By

မောင်တူရေးသည်။

အခွန်ဟူသည် အဘယ်နည်း။

“ဘောဂဗေဒစကားရပ်အရအခွန်ကောက်ခံခြင်းဆိုသည်မှာ အိမ်ထောင်စုများ သို့မဟုတ် လုပ်ငန်းများထံမှ ပိုင်ဆိုင်မှုများကို နိုင်ငံတော်သို့ လွှဲပြောင်းခြင်းဖြစ်သည်။” ဟု ယဉ်ကျေးစွာအဓိပ္ပါယ်ဖွင့်ထားသည်။

သာမန်လူများတိုက်ရိုက်နားလည်ရန်အဓိပ္ပါယ်ဖွင့်ရပါက “အခွန်ဟူသည်မိမိ၏ ပိုင်ဆိုင်မှု၊ခံစားခွင့်များကို မိမိမှအုပ်ချုပ်သူထံလွဲပြောင်းပေးနေရခြင်း” ဖြစ်သည်။

မိမိဘဝရှင်သန်မှုအစိတ်အပိုင်းများကိုအုပ်ချုပ်သူထံသို့လွဲပြောင်းပေးနေရခြင်းလည်းဖြစ်သည်။

“အဘယ်ကြောင့် ထိုသို့ မိမိ၏ပိုင်ဆိုင်မှု၊ ခံစားခွင့်များကို အုပ်ချုပ်သူထံလွဲပေးနေရပါသနည်း။”

လွဲပေးရသည်အကြောင်းတရားမှာ “တန်းတူညီမျှမှု၊တရားမျှတမှု၊လွတ်လပ်မှု၊တိုးတက်မှုများကို မိမိနှင့်မိမိပတ်ဝန်းကျင်အတွက်အုပ်ချုပ်သူမှဖော်ဆောင်ရန်အဖိုးအခအနေဖြင့်ပေးခြင်သဘော” ဖြစ်သည်။

“တန်းတူညီမျှမှု၊တရားမျှတမှု၊လွတ်လပ်မှု၊တိုးတက်မှု” များသည် “အသက်ရှင်သန်နေသောလူတိုင်းအတွက်လိုအပ်ချက်” လည်း ဖြစ်သည်။

“မိမိ၏ပိုင်ဆိုင်မှု၊ခံစားခွင့်များ” သည် “မိမိ၏ဘဝရှင်သန်နေထိုင်မှု၏အစိတ်အပိုင်းများဖြစ်သည်။”

သို့ဖြစ်၍ အခွန်အခဟူသည် “မိမိဘဝရှင်သန်နေထိုင်မှုအစိတ်အပိုင်းအချို့အားအုပ်ချုပ်သူထံလွဲပေးရခြင်း” ဖြစ်သည်။တနည်းအားမိမိ၏ “အလုပ်သမား(အုပ်ချုပ်သူ)အား မိမိဘက်မှလုပ်အားခပေးခြင်း” ဖြစ်သည်။

သို့ဖြစ်၍အခွန်အခကိုပေးရခြင်း၏ မူလရည်ရွယ်ချက်မှာ- “တန်းတူညီမျှမှု၊တရားမျှတမှု၊လွတ်လပ်မှု၊တိုးတက်မှုများကို အုပ်ချုပ်သူဘက်မှ ဖော်ဆောင်ရန်အတွက်ပေးခြင်း” ဖြစ်သည်။

ထိုကြောင့် ထိုအခွန်အခကို ကိုင်တွယ်စီမံသောအုပ်ချုပ်သူသည် မိမိနှင့်မိမိပတ်ဝန်းကျင်အတွက် “တန်းတူညီမျှမှု၊တရားမျှတမှု၊လွတ်လပ်မှု၊တိုးတက်မှုများ”ကို ဖော်ဆောင်ခြင်း ရှိ၊မရှိ” ပြန်လည်စီစစ်ရမည့်တာဝန်သည် ပြည်သူလူထုတွင်ရှိလာသည်။

