေကြားသည့် သတင်းရင်းမြစ်၊သတင်းအတည်ပြုသူ၊သတင်းနှင့်ဆက်စပ်နေသူများအပါအဝင် ဆန့်ကျင်ဖက်အသံများကို သတင်းတွင်အသုံးပြုရသည်။

သတင်းတပုဒ်၏ အရည်အသွေးနှင့်တန်ဖိုးမှာ လျင်မြန်ရမည်နဲ့ မှန်ကန်တိကျရမည်မှာအဓိကဖြစ်သော်လည်း သတင်းမီဒီယာများသည် သတင်းဦးရေးကိုသာ အဓိကဦးစားပေးလာကြကာ မှန်ကန်တိကျရေးအတွက် သတင်းမီဒီယာကျင့်ဝတ်ကို ပေါ်ပေါ်ထင်ထင်လျစ်လျူရှုထားကြသည်။

ထို့အပြင် လက်ရှိနိုင်ငံရေးပဋိပက္ခများနှင့်တိုက်ပွဲများကြားတွင် သတင်းရယူရန်အခက်အခဲများစွာကို သတင်းထောက်များ ရင်ဆိုင်နေရသည်။

ပဋိပက္ခနှင့်တိုက်ပွဲဖြစ်နေသောဒေသများကို ဆက်သွယ်ရန် ဖုန်း၊အင်တာနက်လိုင်း အခက်အခဲများမှာလည်း ယခင်ကထက်ပိုများလာသည်။

ဤအကြောင်းအရာများ၏ နောက်ဆက်တွဲတွင် သတင်းမီဒီယာများကိုယ်တိုင် သတင်းမှန်ဖော်ပြမှုနှင့်တိကျသောသတင်းရရှိဖို့ နည်းပါးလာကြသည်။

တဖက်တွင်လည်း သတင်းရင်းမြစ်များ၏လုံခြုံရေးကြောင့် သတင်းရင်းမြစ်အချို့၏အမည်များကို ဖော်ပြခြင်းများမပြုလုပ်ကြရန် သတင်းမီဒီယာများမှနေ ပြုလုပ်လာကြသည်။

သတင်းရင်းမြစ်၏လုံခြုံရေးကိုကာကွယ်ပေးရမည်မှာ သတင်းစာပညာ၏မှန်ကန်သောလုပ်ထုံးလုပ်နည်းတခုဖြစ်သည်။

သို့သော် ပွင့်လင်းမြင်သာမှုမရှိသော သတင်းရင်းမြစ်များ၏နောက်ကွယ်တွင် သတင်းဖြစ်စဉ်နှင့်သက်ဆိုင်ခြင်းမရှိသောသတင်းရင်းမြစ်များနှင့်သမာသမတ်မကျသောသတင်းရင်းမြစ်များကို သတင်းမီဒီယာများမှနေသုံးစွဲလာကြသည်။

သတင်းမီဒီယာများသည် တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ကြီးဖြစ်သည်ဟု ကြွေးကြော်ကြသည်။

သို့သော်လည်း သတင်းမီဒီယာကြီးများကိုယ်တိုင် သတင်းမီဒီယာကျင့်ဝတ်ကိုလျော့ရဲစွာပြုလုပ်လာခြင်းနှင့်တိကျမှန်ကန်မှုမရှိခြင်း၊ဘက်လိုက်မှုရှိသောသတင်းများမှာပြည်သူလူထုကို သတင်းမှားဖြန့်ဖြူးရာရောက်စေသည်။

သတင်းဌာနတခုနှင့်တခုသတင်းရယူသောသတင်းရင်းမြစ်များမှာ တူညီမှုမရှိသော်လည်း မြေပြင်တွင်ဖြစ်ခဲ့သော ဖြစ်ရပ်များကိုဖော်ပြသောအခါတွင်မှန်ကန်တိကျမှုမှာ လိုအပ်သည်။

သို့သော်လည်း သတင်းဌာနကြီးများကိုယ်တိုင်ကပင် တိကျသေချာမှုမရှိသော သတင်းများကိုလည်း စိစစ်မှုမရှိပဲ ဖော်ပြလာကြသည်။

သတင်းမီဒီယာများမှတိကျမှန်ကန်မှုမရှိသော သတင်းများဖော်ပြလျှင် အရပ်သားပြည်သူများက ဝိုင်းဝန်းပြီးဝေဖန်ထောက်ပြကြသော်လည်း မီဒီယာများ၏အယ်ဒီတာများနှင့်သတင်းထောက်များကပင် ဝေဖန်ထောက်ပြမှုများကို လျစ်လျူရှုထားကြသည်။

