အာရက္ခဒေသ လူနည်းစုတွေရဲ့လူမှုဘ၀အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲ

ခိုင်လင်းရေးပါတယ်။

မြို့နဲ့အလှမ်းဝေးပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ဒေသတွေမှာအများစုနေထိုင်ကြတဲ့ အာရက္ခဒေသမှ လူနည်းစုတွေဟာ ခေတ်အဆက်ဆက်အစိုးရတွေရဲ့ခွဲခြားဆက်ဆံမှုတွေ ခံခဲ့ကြရပြီး ဆက်သွယ်ရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေး၊ပညာရေး အဘက်ဘက်မှာ များစွာနောက်ကျကျန်နေခဲ့ကြပါတယ်။

ဖွံဖြိုးမှုအနိမ့်ကျဆုံးသောအာရက္ခပြည်ထဲမှာမှလူနည်းစုတွေဟာ ပိုပြီးတော့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့အခြေအနေမှာရှိနေခဲ့တာပါ။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် ကုန်စည်၊ဆေးဝါး၊ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ခံထားရတဲ့ ခုအချိန်မှာတော့နဂိုကတည်းက အလှမ်းဝေးနောက်ကျနေခဲ့တဲ့မျိုးနွယ်စုဝင်မိသားစုတွေရဲ့လူမှုရေး၊စီးပွားရေး၊ကျန်းမာရေးအခြေအတွေဟာ ပိုမိုဆိုးဝါးလာခဲ့ကြရပြီး အဆိုးဆုံးအခြေအနေရောက်နေတယ်လို့ ဆိုကြပါတယ်။

“ကျနော်တို့မျိုးနွယ်စုတွေမကြုံစဖူးကြုံရတယ်။စစ်ဘေးဒုက္ခကိုခံစားရတဲ့အတွက်ကြောင့် လူတိုင်းက ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခံစားနေရတဲ့ကာလလည်းဖြစ်တယ်။” လို့ သက်လူမျိုးခေါင်းဆောင်၊လွှတ်တော်အမတ်ဟောင်းဦးလှထွန်းကျော်က Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသကမြို့နယ်အများစုကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်နေပြီဖြစ်ပါတယ်။

အဲဒီလိုပြောင်းလဲသွားတဲ့ အုပ်ချုပ်သူအစိုးရသစ်လက်ထက်မှာ လူနည်းစုတွေရဲ့လူနေမှုဘ၀တွေ ဘယ်လိုအခက်အခဲရှိနေလဲ လူမျိုးစုတွေအပေါ်ဘယ်လိုမူဝါဒတွေနဲ့အုပ်ချုပ်သွားမလဲဆိုတာကတော့ စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။

လူနည်းစုတွေရဲ့ဝမ်းရေးအခက်အခဲ

အာရက္ခဒေသမှာ ရခိုင်လူမျိုးတွေအပြင် လူနည်းစု မြို၊ခမီ၊သက်၊ဒိုင်းနက်၊ကမန်၊မရာမာကြီး နေထိုင်ကြပြီး အများစုဟာ လူနည်းစုတွေဖြစ်ကြပါတယ်။

အဲဒီထဲက မြို၊ခမီ၊သက်၊ဒိုင်းနက်လူမျိုးတွေဟာ မြို့ရပ်နဲ့ဝေးကွာတဲ့အရပ်ဒေသ၊တောင်ပေါ်ချောင်းဖျားပိုင်းတွေမှာ နေထိုင်တာများပြီး ကမန်လူမျိုးတွေကတော့ ကျောက်ဖြူ၊သံတွဲ၊ရမ်းဗြဲမြို့ နယ်မှာ အများစုနေထိုင်ကာ မရာမာကြီးလူမျိုးတွေကတော့ စစ်တွေ၊မင်းပြားစတဲ့ မြို့နယ်တွေအပါအဝင် မြို့ နယ်အချို့မှာ နေထိုင်ကြပါတယ်။

အဲဒီလူနည်းစုတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလွန်းပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့ အလှမ်းဝေးသလို ကျေးရွာတိုင်းမှာ စာသင်ကျောင်းမရှိတာကြောင့် ပညာသင်ကြားခွင့်လည်း အပြည့်အ၀မရကြဘူးလို့ လူနည်းစုတွေက ဆိုကြပါတယ်။

လူဦးရေသုံးသန်းကျော်ရှိတဲ့ အာရက္ခပြည်မှာ မြို၊ခမီ၊သက်၊ဒိုင်းနက်၊လူမျိုးလေးခုပေါင်း နှစ်သိန်းဝန်းကျင်ရှိပြီး အဲဒီလူမျိုးစုဝင်တွေဟာ ကျောက်တော်၊မြောက်ဦး၊မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊မင်းပြား၊ပေါက်တာနဲ့ အမ်းမြို့နယ်မှာ နေထိုင်ကြပါတယ်။