အခွန်ကောက်ခြင်းကြောင့် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့်စီးပွားရေးချောင်လည်မှုမြင့်တက်ခြင်းလည်းရှိလာနိုင်သည်။

သို့မဟုတ် ခုတ်ရာတခြားရှရာတလွဲဖြစ်ကာ စီးပွားရေးကျဆင်းလာခြင်းလည်းဖြစ်နိုင်သည်။အုပ်ချုပ်သူ၏အခြေခံဝါဒအရအကျိုးခံစားခွင့်ရသူနှင့် အကျိုးစီးပွားထိခိုက်သူများလည်းဒွန်တွဲရှိနေတတ်သည်။

သို့ဖြစ်၍ အကျိုးဆက်အနေဖြင့် အခွန်ကောက်ခံခြင်းသည် အငြင်းအခုံပြုရသည့် ကိစ္စရပ်ဖြစ်သည်။


အခွန်ပေးဆောင်ရခြင်းနှစ်မျိုး

ပေးဆောင်ရခြင်းပုံစံ

အခွန်ပေးဆောင်ရခြင်းပုံစံမှာ ယေဘူယျအားဖြင့် တိုက်ရိုက်ပေးဆောင်ရခြင်းနှင့်သွယ်ဝိုက်ပေးဆောင်ရခြင်းဟူ၍ ယေဘူယျအားဖြင့် နှစ်မျိုးသာရှိသည်။

ပေးဆောင်ရသည့်အရာ

ပေးဆောင်ရသည့် အရာများတွင်လည်း ယေဘူယျအားဖြင့် “တန်ဖိုးအပေါ်မူတည်၍ပေးရခြင်းနှင့် အရေအတွက်အပေါ်မူတည်၍ပေးရခြင်း” ဟူ၍ နှစ်မျိုးသာရှိသည်။

တိုက်ရိုက်ပေးဆောင်ရခြင်း

တိုက်ရိုက်ပေးဆောင်ရခြင်းဟူသည် “မိမိတွင်ရရှိပိုင်ဆိုင်ထားသော” ပစ္စည်းဥစ္စာများအား တန်ဖိုးအလိုက်၊အရေအတွက်အလိုက်တိုက်ရိုက်ကောက်ခံခြင်း” ဖြစ်သည်။

ဥပမာ – တိုက်အိမ်ပိုင်သောသူအား သူ့တိုက်အိမ်၏တန်ဖိုးအလိုက်၊သာမန် အိမ်ပိုင်သောသူအားသူ၏သာမန်အိမ်၏တန်ဖိုးအလိုက်တစ်နှစ်တကြိမ်လာရောက်ကာ တိုက်ရိုက်ကောက်ခံခြင်းမျိုးဖြစ်သည်။

တိုက်အိမ်အား ကောက်ခံသည့် အခွန်တန်ဖိုးနှင့်သာမန်အိမ်အား ကောက်ခံသည့်တန်ဖိုးမှာ တူမည်မဟုတ်ပေ။

ထိုအတူ အိမ်တစ်အိမ်ရှိသောသူအား ကောက်ခံမည့်တန်ဖိုးနှင့် အိမ်နှစ်အိမ်၊ သုံးအိမ်ရှိသောသူအား ကောက်ခံမည်တန်ဖိုးမှာလည်း တူမည်မဟုတ်ပေ။

သွယ်ဝိုက်ပေးဆောင်ရခြင်း

သွယ်ဝိုက်ပေးဆောင်ရခြင်းဟူသည် “လက်ပြောင်းလက်လွှဲပြုခြင်း တနည်းရောင်းဝယ်ခြင်းအပေါ်တွင် တန်ဖိုးအရ သို့မဟုတ် အရေအတွက်အရပေးဆောင်ရခြင်း” ဖြစ်သည်။