ထို့အပြင် အမှားပြင်ဆင်ချက်များရေးသားခြင်း၊သတင်းမှားယွင်းဖော်ပြမိကြောင်းကို စာဖတ်ပရိတ်သတ်ကိုတောင်းပန််ခြင်းလုံးဝပြုလုပ်လေ့မရှိကြပေ။

သတင်းမီဒီယာများ၏ ကျဆင်းလာသောအရည်အသွေးနှင့်တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်းများသည် အများပြည်သူတို့၏လူမှုဘဝတွင်သက်ရောက်မှုကိုကြီးစေပါသည်။

တဖက်တွင် သတင်းသမားအများစုသည် သတင်းစာပညာဝမ်းစာမကြေမှုနှင့်လိုရာကောက်ချဆွဲတတ်သော Confirmation Bias ပိုမိုသုံးလာကြသည်။သတင်းမှန်ရရှိအောင် ကြိုးစားခြင်းထက် လူကြိုက်များ အောင်ပြုလုပ်လာကြသည်။

ဤအကျိုးဆက်များ၏ နောက်ကွယ်တွင် စစ်ကောင်စီ၏လူအခွင့်အရေးချိုးဖောက်မှုများအပါအဝင် ပြည်သူများပေါ်တွင် ကျုးလွန်နေသာစစ်ရာဇဝတ်မှုများကို အချက်အလက်ပြုစုရန် ပိုမိုခက်ခဲလာနိုင် သည်။

ထို့အပြင် စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များနှင့်စစ်ကောင်စီမီဒီယာများသည် ဒေသတွင်းသတင်းမီဒီယာများ၏သတင်းဖော်ပြမှုများကို မှားယွင်းဖော်ပြနေသည်ဆိုကာ ပိုမိုကျယ်ပြန့်သောဝါဒဖြန့်မှုချဲ့ထွင်လာကြသည်။

(တိကျခိုင်မာမှုနှင့်အချက်အလက်စီစစ်ရာတွင် မေးခွန်းထုတ်စရာရှိသောသတင်းအချို့ကို Border News Agencyမှသက်သေပြရန် ထုတ်နှုတ်ထားသည်။ Border News Agency၏ ထုတ်နှုတ်ချက်ကို ဖော်ပြခြင်းမှာ မည်သည့်မီဒီယာကိုမှ တိုက်ခိုက်ခြင်းမဟုတ်ပဲ သမာသမတ်ကျစွာဖြင့်တင်ပြခြင်းသာဖြစ်သည်။)

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် မောင်တောမြို့နယ်ရှိ ကျီးကန်းပြင်ဌာနချုပ်ကို စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လေကြောင်းတိုက်ခိုက်ခဲ့သည်။ထိုသတင်းကို ရခိုင်မီ ဒီယာများနည်းတူ အခြားသတင်းဌာနများမှလည်း ဖော်ပြကြသည်။

ထိုလေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ရခိုင်သတင်းဌာနကတခုဖြစ်သည့် Narinjara သတင်းဌာနမှ မတ်လ ၁ရက်နေ့တွင်“မောင်တောကျီးကန်းပြင်ဌာနချုပ် ဗုံးကြဲခံရပြီး စစ်သုံးပန်း ၃၀ ကျော်သေဆုံးပြီး ၁၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ဟုဆို”သတင်းခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။ဤသတင်းတွင် သတင်းရင်းမြစ်တဦးမှ Narinjara ကို အတည်ပြုထားကြောင်း ထိုသတင်းက ဖော်ပြသည်။

Narinjara ၏သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://burmese.narinjara.com/news/detail/67c29ce4c40002f2936ec778

ဤသတင်းကိုပင် ရခိုင်ဒေသတွင်း နောက်မီဒီယာဌာနတခုဖြစ်သည့် Developmen Media Group (DMG)မှမတ်လ ၁ ရက်နေ့တွင် “ဆုံးရှုံးလိုက်ရသည့် ကျီးကန်းပြင်ဌာနချုပ်ဟောင်းကို စစ်ကောင်စီလေကြောင်းလာတိုက်” သတင်းခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။သို့သော်လည်း DMG ၏ သတင်းဖော် ပြချက်မှာ Narinjara သတင်းဌာနနှင့်ဆန့်ကျင်ဖက်ဖြစ်နေသည်။

ထူးခြားချက်မှာ DMG၏ သတင်းတွင် ကျီးကန်းပြင်လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိသူ လုံးဝမရှိကြောင်းကို အာရက္ခတပ်တော်နှင့်နီးစပ်သူတဦးက အတည်ပြုထားသည်။