(ဓာတ်ပုံ – မောင်တောမြိုနယ်က မြိုစစ်ဘေးရှောင်မိသားစု / BNA)

အဲဒီလူမျိုးစုဝင်တွေနေထိုင်ကြတဲ့နေရာတွေအားလုံးနီးပါးဟာလည်း မြို့နဲ့အလှမ်းဝေးတဲ့ တောနား၊တောင်နား၊ချောင်းဖျား တောင်ပေါ်ဒေသတွေဖြစ်ကြပြီး မြို့ပေါ်နဲ့လည်း ကောင်းမွန်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ မရှိ ကြဘူးလို့ လူနည်းစုတွေက ဆိုကြပါတယ်။

သူတို့တွေ အဓိကအားထားရတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေဟာ တောကျော်၊တောင်ကျော်၊လှေလှော်၊ခြေကျင်သွားကြရတဲ့ လမ်းကြောင်းတွေများပြီး ဆိုင်ကယ်၊ကားနဲ့သွားလာလို့ရတဲ့ ကျေးရွာအနည်းငယ်သာ ရှိပါတယ်။

တောင်ပေါ်ချောင်းဖျားနဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့လူမျိုးစုတွေရဲ့အဓိကသက်မွေးလုပ်ငန်းကလည်း တောင်ယာလုပ်ငန်းတွေပဲဖြစ်ပါတယ်။

သူတို့ဟာ တောင်ယာလုပ်ငန်းကနေ ထွက်ရှိလာတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို မြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာကြီးတွေမှာ သွားရောင်းကြပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းကြရပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းမှာတော့ အရင်က တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေ အားထားခဲ့ရတဲ့ မြို့ပေါ်နဲ့ ရွာကြီးတွေမှ ပြည်သူတွေဟာလည်း စစ်ရေးအခြေအနေကြောင့် ရှောင် တိမ်းနေကြရတာမို့ အာရက္ခပြည်တွင်းနေ လူနည်းစုတွေမှာ သူတို့ထုတ်ကုန်တွေကို ရောင်းချဖို့စျေးကွက်ပျောက်သွားခဲ့ရပါတော့တယ်။

“ဟင်းခြင်း(စိုက်ခင်း)တွေကလည်း မလုပ်နိုင်၊ဟင်းခြင်းလုပ်လို့ကလည်း အရင်လို ကုန်ပို့ဖို့ဟာတွေက အဆင်မပြေတော့ဘူး။ဟင်းသီး၊ဟင်းရွက်တွေကို အများကြီးလုပ်ပြီးတော့ စားသုံးဖို့လူမရှိရင် ဘယ်နေရာမှာတင်ပို့ပြီးတော့ ဘယ်သူကလာယူမလဲ။အခုထိရောင်းစရာနေရာသိပ်မရှိဘူး။”လို့ မောင်တောမြို့နယ်မှ သက်လူငယ်တဦးဖြစ်တဲ့ ကိုပန်းကျော်ဒူက ပြောပါတယ်။

သွင်အားစုတွေ စျေးအဆမတန်ကြီးမြင့်တာ၊ရောင်းချစရာစျေးကွက်နည်းပါးတာကြောင့်စိုက်ခင်းတွေအများအပြားမလုပ်နိုင်ကြတော့ဘဲဝမ်းရေးအခက်အခဲနဲ့ကြုံနေကြရတယ်လို့ စိုက်ခင်းတွေအဓိကလုပ်သက်မွေးကြတဲ့ မျိုးနွယ်စုဝင်တောင်သူတွေက ဆိုကြပါတယ်။

အရဲစွန့်ပြီး အရင်းအနှီးအများအပြားစိုက်ထုတ်ကာ စိုက်ခင်းအများအပြားလုပ်ပြန်ရင်လည်း ရောင်းချစရာနေရာမရှိတာမို့ အမြတ်မရ၊ အရှုံးပေါ်ကြရတယ်လို့ ဆိုကြပါတယ်။

“အများကြီးလုပ်လိုက်ပြီးတော့ငွေအကုန်ကျခံပြီးတော့ရောင်းမစွံ၊အလိုလိုနဲ့ ဆုံးရှုံးတယ်။အမြတ်ရဖို့လုပ်တာငွေတွေပဲကုန်သွားတယ်။ရှုံးသွားတယ်။ရင်းနှီးထားတဲ့ငွေပဲနစ်နာသွားတယ်။ပိုလျော့သွားတယ်။ပါသွားတယ်ပေ့ါ။အဲလိုမျိုးတွေ ကြုံတွေနေကြရတာ မြင်တွေ့ရတယ်။” လို့ ကိုပန်းကျော်ဒူက ပြောပါတယ်။