နေ့စဉ်ဘဝရှင်သန်မှုစားဝတ်နေရေးနှင့် အခွန်

လူတစ်ဦးချင်းအလိုက် မည်သူမဆို မိမိ၏နေ့စဉ်ဘဝရှင်သန်မှုစားဝတ်နေရေးကိစ္စတွင် အုပ်ချုပ်သူအားအခွန်ဆောင်နေရသည်။ နေရင်း၊ ထိုင်ရင်း၊ အသက်ရှူနေရင်းနှင့်ပင် အချိန်တိုင်းအခွန်ဆောင်နေရသည်။

မည်သို့မည်ပုံထိုသို့အခွန်ဆောင်နေရသနည်းဆိုသော် “ဥပမာ – လူတစ်ဦးသည် မနက်အိပ်ယာထပါက သွားတိုက်မည်၊ မျှက်နှာသစ်မည်ဖြစ်သည်။သွားတိုက်မည်ဖြစ်၍ သွားတိုက်ဆေးလိုလာသည်။ သွားတိုက်ဆေးလိုလာသဖြင့် သွားတိုက်ဆေးကို ဝယ်ထားရသည်။

ထိုသွားတိုက်ဆေး မိမိလက်ထဲ ရောက်လာပုံကို ပြန်ဆန်းစစ်ကြည့်လျှင် –

မိမိဝယ်သောသွားတိုက်ဆေးသည် “နဂိုမူရင်းတန်ဖိုးအရ” ဆိုလျှင် ၁၅၀၀ ကျပ်သာကျမည်။ ထို ၁၅၀၀ကျပ်တန်ပစ္စည်းအား ကုန်သည်မှသူ့အတွက်သယ်ယူပို့ ဆောင်စာရိတ်နှင့်အမြတ်ကျန်အောင် ၁၈၀၀ ကျပ် ဖြင့်ရောင်းမည်။ကုန်သည်က ထို ၁၈၀၀ ကျပ်ဖြင့်ရောင်းမည့် သွားတိုက်ဆေးအားသယ်ယူလာသောအခါ လမ်းတွင် အုပ်ချုပ်သူ၏ဂိတ်ကိုဖြတ်ရသည်။ ဂိတ်ဖြတ်ရာတွင် ဖြတ်သန်းခ ၁၀၀ကျပ်ပေးလိုက်ရသည်။နောက်တဂိတ်ကို ဖြတ်လျှင်လည်း ဖြတ်သန်းခ ၁၀၀ ကျပ်ပေးလိုက်ရသည်။

ထိုအခါကုန်သည်ကထို ၁၈၀၀ ကျပ်ဖြင့်ရောင်းမည့်သွားတိုက်ဆေးအား ဖြတ်သန်းခကုန်ကျစာရိတ် ၂၀၀ ကျပ်ကိုပါ ထည့်ပေါင်းလိုက်သောအခါ သွားတိုက် ဆေး၏တန်ဖိုးသည် ၂၀၀၀ ကျပ်ဖြစ်လာသည်။

ထို ၂၀၀၀ကျပ်တန် သွားတိုက်ဆေးအား ဆိုင်တွင်ရောင်းသောအခါ ဆိုင်ခအခွန် ၂၀၀ ကျပ်အားအုပ်ချုပ်သူမှလာကောက်ပြန်သည်။ထိုအခါ သွားတိုက်ဆေးအား ၂၀၀၀ ကျပ်ဖြင့် ရောင်းချရန်ပြင် ဆင်ထားသောကုန်သည်မှာဆိုင်ခအခွန် ၂၀၀ ကျပ်ထက်ပိုကာမိစေရန် သွားတိုက်ဆေးအား ၂၂၀၀ ကျပ်ထိ ဈေးတင်လိုက်ရတော့သည်။

ထိုသွားတိုက်ဆေး ၂၂၀၀ ကျပ်အား ဝယ်ယူလိုက်သူမိမိသည် ထိုသွားတိုက်ဆေး၏ မူရင်းတန်ဖိုးလောက်ကိုသာ ပေးရသည်မဟုတ်တော့ဘဲ အုပ်ချုပ်သူ၏ ဂိတ်ကိုဖြတ်ခနှင့်ဆိုင်ခအခွန်ကိုပါပေးနေရသည့်သဘောဖြစ်နေတော့သည်။