DMG၏ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/168xC1gEAe/

ပုံ – ကျီးကန်းပြင် ဗုံးကြဲခံရမှုနှင့်ပတ်သက်ပီး Narinjara News နှင့်DM သတင်းဌာနမှ ဖော်ပြထားသောသတင်းနှစ်ပုဒ်။

ကျီးကန်းပြင် လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး သတင်းနှစ်ပုဒ်ကို ယှဉ်တွဲပြီး ဖတ်မိသောစာဖတ်ပရိတ်သတ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုအတွင်း လူသေဆုံးသည်မှာ ဟုတ်မဟုတ်၊ ဒဏ်ရာရရှိသည်မှာ ဟုတ်မဟုတ်ဆိုသည့်ကိစ္စမှာ မေးခွန်းထုတ်စရာဖြစ်လာသည်။

ထို့အပြင် မည်သည့်သတင်းက မှန်ကန်သောသတင်းအချက်အလက်နည်းဆိုသည်မှာ စစ်ကောင်စီ၏လူအခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်သည့်အခါတွင် ပိုမိုမေးခွန်းထုတ်စရာဖြစ်လာသည်။

သတင်းဖတ်သော စာဖတ်သူသည် သတင်းမှန်ကို သိလိုပါသည်။သို့သော်လည်း စာဖတ်သူသည် အထက်တွင် ဖော်ပြခဲ့သော DMG နှင့်Narinjara၏ သတင်းနှစ်ပုဒ်ကို ဖတ်မိပါက မည်သို့စဉ်းစားပါမည်နည်း။

လေကြောင်းတိုက်ခိုက်မှုတွင် လူသေတာကအမှန်လား။လူမသေတာကအမှားလားဆိုသည်မှာ သူအဖို့စဉ်းစားစရာဖြစ်သည်။

ထိုအကြောင်းများကို ဆက်စပ်ပါက သတင်းဖတ်သောသူ၏စိတ်ထဲတွင် သတင်းမီဒီယာအပေါ် ယုံကြည်မှုလျော့ရဲလာမည်ဆိုသည့်ကိစ္စမှာ မေးခွန်းထုတ်စရာလိုမည်မဟုတ်ပေ။

သတင်းဌာနများမှ မှားယွင်းပြီးဖော်ပြထားသေ ာသတင်းမှားအချို့အထက်တွင်ဖော်ပြခဲ့သော ကိစ္စရပ်များနည်းတူပင် Narinjara တွင် မှားယွင်းပြီး ဖော်ပြထားသောသတင်းများလည်းရှိသေးသည်။

Narinjara သတင်းဌာနသည် မိုခါမုန်တိုင်းဝင်ရောက်ခဲ့သော ၂၀၂၃ ခုနှစ်၊မေလ ၁၄ ရက်နေ့တွင် “မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်နေစဉ်အတွင်း မောင်တောမြို့မှာ ဒီရေမြင်တက်မှုမြင့်တက်လာနေပါတယ်။”ဆိုပြီး ၁၅ စက္ကန့် ဗီဒီယိုတခုကို ဖြန့်ခဲ့သည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မောင်တောမြို့တွင် ဒီရေမြင့်တက်ဆိုကာ Narinjaraမှတင်ခဲ့သောဗီဒီယိုအပြည့်အစုံ – https://www.facebook.com/share/p/15DqPbKo4V/

ပုံ – Narinjara မှ ဖြန့်ခဲ့သော မိုခါမုန်တိုင်းကြောင့် မောင်တောမြို့နယ်တွင် ဒီရေမြင့်တက်မှုဆိုသောသတင်းမှား

သို့သော်လည်း Narinjaraမှတင်ခဲ့သောဗီဒီယိုဖိုင်မှာ မိုခါမုန်တိုင်းတိုက်ခတ်စဥ်က မောင်တောမြို့တွင်ဖြစ်ခဲ့သော ဖြစ်စဉ်မဟုတ်ပေ။

ဤဗီဒီယိုဖိုင်မှာ ၂၀၂၃ ခုနှစ်၊မေလ ၄ရက်နေ့တွင် ဆိုမာလီယာနိုင်ငံတွင်း Mogadishu တွင် ရေကြီးခဲ့သောဖြစ်စဉ်မှ ဗီဒီယိုတခုသာဖြစ်နေသည်။

ဤဗီဒီယို၏ မူရင်းတင်သူမှာလည်း twitter (X)မှ Arab_Stormsအကောက်မှနေတင်ခဲ့သော ဗီဒီယိုတခုသာဖြစ်သည်။

ထိုသတင်းအပြည့်အစုံကို အချက်အလက်စစ်ဆေးသောဌာနတခုဖြစ်သည့် vera files fact check မှ 2023 May 23 ရက်နေ့တွင် စစ်ဆေးထားသည်ကိုတွေ့ရှိရသည်။

ထိုသတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://verafiles.org/articles/vera-files-fact-check-clips-of-old-typhoon-events-passed-off-as-mawar-onslaught

မိုခါမုန်တိုင်းတိုက်စဉ်က မောင်တောမြို့တွင် ရေကြီးသောဖြစ်ရပ်မှာ မဟုတ်မှန်ကြောင်း ဒေသခံများကမှတ်ချက်တွင် ရေးသားသည့်အပြင် ပြင်ပတွင်လည်းဝေဖန်ထောက်ပြကြသည်။

Narinjara သည်မှားယွင်းပြီး သတင်းဖော်ပြမှုလုပ်ခဲ့သော်လည်း မှားယွင်းဖော်ပြမိကြောင်းနဲ့ အမှားပြင်ဆင်ချက်ကို မပြုလုပ်ခဲ့ပေ။

ထိုဗိဒီယိုဖိုင်ကိုလည်း ဖြုတ်ချခဲ့ခြင်းမပြုလုပ်သည့်အပြင် ယနေ့ထိ Narinjara သတင်းဌာန၏စာမျက်နှာထက်တွင် လျစ်လျုရှုထားဆဲဖြစ်သည်။

လက်ရှိအာရက္ခဒေသတွင်းစစ်ပွဲများတွင် သတင်းဌာနများနှင့်အပြိုင်အဆိုင်အခြားသတင်းဌာနများမှာ လည်းပေါ်လာခဲ့သည်။

အထူးသဖြင့် LaywaddyFM၊Arakha Time အပါအဝင် Costal News Agency ကဲ့သို့ သတင်းဌာနများ ပေါ်လာကြသည်။

ဤသတင်းဌာနများသည်လည်း သတင်းမြန်တင်ပြနိုင်ရေးအတွက် ပိုမိုအလေးပေးလာကြကာ ဖော်ပြသောသတင်းများမှာလည်း တိကျသေချာမှုမရှိပဲ သတင်းခေါင်းစဉ်နှင့်ရှေ့နောက်ညီညွတ်မှုမရှိသည်ကို တွေ့ရသည်။

Border News Agency မှ လေ့လာတွေ့ရှိသောအချက်အလက်များအရ Costal News Agency မှ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁၁ ရက်နေ့တွင် “မောင်တောမြို့တစ်ခုလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီ” ဆိုသော သတင်းကိုဖော်ပြခဲ့သည်။

Costal News Agency ၏သတင်းတွင် မောင်တောမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးကျန်ရစ်သော နခခ ၅ ကို အာရက္ခတပ်တော်မှ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ဖော်ပြထား သည်။

ထိုသတင်းအား Costal News Agency မှအေအေရဲ့ခိုင်လုံတိကျတဲ့သတင်းရင်းမြစ်တဦးမှ သတင်းကို အတည်ပြုထားကြောင်း ဖော်ပြထားသည်။

Costal News Agency ၏ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://archive.ph/AA1IL

ပုံ – Costal News Agency မှ ဖော်ပြခဲ့သော သတင်းမှား

သို့သော်လည်း Costal News Agency ၏ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ဖော်ပြသောသတင်းမှာ သတင်းမှားတခုသာဖြစ်နေခဲ့သည်။သတင်းခေါင်းစဉ်နှင့်ရှေ့နောက်မညီညွတ်သည့် အရေးအသားကိုလည်း ထိုသတင်းတွင် ဖော်ပြထားသည်။

ထိုသတင်းကိုပင် သတင်းတုသတင်းမှားစစ်ဆေးသည့် ရခိုင်ဒေသတွင်း မီဒီယာတခုဖြစ်သည့် Akyab Post fact check ဖက်မှ သတင်းတုသတင်းမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားသည်။

Costal News Agency၏ နိုဝင်ဘာလ ၁၁ ရက်နေ့မှဖော်ပြထားသော သတင်းအား Akyab Postမှ စစ်ဆေးထားသည့် သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/16DkKg5aiJ/

ထို့အပြင် အာရက္ခတပ်တော်သည် မောင်တောမြို့နယ်မှအမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ-၅) စခန်း ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့၊နံနက် ၉ နာရီ ၃၀ မိနစ်အချိန်၌အပြီးသတ်တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုနခခ ၅ အားသိမ်းပိုက်ရရှိကြောင်း အာရက္ခတပ်တော်ထုတ်ပြန်ချက်အပြည့်အစုံ – https://t.me/aainfodesk/1184