ခမီလူမျိုးတွေနေထိုင်ကြတဲ့ ပေါက်တောမြို့နယ်မှာလည်း တိုက်ပွဲနောက်ဆက်တွဲ ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာကြောင့် သူတို့ရဲ့သက်မွေးလုပ်ငန်းတွေကို ထိထိရောက်ရောက်မလုပ်နိုင်ကြဘဲ စားဝတ်နေရေးအခက်အခဲဖြစ်နေကြရတယ်လို့ ပြောကြပါတယ်။

“အလုပ်တွေဘာမှမရှိတော့ဘူးပြောလို့ရတယ်။အရင်ကတည်းကကျပ်တည်းတာအခုပိုဆိုးတယ်။” လို့ ခမီလူမျိုးစုတွေနေထိုင်ကြတဲ့ ပေါက်တောမြို့နယ် ပြွန်တိုကျေးရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။

တိုက်ပွဲတွေနောက်ပိုင်းမှာ အရင်လုပ်နေခဲ့တဲ့ ဝန်ထမ်းအများစုဟာလည်း အလုပ်ပြုတ် အလုပ်ထွက်လိုက်ကြတာကြောင့်လည်း မိသားစုစားဝတ်နေရေးပိုပြီးတော့ ခက်ခဲ့သွားကြရတယ်လို့မျိုးနွယ်စုဝင်ဝန်ထမ်းဟာင်းတွေက ဆိုကြပါတယ်။

အရင်က စ‌စ်ကောင်စီလက်အောက်ပညာရေးဌာနမှာဝန်ထမ်းလုပ်ခဲ့တဲ့ ပေါက်တောမြို့နယ်မှခမီအမျိုးသမီးတဦးကလည်း စစ်ကောင်စီလက်အောက်ဆက်မလုပ်တော့တာကြောင့် ဝင်ငွေပျောက်သွားပြီး အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကိုယ့်လစာကိုပဲ မှီခိုနေကြတာလေမိသားစုက၊အခုအလုပ်မရှိတော့စိတ်ဓါတ်တွေကျလာတယ်။”လို့ ခမီအမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီလိုမူလအလုပ်အကိုင်တွေ ပျောက်သွားတာကြောင့် မိသားစုဝမ်းရေးအခက်ကြုံရကာ ကြုံရာကျပန်းအလုပ်တွေ၊နေ့စားအလုပ်တွေ လုပ်နေကြရသူတွေလည်း အများအပြားရှိလာပါတယ်။

“ကုန်စျေးနှုန်းမြင့်တော့မလုံလောက်၊တယောက်တည်းရဲ့လုပ်အားခနဲ့မလုံလောက်၊ကျောင်းသားလူငယ်တွေပါမကျန်၊နိုင်ရာနိင်ရာ၊နွားကျောင်း၊ကုန်ထမ်း၊ကယ်ရီဆွဲ အဲလိုလုပ်လို့ ဘယ်လောက်ရနိုင်မလဲ။နိုင်ရာနဲ့ပိုက်ဆံလိုက်ရှာကြရတယ်။အဲလိုစားဝတ်နေရေးဖြေရှင်းနေကြတယ်။”လို့ မောင်တောမြို့ နယ်က လူနည်းစုတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ သက်လူငယ်ကိုပန်းကျော်ဒူးက ပြောပါတယ်။

ပညာရေး

ဖွံဖြိုးမှုနိမ့်ကျလွန်းတဲ့ ဒေသတွေမှာနေထိုင်တဲ့ လူနည်းစုဝင်တွေမှာ စားဝတ်နေရးအခက်အခဲအပြင် ကျန်းမာရေးနဲ့ပညာရေးအခက်အခဲတွေကလည်း ဒုနဲ့ဒေး ရှိနေကြပါတယ်။

အာရက္ခဒေသမှာ မျိုးနွယ်စုဝင်တွေနေထိုင်တဲ့ ကျေးရွာပေါင်းငါးရာဝန်းကျင်ရှိပါတယ်။

အဲဒီကျေးရွာတွေထဲမှာ တက္ကသိုလ်ဝင်တန်းသင်ယူနိုင်တဲ့ အထက်တန်း(အထက)၊အထက်တန်းကျောင်းခွဲ(အထကခွဲ)ရှိတဲ့ ကျေးရွာအရေအတွက်မှာ ဆယ်ရွာပင်မပြည့်ဘူးလို့ Border News Agency က လေ့လာမေးမြန်းထားတဲ့အချက်အလက်တွေက ဆိုပါတယ်။

