မောင်တူရေးသည်။
ထုတ်ကုန်နည်းပါးသော အာရက္ခလူ့အဖွဲ့ အစည်း ၂
အခြေခံသဘောတရား ၁
ထုတ်ကုန်မြင့်သောလူ့အဖွဲ့အစည်းသည်ချမ်းသာသည်။ထုတ်ကုန်မဲ့သော လူ့အဖွဲ့အစည်းသည် ဆင်းရဲသည်။
အခြေခံသဘောတရား ၂
သကြားမထုတ်လုပ်နိုင်သောသူသည် အခြားလူထုတ်လုပ်ထားသော သကြားကို ဝယ်ရသည်။
အခြေခံသဘောတရား ၃
သွင်းအားစုနှင့်ဈေးကွက်သည် စီးပွားရေးဆိုင်ရာ လုပ်ရပ်များဖြစ်သည်။အစိုးရများသည် ပြည်သူလူထု၏ စီးပွားရေးဆိုင်ရာလုပ်ရပ်တခုချင်းစီကို အကာအကွယ်နှင့်အရင်းအနှီး၊ အထောက်အပံ့များပေးရန်တာဝန်ရှိပေသည်။
နိုင်ငံတကာအဖွဲ့အစည်းများက လက်ရှိအာရက္ခပြည်၏ စီးပွားရေးကို မည်သို့ ခန့်မှန်းထားကြပေသနည်း။
ကမ္ဘာ့ကပြောနေသော အာရက္ခစီးပွားရေး
အာရက္ခဒေသတွင်လက်နက်ကိုင်ပဋိပက္ခတင်းမာမှုမြင့်တက်နေကာ ဘဝများနှင့်အသက်မွေးဝမ်းကျောင်းများကို ထိခိုက်စေကြောင်း၊ကုန်ထုတ်လုပ်ရေးနှင့်ကုန်စည်ဖြန့်ချီရေးကွင်းဆက်ကိုထိခို က်ကာ စီးပွားရေးမရေရာမှုကို ဖြစ်စေသည်ဟု ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများကလည်းအာရက္ခပြည်၏စီးပွားရေးသည် လုံးဝလည်ပတ်မှုမရှိတော့ဘဲ ကြာလျှင် ဒေသခံနှစ်သန်းခန့်သည် အငတ်ဘေးဆိုက်နိုင်သည်ဟု ဆိုထားသည်။
အာရက္ခပြည်၏ကုန်ဈေးနှုန်း
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးတွင် ဒေသ၏ကုန်ဈေးနှုန်းအခြေအနေများကို ဆန်းစစ်ရလျှင် ဤသို့ တွေ့ရပါသည်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်မောင်တောမြို့နယ်အတွင်း မတ်လဒုတိယအပတ်တွင် ကြက်သွန်နီတပိဿာကို တသောင်းကျပ်၊ကြက်သွန်ဖြူတပိဿာကို နှစ်သောင်းကျပ်၊ငရုပ်သီးခြောက်တပိဿာကိုသုံးသောင်းကျပ်မှသုံးသောင်းခွဲ၊ငရုပ်သီးအစိမ်း တသိုက်ကိုခြောက်ထောင်ကျပ်၊အသားငါးတသိုက်နှစ်သောင်းကျပ်မှနှစ်သောင်းခွဲကျပ်၊ဝက်သားတပိဿာကိုလေးသောင်းကျပ်၊ကြက်တကောင်ကိုလေးသောင်းကျပ်မှရှစ်သောင်းကျပ်ထိ၊စားသုံးဆီတလီတာကိုတသောင်းကျပ်၊ဟင်းချိုမုန့်တဘူးလိုလေးသောင်းကျပ်ဖြစ်သည်။
အဆိုပါ ဈေးနှုန်းများကို ဆန်းစစ်ကြည့်ပါက ကုန်ပစ္စည်းတခုချင်း၏ ဈေးနှုန်းကို အောက်ပါအတိုင်းတွေ့ရပါသည်။
ယခင်တိုက်ပွဲမဖြစ်မှီသုံးကျပ်ဝန်းကျင်သာရှိသော ကြက်ဥတလုံးသည် ယခုအခါကိုးကျပ် သို့မဟုတ် တထောင်ကျပ်ရှိနေသည်။တန်ဖိုးအားဖြင့်သုံးဆခန့်မြင့်တက်နေသည်။