ဤကဲ့သို့ သတင်းတုသတင်းမှားဖြစ်ကြောင်း စိစစ်စစ်ဆေးခြင်းများအပြင် သက်ဆိုင်ရာအဖွဲ့အစည်း၏ထုတ်ပြန်ချက်များရှိခဲ့သော်လည်း Costal News Agencyသည် သတင်းမှားယွင်းဖော်ပြမှုကြောင်းအမှား ပြင်ဆင်ချက်များမရှိခဲ့သလို၊သတင်းမှားဖြန့်ခဲ့သည်နှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သည်။

အခြားရခိုင်သတင်းဌာနတခုဖြစ်သည့် LayWaddyFM သည်လည်း အမ်းမြို့ နယ်တွင် အာရက္ခတပ်တော်နှင့်စစ်ကောင်စီတပ်ကြားတိုက်ပွဲများပြင်းထန်နေသည့် ၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် “နပခ တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနဲ့အင်အား ၂၀ ကျော်အ‌သေဖမ်းမိ”ဆိုပြီး သတင်းတင်ခဲ့သည်။

LayWaddyFM သည် စစ်ရေးသတင်းရင်းမြစ်တဦးက အတည်ပြုသည်ဆိုကာ နပခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ်ကျော်ကျော်သန်းကို အမ်းရိုးမအနီးက တိုက်ပွဲတခုတွင် အသေဖမ်းမိဆိုကာ သတင်းကို အတည်ပြုထားသည်။

LayWaddyFM မှ တင်ခဲ့သော သတင်းအပြည့်အစုံ နှစ်ပုဒ်ကို ဖတ်ရန်

သို့သော်လည်း Lay Waddy FM မှတင်ခဲ့သော ထိုသတင်းမှာ သတင်းမှားသာဖြစ်သည်။

စစ်ကောင်စီ၏ နပခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှုးချုပ်ကျော်ကျော်သန်းမှာ ယနေ့ထိ အသက်သေဆုံးခဲ့ခြင်းမရှိပေ။အာရက္ခတပ်တော်မှ စစ်သုံးပန်းအဖြစ်ဖမ်းမိခြင်းသာဖြစ်ပေသည်။

အေအေမှလည်း နပခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှုးချုပ်ကျော်ကျော်သန်း၏အင်တာဗျူးကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အေအေမှထုတ်ပြန်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား အာရက္ခတပ်တော် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း၏ ၉ မိနစ်နှင့် ၅၄ စက္ကန့်တွင် ဖော်ပြထားသည်။

ပုံ – အေအေ၏ထုတ်ပြန်ချက်တွင်ပါဝင်သော စစ်ကောင်စီ၏ နပခတိုင်းစစ်ဦးစီးချပ် ဗိုလ်မှုချုပ်ကျော်ကျော်သန်း

အေအေထုတ်ပြန်ချက်တွင်ပါဝင်သော စစ်ကောင်စီ၏နပခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်းအင်တာဗျုးပါဝင်သော ဗီဒီယိုအပြည့်အစုံကြည့်ရန် – https://t.me/aainfodesk/1221

အေအေဖက်မှထုတ်ပြန်ချက်များအပါအဝင် နပခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်းကို အေအေဖက်မှ စစ်သုံးပန်းအဖြစ်ဖမ်းမိကြောင်း အခြားသတင်းဌာနများနှင့်ထုတ်ပြန်ချက်များ ရှိသော် လည်း LayWaddy FM သည် “နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့အင်အား ၂၀ ကျော်အ‌သေဖမ်းမိ” ဆိုသောသတင်းအား သတင်းပြင်ဆင်ချက်မပြုလုပ်သည့်အပြင်၊သတင်းမှားဖော်ပြမိကြောင်းလည်း ဝန်မခံခဲ့ပေ။ထိုသတင်းကို လျစ်လျူရှုထားခဲ့သည်။

အခြားသော ရခိုင်သတင်းဌာနတခုဖြစ်သည့် Western News သည်လည်း ပိုမိုဆိုးရွားသောသတင်းမှား များအချို့ကိုဖြန့်ခဲ့သည်။

စစ်ကောင်စီမှ ရခိုင်ပြည်သူများကို ပိုမိုဖိနှိပ်မှုများ ပြုလုပ်လာသည့်အခါ Western News သည် ထိုအကြောင်းအရာနှင့်ဆက်စပ်ပြီး သတင်းမှားအချို့ကို ဖြန့်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် Western News မှ “ရန်ကုန်ရွှေပြည်သာတွင် ရခိုင်အမျိုးသမီး ၅ဦးဖမ်းဆီးခံရ၊ဖမ်းဆီးခံရသူများဆီပူလောင်ခံရ၍ နှိက်စက်ခံရ” ဆိုသော သတင်းကို တင်ခဲ့သည်။