(ဓာတ်ပုံ – အမ်းမြိုနယ်က ချင်းလူမျိုးတချို / BNA)

အလယ်တန်းပညာသင်ကြားနိုင်တဲ့ ကျေးရွာမှာလည်း လွန်စွာနည်းပါးပြီးတော့ အများစုဟာ သူငယ်တန်းကနေ ပဉ္ဇမတန်းထိ တက်ရောက်နိုင်တဲမူလတန်းကျောင်းနဲ့အဌမတန်းထိ တက်ရောက်နိုင်တဲ့ မူလတန်းလွန်ကျောင်းဖြစ်ကြပါတယ်။

မူလတန်းကျောင်းပင်မရှိတဲ့ ကျေးရွာတွေဟာလည်း အများအပြားရှိနေတာ တွေ့ရပါတယ်။

“စာသင်ကျောင်းမရှိတဲ့ရွာတွေအများကြီးပါ။”လို့ဘူးသီးတောင်မြို့နယ်၊စိုင်းတင်ရေတံခွန်အထက်ပိုင်းမှာနေထိုင်တဲ့ မြို၊ခမီကျေးရွာတွေအကြောင်း ဘူးသီးတောင်ဒေသခံမြိုလူငယ်တဦးက ပြောပြပါတယ်။

အဲဒါကြောင့် ကျောင်းသားကလေးငယ်တွေဟာ ဆိုင်ကယ်၊ကားလမ်းမရှိတဲ့မြေသားလမ်း၊ရွံ့လမ်းတွေကနေ ချောင်းကူး၊မြောင်းကူးကာ စာသင်ကျောင်းရှိတဲ့ကျေးရွာတွေဆီ ခြေကျင်သွား၊ကျောင်းတက်ကြရပါတယ်။

ရွာချင်းကူး ကျောင်းသွားတက်ကြတုန်း လမ်းခုလပ်မှာ ရေနစ်မြုပ်လို့ သေဆုံးရတဲ့ ကျောင်းသူ၊ကျောင်းသားတွေဟာလည်း အာရက္ခဒေသမှာ အများအပြားရှိနေကြဆဲပါ။

အဲဒီလိုအခြေအနေတွေကြောင့်လူနည်းစုဒေသတွေမှာရှိတဲ့ကလေးငယ်တွေဟာ အခြေခံပညာသင်ကြားခွင့်ကိုပင် အပြည့်အ၀မရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းထွက်ကြရကာ စာလုံး၀မသင်ရတဲ့ကလေးတွေလည်း အများအပြားရှိနေပါသေးတယ်။

တိုက်ပွဲနောက်ပိုင်းကာလမှာတော့ အာရက္ခပြည်တခုလုံးမှ ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ အခွင့်အလမ်းနည်းသွားခဲ့ရတော့ နဂိုကတည်းက ပညာရေးအလှမ်းမီမှုဝေးကွာလွန်းခဲ့တဲ့လူနည်းစုကလေးတွေအဖို့ ပိုဆိုးသွားစေခဲ့ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်း (၁၂တန်း)ထိ ကလေးငယ်တွေကို ကျေးရွာ၊ရပ်ကွက်အလိုက် သင်ကြားပေးနေတာ ရှိပါတယ်။

ဒါပေမယ့် စာအုပ်၊ဘောပင်၊ကျောင်းလခစတဲ့အသုံးအဆောင်၊စရိုက်တွေကြီးတာ၊မိသားစုဝင်ငွေနည်းပါးသွားတာကြောင့် ကလေးငယ်တိုင်း ကျောင်းဆက်မတက်နိုင်ကြတော့ပါဘူး။

“တော်လှန်ရေးအစိုးရဆိုတော့အခမဲ့ပညာရေးမဟုတ်နိုင်သေးဘူးလေ။ဆရာ၊ဆရာမတွေကိုတောင်ကျောင်းသားမိဘတွေဆီက အကူအညီနဲ့ပေးနေရတာဆိုတော့။” လို့ အာရက္ခပြည်သူ့အစိုး ရရဲ့အာရက္ခပညာရေးဌာနမှအထက်တန်းပြဆရာမတဦးက ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခဒေသမှာကျန်နေခဲ့တဲ့ ပညာရေးဝန်ထမ်းဆရာ၊ဆရာမတွေကိုစုစည်းကာ ရွာအလိုက် ကျောင်းဖွင့်သင်ကြားကြဖို့ စီစဉ်လုပ်ဆောင်ပေးနေတာပါ။