ဤသို့ဖြင့်သွားတိုက်လိုက်တိုင်း တိုက်လိုက်တိုင်း မိမိတို့သည် အုပ်ချုပ်သူအား အခွန်ပေးနေရသည့် သဘောဖြစ်နေတော့သည်။

မိမိတို့၏နေစဉ်လိုအပ်သောအသုံးအဆောင် လူသုံးကုန်ပစ္စည်းများ၊စားသောက်ကုန်ပစ္စည်းများကို ကြည့်လျှင် အုပ်ချုပ်သူဖက်က တနည်းနည်းဖြင့်အခွန်ကောက်ထားမှုကို ခံထားရသောပစ္စည်းများသာဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ဤသို့ဖြင့် လူတစ်ဦးချင်းအလိုက် မည်သူမဆို မိမိ၏နေ့စဉ်ဘဝရှင်သန်မှုစားဝတ်နေရေးကိစ္စတွင် အုပ်ချုပ်သူအား အခွန်ဆောင်နေရသည်ကို တွေ့ရမည်ဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင်ဂိတ်ဖြတ်သန်းခနှင့်ဆိုင်ခအခွန်သည်ကုန်သည်အတွက် “တိုက်ရိုက်အခွန်” ဖြစ်ပြီး သွားတိုက်ဆေးကို ဝယ်ယူသူအတွက် “သွယ်ဝိုက်အခွန်” ဖြစ်သည်။

အခွန်အခကိုပေးရခြင်း၏ မူလရည်ရွယ်ချက်မှာ – “တန်းတူညီမျှမှု၊တရားမျှတမှု၊လွတ်လပ်မှု၊တိုးတက်မှုများကို အုပ်ချုပ်သူဘက်မှ ဖော်ဆောင်ရန်အတွက်ပေးခြင်း” သာဖြစ်ရာ ထိုကဲ့သို့ “တိုက်ရိုက်အခွန်၊သွယ်ဝိုက်အခွန်” များပေးနေရခြင်းကြောင့် ပို၍တန်းတူညီမျှသော၊ပို၍တရားမျှတသော၊ ပို၍လွတ်လပ်သော၊ပို၍တိုးတက်သောအခြေအနေကိုရရှိခံစားနေရသလားဟု ပြန်ဆန်းစစ်စရာရှိသည်။

အမေရိကန်သမိုင်းတွင်ထင်ရှားသော တရားသူကြီးတစ်ဦးဖြစ်သူ အိုလီဗာဝင်ဒဲလ်ဟော်လမီစ်ဂျူနီယာ(Oliver Wend ell Holmes Jr.)က “အခွန်ဆိုသည်မှာယဉ်ကျေးတိုးတက်သောလူ့အဖွဲ့အစည်းအတွက်ပေးရသောအဖိုးအခဖြစ်သည်” ဟု ဆိုထားသည်။

အခွန်အခ၏သဘောတွင် အခွန်အခကြောင့်လုပ်ငန်းနှင့်လူထု၏အသက်ရှင်သန်တိုးတက်မှုကို အတားအဆီးဝန်ပိစေ၍မရချေ။

သို့ဖြစ်၍ အုပ်ချုပ်သူများသည်အခြေအနေကိုလိုက်၍ အခွန်ဖြေလျော့မှုနှင့် အခွန်ကင်းလွတ်မှုကိုလည်း ဆောင်ရွက်ကြခြင်းဖြစ်သည်။

ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းအရစီးပွားရေးနှင့်ဈေးကွက်ကို ထိန်းညှိခြင်း

ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းအရ လွတ်လပ်သော၊ ဒီမိုကရေစီဆန်သော ဈေးကွက်စီးပွားရေးစနစ်ကို အားပေးသည်။ လူထုအတွက်အကျိုးစီးပွားထိခိုက်မှုဖြစ်လာသည့်အခြေအနေမျိုးတွင်လိုအပ်ပါက စီးပွားရေးနှင့်ဈေးကွက်အပေါ်တွင် အစိုးရမှဝင်ရောက်စွက်ဖက်သည်။