ထိုသတင်းတွင် သတင်ရင်းမြစ်အဖြစ်နှင့်ဖမ်းဆီးခံမိသားစုမှပြောသည်ဆိုကာ Western News မှ အတည်ပြုသည်။

ထို့အပြင် ဖမ်းဆီးခံရသောသူများမှာ ရန်ကုန်၊ရွေပြည်သာမှ အထည်ချုပ်စက်ရုံတွင်လုပ်ကိုင်နေသော အမျိုးသမီးများဖြစ်သည်ဆိုကာ Western News က ဆိုသည်။

Western news မှ “ရန်ကုန်ရွှေပြည်သာတွင် ရခိုင်အမျိုးသမီး ၅ဦးဖမ်းဆီးခံရ၊ဖမ်းဆီးခံရသူများဆီပူလောင်ခံရ၍ နှိက်စက်ခံရ”ဆိုသော သတင်းအပြည့်အစုံကို ဖတ်ရန် – https://www.facebook.com/share/p/1DqmM7i4Fm/

သို့သော်လည်း ဤသတင်းမှာ ကောလဟလနှင့်သတင်းမှားတခုဖြစ်ကြောင်း ရန်ကုန်ရောက်ရခိုင်လူမျိုးများကို ကူညီပံ့ပိုးနေသောရခိုင်အမျိုးသားကွန်ရက်၏ဥက္ကဌဖြစ်သူဦးတင်ထူးအောင်မှဖြေရှင်းခဲ့သည်။

ဦးတင်ထူးအောင်မှ “ရွှေပြည်သာသံဒင်းသာရေး/နာရေးအသင်း(ထန်းခြောက်ပင်နားတစ်ဝိုက်)မှာ ဖွဲ့စည်းမှု လူနှစ်ရာကျော်လောက်ဟိပါရေ၊ကျွန်တော်ရို့စဉ်းစားရဖို့အချက်က ကျွန်တော်ရို့ဖေ့စ်ဘုတ် ဂရုထဲမှာ ယင်းအသင်းကလူကြီးတိပါရေ။ယင်းလူတိ ဇာဖြစ်လို့ယင်းကိစ္စကို စုံစမ်းလို့မရစော်ပါလဲ(?)လင်မယားရန်ဖြစ်တေ ဇာမဟုတ်တေကိစ္စတိတောင် ကျွန်တော်ရို့ဘားကို တိုင်နီရေအချိန်မှာ ဒပေိုငျကိစ်စ တိကို ဇာကြောင့် ကျွန်တော်ရို့ကို အကြောင်းမကြား မတိုင်ရစော်ပါလဲ(?)။ယင်းအတွက်နန့်ရခိုင်မီဒီယာတိ လူထုကိုခြောက်ခြားအောင်မလုပ်ဘဲမီဒီယာကျင့်ဝတ်တိလိုက်နာဖို့လိုပါရေ..”ဆိုပြီးသူ့၏လူမှုကွန်ရက်စာမျက်နှာပေါ်မှတုံ့ပြန်ခဲ့သည်။

ရခိုင်အမျိုးသားကွန်ရက်၏ဥက္ကဌဖြစ်သူဦးတင်ထူးအောင်မှ ဖြေရှင်းချက်အပြည့်အစုံ – https://www.facebook.com/share/p/15iF7K8HEJ/

ပုံ – Western news မှ တင်ခဲ့သောသတင်းမှား

သို့သော်လည်း Western newsသည် ဤသတင်းကို အမှားပြင်ဆင်ချက်များ ပြုလုပ်ခြင်းမရှိသလို လျစ်လျူရှုထားခဲ့သည်။

နောက်ဆက်တွဲတွင် ရခိုင်လူမျိုးအများအပြားသည် ရခိုင်ဒေသကို ရန်ကုန်မှပြန်ရန်ကြိုးစားကြသောအခါ ကားလက်မှတ်များအဆမတန်ဈေးတက်ခြင်း၊လမ်းတွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရမှုများကို ရင်ဆိုင်လာကြရသည်။

သတင်းမီဒီယာများအနေဖြင့် ဆင်ခြင်သတိပြုရန်


စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များ ပိုမိုကြီးထွားလာခြင်းအတူ၊သတင်းမီဒီယာများကဲ့သို့ သတင်းတု သတင်းမှားများကို တင်ဆက်မှုများလာသည့် ယနေ့ခေတ်တွင် သတင်းမီဒီယာများနှင့်သတင်းစာပညာ၏ အခန်းကဏ္ဍ၊သတင်းသမားများ၏ကျင့်ဝတ်လိုက်နာမှုမှာ လူ့အဖွဲ့အစည်းအတွက် ပိုမိုအရေးကြီးလာသည်။