ကြက်ဥသည် အာရက္ခဒေသထုတ်ကုန်ဖြစ်သည်။အချိုမှုန့်သည် အာရက္ခဒေသ၏ ထုတ်ကုန်မဟုတ်၊သွင်းကုန်ဖြစ်သည်။
အခြေခံလက်လုပ်လက်စားတယောက်သည် တရက်လျှင် လုပ်အားခတသောင်းကျပ်ရသည်ဆိုပါစို့။ထိုသူသည် တရက်စာ ဈေးဝယ်ထွက်လျှင်
ကြက်ဥတလုံး -ကိုးရာကျပ်(သို့်)တထောင်ကျပ်၊ကြက်သွန်နီနှစ်လုံး – ငါးရာကျပ်၊စားသုံးဆီနှစ်ဆယ်ကျပ်သား – ငါးထောင်ကျပ်ငရုတ်၊သီးခြောက်တဆယ်ကျပ်သား – လေးထောင့်နှစ်ရာကျပ်၊ ဂေါ်ဖီတပွင့် – တထောင့်ငါးရာကျပ်၊ဘူးသီးတလုံး-ငါးထောင်ကျပ်စသဖြင့် ရှိနေပေသည်။
အဆိုပါ ကုန်ပစ္စည်းခြောက်ခုကို တန်ဖိုးတွက်လျှင် တသောင်းခုနှစ်ထောင်နှစ်ရာကျပ်ရှိနေပေသည်။
အဆိုပါကုန်ခြောက်မျိုးနှင့်ဘာမှဝမ်းဝမည်မဟုတ်သေးပေ။ဝင်ငွေတသောင်းကျပ်ရှိနေလျှင်တောင် မည်သို့မှအဆင်မပြေသည်ကို တွေ့ရမည်ဖြစ်ပေသည်။တရက်လျှင် ဝင်ငွေတသောင်းကျပ်တောင်မှဝင်ငွေမရှိသောသူများအတွက်ဆိုလျှင် အခက်အခဲပိုရှိမည်ဖြစ်ပေသည်။
သွင်းအားစုနှင့်ဈေးကွက်သည် စီးပွားရေးဆိုင်ရာလုပ်ရပ်များဖြစ်ပေသည်။အာဏာရှိသူအစိုးရများသည် ပြည်သူလူထု၏စီးပွားရေးဆိုင်ရာလုပ်ရပ်တခုချင်းစီကို အကာအကွယ်နှင့်အရင်းအနှီးအပံ့အပိုးများပေးရန်တာဝန်ရှိပေသည်။
လုပ်ငန်းတခု၏ သွင်းအားစုသည် ငွေကြေး၊လုပ်အား၊နည်းပညာ၊ကုန်ကြမ်းပစ္စည်း၊ကုန်ထုတ်ပစ္စည်းကိရိယာ၊သယ်ယူပို့ဆောင်ရေးဖြစ်ပေသည်။ဝယ်သူများများရရှိရေးသည် ဈေးကွက်ဖြစ်ပေသည်။
အာဏာရှိသူ အစိုးရများသည် စီးပွားရေးဆိုင်ရာလုပ်ရပ်တခုချင်းစီကို အကာအကွယ်နှင့်အရင်းအနှီးအပံ့အပိုးပေးပါက လူထုအတွက် ကုန်ဈေးနှုန်း တည်ငြိမ်ပေသည်။မပေးပါက မတည်ငြိမ်ပေ။
သို့ဖြစ်၍ အာရက္ခဒေသ၏ လက်ရှိစီးပွားရေးဆိုင်ရာလုပ်ရပ်များတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ကုန်ပစ္စည်းတခုချင်းစီ၏ သွင်းအားစုများတွင် အရင်းအနှီးအပံ့အပိုးမည်မျှရှိသနည်းဆိုသောအချက်များက အရေးကြီးပေသည်။
ထိုအရင်းအနှီးငွေကြေးများ၊လုပ်အားများ၊ နည်းပညာများ၊ကုန်ကြမ်းပစ္စည်းများ၊ကုန်ထုတ်ပစ္စည်းကိရိယာ၊သယ်ယူပို့ဆောင်ရေး၊ဈေးကွက်အပေါ်တွင် အရင်းအနှီးအပံ့အပိုးမည်မျှရှိပါသနည်းဆိုသောအချက်များက လက်ရှိအာရက္ခပြည်၏စားဝတ်နေရေးကို အဖြေပေးပေလိမ့်မည်။
Comments 2