အစိုးရမှဝင်ရောက်စွက်ဖက်သည်ဆိုရာတွင်လည်း အာဏာပြအမိန့်ထုတ်၍ စွက်ဖက်ခြင်းမျိုးမဟုတ်ပေ။

စီးပွားရေးရပ်ဝန်းတွင် အလုပ်ရှင်၊အလုပ်သမား၊ကုန်သည်၊စားသုံးသူအပါအဝင် အကျိုးစီးပွားဆက်စပ်သူများ ပါဝင်ဆုံးဖြတ်ချက်ချမှတ်သည့်ပုံစံမျိုးကို အစိုးရမှဦးဆောင်၍ပျိုးထောင်ယူသည့် ပုံစံမျိုးဖြင့် စွက်ဖက်ခြင်းဖြစ်သည်။

ဥပမာ – အစိုးရမှလယ်သမားများကို စိုက်ပျိုးရေးချေးငွေထုတ်ပေးခြင်း၊မျိုးစေ့၊မြေသြဇာအစ သွင်းအားစုများအတွက် ထောက်ပံကူညီမှုပေးခြင်းသည် စီးပွားရေးအပေါ် အစိုးရမှဝင်ရောက်စွက်ဖက်ခြင်းသဘောမျိုးဖြစ်သည်။

အသေးစားအိမ်တွင်းလုပ်ငန်းများအား ချေးငွေထုတ်ပေးခြင်း၊အရင်းအနှီးများမတည်ပေးခြင်းသည်လည်း အတူတူပင်ဖြစ်သည်။

ထိုသို့အထောက်အပံများပေးထားပြီးနောက်တွင် ကုန်ထုတ်လုပ်မှုများရှိလာ ၍ထုတ်ကုန်များအပေါ် ဈေးနှုန်းအား သတ်မှတ် ထိန်းညှိပေးသည်။ဈေးနှုန်းအားသတ်မှတ်ထိန်းညှိနိုင်ရန်အားထုတ်မှုတွင် သုံးစွဲဝယ်ယူသူလူထုအကျိုးစီးပွားနှင့်ရောင်းချထုတ်လုပ်သူ၏ အကျိုးစီးပွားနှစ်ခုကြားတွင် ဟန်ချက်ညီအောင်မနစ်နာအောင်စီမံခန့်ခွဲယူသည်။ ဈေးနှုန်းအားထိန်းသိမ်းရန် လိုအပ်ပါက အခွန်ကင်းလွတ်ခွင့်ပေးသည်။

ဆိုရှယ်ဒီမိုကရက်စံနှုန်းတွင် ထိုသို့ ဆောင်ရွက်ခြင်းများ၌ အစိုးရသည် အကျိုးစီးပွားဆက်စပ်သူ အားလုံးကို ဆုံး ဖြတ်ချက်ချမှတ်ရာတွင် ပါဝင်နိုင်စေရန်အားထုတ်သည်။

ထိုသို့အားထုတ်လာသည့်အတွက် ဘက်ပေါင်းစုံမှ အသံများကို ကြားသိခွင့်ရလာကာ ဆုံးဖြတ်ချက်နှင့်မူဝါဒအား ခိုင်ခိုင်မာမာချမှတ်လာနိုင်သည်။

အာဏာရှင်ဆန်သော အစိုးရများကအမိန့်အာဏာပြမှု၊အဂတိတရား၊ဘက်လိုက်မှုများဖြင့်ဆောင်ရွက်ကာ လူထုအသံမှာပျောက်ကွယ်နေတော့သည်။အာဏာရှင်ဆန်သော အစိုးရများလက်အောက်တွင် အခွန်ကင်းလွတ်ခွင့်၊အခွန်လျော့ပေါ့ခွင့်ဟူသည် အဂတိတရားများပြည့်လျှံနေသော အရာဖြစ်ပြီး စီးပွားရေးတန်းတူညီမျှမှု ပျောက်ဆုံးကာ လက်ဝါးကြီးအုပ်ခရိုနီများကိုသာ မွေးထုတ်ပေးတတ်သော သဘောလည်းရှိနေသည်။