တဖက်တွင်လည်း ပဋိပက္ခနှင့်ပြည်သူကို အကြောက်တရားများစေအောင် သတင်းတုသတင်းမှားပြုလုပ်ပြီးတင်ဆက်မှုများ၊သတင်းများတွင် သတင်းရင်းမြစ်အတုသုံးခြင်းများကို သတင်းဌာန၏အယ်ဒီတာများမှ ပိုမိုစစ်ဆေးသင့်ပေသည်။

ကျင့်ဝတ်နှင့်ပွင့်လင်းမြင်သာမှုရှိခြင်သည် သတင်းစာပညာ၏အလေးနက်ထားအပ်သောဂုဏ်ပင်ဖြစ်သည်။

“သတင်းသမားတွေ ကျင့်ဝတ်လိုက်နာဖို့အတွက် သတင်းဌာနတွေကို ဦးဆောင်လုပ်ကိုင်နေသူတွေအနေနဲ့လုံလောက်တဲ့ လေ့လာမှုနဲ့လုံလောက်တဲ့ အတွေ့အကြုံရှိဖို့လိုအပ်တယ်။လိုအပ်ချက်အရ အခြေအနေအရ အသစ်အသစ်သောသတင်းပေ့ချ်တွေ တယ်လီဂရန်ချန်နယ်တွေ ပေါ်ထွက်လာတာကောင်းတဲ့အချက်ဖြစ်ပေမယ့် အရည်အသွေးပြည့်မှီအောင်လည်း ကြိုးစားကြဖို့လည်း အရေး ကြီးပါတယ်။ကျင့်ဝတ်လိုက်နာပြီး ပြည်သူ့သတင်းဌာနဖြစ်ဖို့တွက်ဆိုရင် သတင်းဌာနအနေနဲ့ကျင့်ဝတ်တိုင်ရာလိုက်နာရမယ့်စည်းမျဥ်းစည်းကမ်းတွေကို နားလည်စွာချမှတ်ထားပြီးဌာနက သတင်းသမားတွေကိုလည်း လိုက်နာနိုင်အောင်ဆွေးနွေးပညာပေးသင့်တယ်။”လို့ သတင်းစာဆရာဦးမြင့်ကျော်က သတင်းမီဒီယာများ၏ကျင့်ဝတ်ပိုင်းဆိုင်ရာလိုက်နာမှုအပေါ် သူ့အမြင်ကို ပြောသည်။

ပြည်သူများအနေဖြင့်လည်း သတင်းစာပညာသိနားလည်ခြင်းဆိုင်ရာနဲ့ဆက်စပ်ပြီး သတင်းဌာနမှ ဖြန့်သောသတင်းတိုင်းကို လွယ်လွယ်ကူကူနှင့်လက်မခံဖို့လိုအပ်ပေသည်။

သတင်းတုသတင်းမှားများ၏လွှမ်းမိိုးမှုကို လက်ခံလိုက်လျှင် အကျိုးထက်အပြစ်ကပိုများပြားပေသည်။

သတင်းသမားများအနေဖြင့်လည်း ကျင့်ဝတ်လိုက်နာပြီး ပြည်သူ့အကျိုးပြုသောသတင်းသမားများ ဖြစ်ရန်လိုအပ်သည်ဟု သတင်းစာဆရာများက ဆိုကြသည်။

“သတင်းဌာနတွေအနေနဲ့ကျင့်ဝတ်မလိုက်နာလို့ရှိရင်ဘာဖြစ်လည်းဆိုတော့ misinformation disinformation လို့ခေါ်တဲ့ သတင်းတုသတင်းမှားတွေတင်နိုင်တယ်။အခုက တော်လှန်ရေးကာလ၊တိုက်ပွဲကာလလည်းဖြစ်နေတော့တချို့သတင်းတွေက တခါတလေမှာ false hope မျှော်လင့်ချက်အမှားတွေဖြစ်နေနိုင်တယ်။ဒီ false hope တွေကပြည်သူလူထုပေါ်မှာ ထိခိုက်စေနိုင်တယ်။သတင်းမီဒီယာတွေရဲ့တာဝန်က အရှိကိုအရှိတိုင်းဖော်ပြရမယ်။ဖြစ်နေတာကိုဖြစ်နေတာအတိုင်းဘက်မလိုက်ပဲရေးရမယ်။သတင်းကျင့်ဝတ်ကို လိုက်နာဖို့အတွက်ဆို သတင်းကျင့်ဝတ်ကို သိရမယ်။သိနေပြီးရင်လိုက်နာဖို့ အကောင်အထည်ဖော်ဖို့လိုအပ်တယ်။”လို့ မီဒီယာများနှင့်ပတ်သက်ပြီး သင်တန်းများကို ဆောင်ရွက်ပေးနေသောသင်တန်းဆရာမတဦးက သူမ၏အမြင်ကို ပြောသည်။