လူနည်းစုတွေနေထိုင်တဲ့ ကျေးရွာတွေမှာတော့ ဆရာ၊ဆရာမအခက်အခဲကြောင့် ကျောင်းဖွင့်နိုင်တဲ့ကျေးရွာအနည်းစုသာရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အဲဒီဒေသတွေမှာ ဆရာ၊ဆရာမအင်အားတိုးချပြီး ကလေးတွေ ပညာအပြည့်အ၀သင်ကြားနိုင်ရေးစီစဉ်ပေးဖို့လိုအပ်တယ်လို့ ထောက်ပြတောင်းဆိုကြပါတယ်။

ကျန်းမာရေး

လူနည်းစုတွေနေထိုင်ကြတဲ့ ဒေသတွေမှာ ပညာရေးအပြင် ကျန်းမာရေးလက် လှမ်းမီမှုအခြေအနေကလည်း အခက်အခဲတွေ၊စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။ 

လူနည်းစုတွေဟာ ဆေးရုံ၊ဆေးခန်းတွေရှိရာ မြို့ပေါ်၊တိုက်နယ်တွေနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ နေထိုင်ကြတာကြောင့် အရင်ကတည်းက ကျန်းမာစောင့်ရှောက်မှုခံယူဖို့ အလှမ်းဝေး၊ခက်ခဲနေခဲ့တာပါ။

တိုက်ပွဲအလွန် ဆေးရုံ၊ဆေးခန်းအများစု ပိတ်လိုက်ရပြီး ကျန်းမာရေးဝန်ထမ်းရှားပါးတဲ့အခြေအနေမှာဆိုရင်တော့ ဆေးကုသခွင့်ရဖို့ များစွာအခက်အခဲ ရှိသွားပြီဖြစ်ပါတယ်။

အရင်တုန်းကလည်း ကုန်းလမ်း၊ရေလမ်းအတန်တန်အပါအဝင် ခြေကျင်ခရီးပါနှင်ကာ မိုင်ဆယ်ချီသွားပြီးမှ ဆေးရုံ၊ဆေးခန်းရောက်ကြရတဲ့ အဲဒီဒေသတွေမှာ အရင်ကရှိခဲ့တဲ့ ကျန်းမာရေးဆေးပေးခန်းတွေတောင် အပြည့်အ၀မရှိတော့ဘူးလို့ ဆိုကြပါတယ်။

“ဆေးခန်းတခေါက်ပြဖို့တောင်ကျော်ပြီးသွားရတယ်။မလွယ်ဘူး။အရင်ကထက်ပိုဝေးဝေးသွားရတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ လူမျိုးစုဝင်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

(ဓာတ်ပုံ – မောင်တောမြိုနယ်က စစ်ဘေးရှောင်မြိုလူမျိုး / BNA)

အာရက္ခဒေသမှာခရိုင်ဆေးရုံအပါအဝင် ဆေးရုံပေါင်း ၁၉ ရုံ၊တိုက်နယ်ဆေးရုံပေါင်း ၅၄ ရုံ၊ကျေးလက်ကျန်းမာရေးဌာန(RHC)ပေါင် ၁၃၁ ခု၊ကျန်းမာရေးဌာနခွဲ(SC)ပေါင်း ၅၅၉ ခုနဲ့ ဆရာ၀န်ပေါင်း ၁၆၀ ၀န်းကျင်သာရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်၊၀န်ထမ်းအင်အား၊ဆေးဝါးအခက်အခဲကြောင့် ဆေးခန်းတချို့သာ လည်ပတ်နိုင်တော့တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဆရာ၀န်အပါအ၀င် ကျန်းမာရေးလုပ်သားအရေအတွက်လည်း ထက်၀က်မကလျော့နည်းသွားခဲ့တယ်လို့ နီးစပ်သူတွေဆီက ဆိုကြပါတယ်။

“ဆေးဆိုရင်လည်း လက်လှမ်းမီမှုမရှိ၊ဘင်္ဂလာကမှာမယ်ဆိုရင်လည်းအနည်းဆုံးကတော့ တပတ်နှစ်ပတ်ကြာမယ်။ဆေးတခုရဖို့အတွက်ကို။ပြီးတော့ ဘယ်ဆေးကို ထိုးရမှန်းမသိ၊ကုန်ကျစရိတ်ဆိုရင်လည်း မလုံမလောက် ဆေးအတွက်ကို ပေးလိုက်ရတာက စုဆောင်းထားတဲ့ ပိုက်ဆံတွေ မနည်းဘူး။” လို့ အရေပြားရောဂါးဖြစ်နေသူတွေအများအပြားရှိနေတဲ့ မောင်တောမြို့နယ်မှ စစ်ရှောင်အရေးကူညီပေးနေသူသက်လူငယ်တဦးက ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း လူနည်းစု၀င်တွေ နေထိုင်တဲ့ဒေသတွေမှာ ကျန်းမာရေးလုပ်သား(ဆေးမှုး)တွေ ချထားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာ၊ဆေးလာကုပေးတာတွေတော့ရှိနေပေမယ့် ဖျားနာ၊ချောင်းဆိုးစတဲ့ရောဂါတွေအတွက်သာ အဆင်ပြေတယ်လို့ ဆိုကြပါတယ်။