၂၀၁၂ နှင့် ၂၀၁၇ တွင် ရခိုင်တွင် ဖြစ်ပွားခဲ့သောပဋိပက္ခများက ထိုအရာများကို မီးမောင်းထိုးပြနေသည်။

သတင်း၏သဘောမှာ စိတ်ခံစားမှုများကို ဦးတည်လေ့ရှိရာ သတင်းဖတ်သောပြည်သူများအနေဖြင့်လည်း သတင်းများကို ဝေဖန်ပိုင်းခြားပြီးမှသာလက်ခံကြရန်တိုက်တွန်းပြောဆိုကြသည်။

ထိုအပြင် သတင်းသမားများ၊သတင်းဌာနများအနေဖြင့်လည်း သတင်မီဒီယာကျင့်ဝတ်များကို ချိုးဖောက်ပါကရာပြည်သူလူထု၏ ယုံကြည်မှုကျဆင်းနိုင်သဖြင့် သတင်းသမားများအနေဖြင့်ပိုပြီးဆင်ခြင်ရမည့်ကာလဖြစ်သည်ဟုလည်း အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြကြသည်။

“သတင်းဌာနတွေဟာ သတင်းသမားတွေကြွေးကြော်သလို စတုတ္ထမက္ဍိုင်ဖြစ်တယ်လို့ပြောပေမယ့် Check and Balance လို့ခေါ်တဲ့ လူထုကို ထိန်းညှို့ပေးဖို့အတွက် ကြားကနေပေါင်းကူးပေးတဲ့တံတားဖြစ်ဖို့လိုတယ်။သတင်းမှန်တွေကို မတင်ပြနိုင်ဘူးဆိုရင် ပြည်သူတွေအနေနဲ့ကလည်း သတင်းမှားတွေကိုသာရနိုင်တယ်။ဒီလိုသာဆို ဆုံးဖြတ်ချက်အမှားတွေချနိုင်တယ် ဝေးဝါးမှုတွေဖြစ်စေတယ်။သတင်းသမားတွေပေးလိုက်တဲ့သတင်းသာမှားသွားရင် ပြည်သူကိုလည်းအဆိပ်သင့်ဖြစ်စေတယ်။သတင်းသမားကျင့်ဝတ်ကိုလည်းချိုးဖောက်ရာ ရောက်သလို၊ပြည်သူ့ယုံကြည်မှုလည်းကျဆင်းနိုင်တယ်။သတင်းသမားတွေအနေနဲ့ ပိုပြီးဆင်ဆင်ခြင်ခြင်လုပ်ရမယ့်ကာလလည်းဖြစ်တယ်။”လို့ ရခိုင်ဒေသတွင်းလူမူကူညီရေးလုပ်ငန်းများကို လုပ်ကိုင်နေသောကိုဝေဟင်အောင်မှ သတင်းမီဒီယာများအပေါ်တွင် သူ့အမြင်ကိုပြောသည်။

မြန်မာနိုင်ငံတွင် လူမျိုးရေး၊ဘာသာရေးပဋိပက္ခများအပါအဝင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့သည် အာရက္ခဒေသတွင် သတင်းမီဒီယာများ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြသည်။

ထိုကြောင့် ပဋိပက္ခများထပ်မံမဖြစ်ပွားအောင်နှင့်တရားဥပဒေစိုးမိုးပြီးတည် ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သည့်လူ့ဘောင်ဖြစ်လာအောင် သတင်းမီဒီယာများက ကျင့်ဝတ်နှင့်အညီထိန်းကျောင်းပေးရန်လည်း အရေးကြီးသည်ဟုဆိုကြသည်။

ဤမှသာ ကောင်းမွန်သောလူ့အဖွဲ့အစည်းတခုဖြစ်လာရန် လူ့အဖွဲ့အစည်းကို သတင်းမီဒီယာများမှထိန်းကျောင်းနိုင်မည်ဖြစ်ပေသည်။တာဝန်ယူမှုတာဝန်ခံမှုရှိသောသတင်းမီဒီယာများဖြစ်ရေးနှင့်ကျင့်ဝတ်ကိုအလေးထားသော သတင်းမီဒီယာများဖြစ်ရန် အလွန်အရေးကြီးပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here