“အတတ်နိုင်ဆုံးလုပ်ပေးပါတယ်။ဒါပေမယ့်ဒီကာလကသိတဲ့အတိုင်းပဲလေ။” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းတွေအနေနဲ့လည်း လူနည်းစုတွေနေထိုင်ရာဒေသတွေကို လာရောက်ကူညီတာတွေရှိပေမယ့် ခက်ခဲတဲ့လမ်း ပန်းဆက်သွယ်ရေးကြောင့် ဆက်သွယ်ရေးကောင်းမွန်တဲ့ဒေသတွေကိုလောက် မရောက်ဖြစ်ကြဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ကားသွားလို့မရ။ဆိုင်ကယ်နဲ့လည်းအဆင်မပြေ။လမ်းလျှောက်မယ်ဆိုရင်လည်း တခါထက်နှစ်ခါအဆင်မပြေ၊ဒါကြောင့် စိတ်ခေါ်မှုများတယ်။အဖွဲ့အစည်းတွေလည်း ထပ်ခါထပ်ခါမသွားနိင်။” လို့ မောင်တောမြိုနယ်မှ အရပ်ဖက်အဖွဲ့အစည်းတာ၀န်ရှိသူ သက်လူငယ်တဦးက ပြောပါတယ်။

အခက်အခဲကြားကစစ်မှုထမ်း

အဲဒီလိုအခက်အခဲတွေနဲ့ ကြုံရတဲ့အခြေအနေမှာပဲ အာရက္ခတပ်တော်(AA) ရဲ့စစ်မှုထမ်းဖို့ခေါ်ဆိုတာကို ခံနေကြရသေးတယ်လို့ လူနည်းစုတွေက ဆိုကြပါတယ်။

အာရက္ခ-ဘင်္ဂလာနယ်စပ်မောင်တော၊ဘူးသီးတောင်မှာရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေရဲ့ ရန်ကို ကာကွယ်ဖို့၊ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး စစ်မှုထမ်းခေါ်ယူမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတ ယ်။

အဲဒီလိုစစ်မှုထမ်းဖို့ခေါ်ဆိုတဲ့အပေါ် လူနည်းစုတွေ လက်ခံကြိုဆိုကြပေမယ့် တဖက်မှာလည်း မိသားစုစား၀တ်နေရေးကို ထိခိုက်စေတယ်လို့ လူနည်းစုတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ – အမ်းမြိုနယ်၊အမ်းမြောက်အုပ်စု၊ကမ်းဒိတ်ရွာ / BNA)

“ကိုယ့်ပြည်ကို လွတ်လပ်တဲ့ပြည်တခုဖြစ်အောင်လုပ်တဲ့နေရာမှာ လူတိုင်းကတော့ တထောင့်တနေရာကပါဝင်ဖို့ ဆန္ဒရှိတယ်။ဒါပေမယ့်အိမ်က စားဝတ်နေရေးကလည်း ရှိတယ်ဆိုတော့ မိသားစုတွေ စိတ်ဖိအားဖြစ်လာတယ်။” လို့ မောင်တောဒေသခံသက်လူငယ် ကိုပန်းကျော်ဒူးက ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နေရာတွေမှာ အာရက္ခတပ်တော်က စစ်မှုထမ်းဖို့ခေါ်တာတွေ စလုပ်နေပြီလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုစစ်မှုထမ်းခေါ်တဲ့အခါမှာ မိသားစုစားဝတ်နေရေးအခြေအနေ၊မိသားစုဝင်အရေအတွက်ကို ကြည့်ပြီးမှ ကင်းလွတ်သင့်သူတွေကို ကင်းလွတ်ခွင့်ပေးဖို့လိုအပ်တယ်လို့ ထောက်ပြကြပါတ ယ်။

“တအိမ်တယောက်ကျဆိုပေမယ့် မိဘအိုနဲ့သားတယောက်တည်းပဲ ရှိတဲ့သူတွေမှာကျသားမရှိရင်အဆင်မပြေဘူးလေ။” လို့ ဘူးသီးတောင်ဒေသခံတဦးက ပြောပါတယ်။

အဲဒီလိုစစ်မှုထမ်းကြရမယ်ဆိုရင်လည်း အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကျန်နေခဲ့တဲ့ မိသားစုတွေကို နွေးထွေးမှုပေးသင့်ပြီး လိုအပ်တဲ့အထောက်အပံ့တွေလည်း ကူညီပေးသင့်တယ်လို့ ထောက်ပြကြပါတယ်။

“နွေးထွေးမှုပေးတယ်ဆိုတဲ့ ခံစားချက်ရအောင်လာပြီးတော့ စောင့်ကြည့်ပေးတယ်ဆိုတဲ့ခံစားချက်ရအောင်၊ငါ့တို့ကိုလည်းလွှင့်ပစ်မထားဘူးဆိုတဲ့ ခံစားချက်ဖြစ်အောင်လုပ်သင့်တယ်။” လို့ မောင်တောမြို့နယ်မှ ရခိုင်မျိုးနွယ်စုဝင်လူငယ်တဦးက အကြံပြုပါတယ်။

အာရက္ခတပ်တော်(AA)ဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက်(National Defense Emergency Provision – NDEP)ကို ပြဌာန်းပြီး အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ၊အမျိုးသမီးတွေဆိုရင် ၁၈ နှစ်ကနေ ၃၅ နှစ်ထိကျေးရွာအလိုက် စစ်မှုထမ်းဖို့ ခေါ်ယူနေပြီလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ စစ်မှုထမ်းမယ့်သူတွေကို စတင်ခေါ်နေယူပြီး စစ်မှုထမ်းရမယ့်ကာလကို နှစ်နှစ်သတ်မှတ်ထားတယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။

သက်လူမျိုးခေါင်းဆောင် ဦးလှထွန်းကျော်ကလည်း စစ်မှုထမ်းခေါ်ယူမှုနဲ့ပက်သက်ပြီး “ဒီကြားကာလ ပြည်သူတွေ စိတ်ဒဏ်ရာရနေတဲ့အချိန်မှာ နောက်ထပ်အနှောင့်အယှက်တွေမဖြစ်ရအောင် အတက်နိုင်ဆုံးတော့ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ညင်ညင်သာသာနဲ့ကိုင်တွယ်ပြီး ထိန်းသိမ်းစောင့်ရှောက်သွားရင်တော့ ရှေ့အနာဂတ်အလားအလာအတွက် အထောက်အကူရလိမ့်မယ်လို့တော့ မျှော်လင့်တယ်။” လို့ ပြောပါတယ်။

လူနည်းစုတွေ အနာဂတ်တိုးတက်ရေးကော်မတီဖွဲ့ပြီးလုပ်နေ

အာရက္ခပြည်သူ့တော်လှန်းရေးအစိုးရအနေနဲ့ကတော့ စစ်ဘေးနဲ့ဆက်သွယ်ရေးပိတ်ဆို့မှုအခြေအနေတွေကြား အခက်အခဲဆုံးအခြေအနေရောက်နေတဲ့ လူနည်းစုတွေကို လုံးလုံးပစ်ပယ်ထားတာတော့ မဟုတ်ပါဘူး။

မျိုးနွယ်စုအလိုက် ဓလေ့စရိုက်၊ လူမူစီးပွားလိုအပ်ချက်၊အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု၊ရေရှည်တည်တံ့နိုင်ရေးတို့အတွက် လူမျိုးစုခေါင်းဆောင်တွေပါ၀င်တဲ့ လူမျိုးစုရေးရာကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ လူမျိုးစုခေါင်းဆောင်တွေက ဆိုကြပါတယ်။

အဲဒီကော်မတီကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊နှစ်ကုန်ပိုင်း ဒီဇင်ဘာလကဖွဲ့စည်းခဲ့တာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုကော်မတီဖွဲ့ပြီး လုပ်နေတဲ့အပေါ် ဒေသခံမျိုးနွယ်စု၀င်တွေက ကျေနပ်အားရမှုရှိပေမယ့် အရင်အစိုးရလက် ထက်အဆက်ဆက်တုန်းက ပုံစံမျိုးလို စာရွက်ပေါ်မှာသာရှိပြီး ပျောက်သွားမလားဆိုတာကိုတော့ စိုးရိမ်နေကြတယ်လို့ သက်လူမျိုးခေါင်းဆောင် ဦးလှထွန်းကျော်က ဆိုပါတယ်။

“ကော်မတီက အခုထိတော့ သိပ်ထိထိရောက်ရောက်လုပ်တာမရှိသေးဘူး။တော်လှန်ရေးကာလလည်းဖြစ်တယ်။အစလည်းဖြစ်တယ်ဆိုတော့ အခက်အခဲလည်း ရှိတာပေါ့။” လို့ မောင်တောမြို့ နယ်မှ သက်လူငယ်တဦးက ပြောပါတယ်။

(ဓာတ်ပုံ – မောင်တောမြိုနယ်က စစ်ဘေးရှောင်မြိုအမျိုးသမီး / BNA)

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ဘက်စုံခက်ခဲနေတဲ့ အာရက္ခပြည်သူတွေထဲ ခေတ်အဆက်ဆက်ခွဲခြားဆက်ဆံခံလာရပြီး အခက်ခဲဆုံးအခြေအနေရောက်နေတဲ့ လူမျိုးစုတွေအရေးထိထိရောက်ရောက်ကူညီပေးဖို့လည်း လူနည်းစုလူငယ်တွေနဲ့တာ၀န်ရှိသူတွေက တောင်းဆိုကြပါတယ်။

“ဒီပြည်မှာနေတဲ့ မျိုးနွယ်စုတွေကို ပစ်ပယ်မထားပဲလက်တွဲခေါ်ပြီး သွားနေပါလားဆိုတာကို ပြည်သူတွေလည်း မြင်သာအောင်လုပ်ပေးသွားနိုင်ရင်တော့ ပိုပြီးကောင်းမယ်လို့မြင်ပါတယ်။” လို့ ဦးလှထွန်းကျော်က ပြောပါတယ်။

လူနည်းစုတွေ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မယ်ဆိုရင် အရေးအကြီးဆုံးဖြစ်တဲ့ ပညာသင်ကြားခွင့်ပိုရရေး လုပ်ဆောင်ပေးသင့်ပြီးကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ကို တဖြေး ဖြေးကူညီပေးဖို့ လိုအပ်တယ်လို့ လူန ည်းစုခေါင်းဆောင်တွေက ထောက်ပြပါတယ်။

“ဘယ်လူမျိုးမှာမဆို ပညာရေးနိမ့်ကျရင် စီးပွားရေး၊လူမှုရေးအကုန်လုံး နောက်ကျကုန်တာပေ့ါ။ပညာရေးနဲ့ပဲနိုင်ငံကို တည်ဆောက်ရတာကို၊ပညာရေးနိမ့်ကျရင် အကုန်လုံးနိမ့်ကျမှာပဲ။စီးပွား ရေးလည်း နိမ့်ကျမှာပဲ။” လို့ ခမီစာပေနဲ့ယဉ်ကျေးမှုအသင်းဥက္ကဠဦးလေကျော်အောင်က Border News Agencyကိုပြောပါတယ်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြင်တင်သူများအဖွဲ့ဒါရိုက်တာ ဦးမြတ်ထွန်းကလည်း အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေနဲ့ အာရက္ခပြည်တွင်း နေထိုင်သူအားလုံးကို တန်းတူရည်တူဆက်ဆံအုပ်ချုပ်ပြီး ကူညီပေးဖို့လိုအပ်တယ်လို့ အကြံပြုပါတယ်။

“တည်ဆောက်ရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာ အာရက္ခပြည်သူ့အစိုးရအနေနဲ့လူမျိုးရေးမခွဲခြားဘဲ တိုင်းပြည်တည်ဆောက်တဲ့အခါမှာ သာတူညီမျှလုပ်သွားရင်တော့ စည်းရုံးရေးတခုအနေနဲ့ ကောင်းမယ်။အဲလိုလုပ်မယ်ဆိုရင်တော့ ရခိုင်ပြည်မှာရှိတဲ့သူတွေအားလုံးရဲ့ အားကိုးအားထားရာအစိုးရတရပ်ဖြစ်လာမယ်လို့ ပြောချင်တယ်။” လို့ ဦးမြတ်ထွန်းက ပြောပါတယ်။

အာရက္ခတပ်တော်(AA)တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း အာရက္ခဒေသမှာ နေထိုင်တဲ့သူတွေအားလုံးကို တန်းတူဆက်ဆံအုပ်ချုပ်မယ်လို့ အင်တာဗျူးတွေမှာ ပြောဆိုထားပြီး မြေပြ င်အုပ်ချုပ်ရေးအဖွဲ့တွေကလည်း အားလုံးကို သာတူညီမျှဆက်ဆံ၊အုပ်ချုပ်နေတာတွေ့ရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် ရေရှည်တည်တံ့တဲ့ တန်းတူဆက်ဆံမှုမျိုးဖြစ်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here