သို့ဖြစ်၍ ဆိုရှယ်ဒီမိုကရက်စံနှုန်းအား မည်မျှအစပျိုးထားသည်ဆိုသည်ကို စီးပွားရေးဆိုင်ရာလုပ်ရပ်များတွင် အာဏာရှိသူများသည် ကုန်ပစ္စည်းတစ်ခုချင်းစီ၏ သွင်းအားစုများဖြစ်သော – ငွေကြေးအပေါ်တွင် အရင်းအနှီးအပံ့အပိုးမည်မျှရှိပါသနည်း။

  • လုပ်အားအပေါ်တွင် အရင်းအနှီးအပံ့အပိုးမည်မျှရှိပါသနည်း။
  • နည်းပညာအပေါ်တွင် အရင်းအနှီးအပံ့အပိုးမည်မျှရှိပါသနည်း။
  • ကုန်ကြမ်းပစ္စည်းအပေါ်တွင် အရင်းအ နှီးအပံ့အပိုးမည်မျှရှိပါသနည်း။
  • ကုန်ထုတ်ပစ္စည်းကိရိယာအပေါ်တွင် အရင်းအနှီးအပံ့အပိုးမည်မျှရှိပါသန ည်း။
  • သယ်ယူပို့ဆောင်ရေးအပေါ်တွင် အရ င်းအနှီးအပံအပိုး မည်မျှရှိပါသနည်း။
  • ဈေးကွက်အပေါ်တွင် အရင်းအနှီးအပံ့အပိုးမည်မျှရှိပါသနည်း။

ဆိုသည့်အချက်များပါရှိသည့်မူဝါဒမျိုးကို လူထုအားချပြနေခြင်းရှိ၊မရှိဖြင့်လည်း တိုင်းတာနိုင်သည်။

အစိုးရတရပ်သည် သူ၏လုပ်ငန်းလည် ပတ်စေရန် အခွန်ကောက်ရန်လိုသည်။

ဆိုရှယ်ဒီမိုကရက်တစ်စနစ်ကို ပင်တိုင်ကျင့်သုံးနေသော စုပေါင်း(Nordic) နိုင်ငံများတွင်အစိုးရများသည် အခွန်ပိုမိုကောက်ခံကြသည်။ ကောက်ခံကြသလောက်လည်း စီးပွားရေးတွင် ပြည်သူလူထုအား အထောက်အပံ့များ၊အရင်းအနှီးများကို ပိုမိုပြန်ပေးထားသည်။

ဤသို့ဖြင့် Nordic နိုင်ငံများတွင် ပြည်သူလူထုသည် ၎င်းတို့၏အခွန်အခဖြင့် “လူဖြစ်ရကျိုးနပ်သောနေရာ” တစ်ခုဖြစ်အောင်တည်ဆောက်ထားနိုင်ကြသည်။

အမေရိကန်တရားသူကြီးအိုလီဗါဝင်ဒဲလ်ဟော်လမီစ်ဂျူနီယာ စကားဖြင့်ပြောလျှင် Nordic နိုင်ငံများသည် ၎င်းတို့၏ “ယဉ်းကျေးသော၊တိုးတက်သော လူ့အဖွဲ့အစည်းများ” ကိုတိုက်ရိုက်အခွန်၊ သွယ်ဝိုက်အခွန်များဖြင့် တည်ဆောက်ထားနိုင်ကြသည်။

အာဏာရှင်ပုံစံဖြစ်နေသော ရပ်ဝန်းများတွင် လူထုသည် ၎င်းတို့၏ အခွန်အခဖြင့် “ဘဝရှင်သန်မှုကို သတ်ဖြတ်ခံနေရသည်။”

အာရက္ခလူ့ဘောင်နှင့် ဆိုရှယ်ဒီမိုကရက်တစ်စီပွားရေး

အာရက္ခပြည်သူ့အစိုးရဘက်ကအာရက္ခလူ့ဘောင်အားဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းဖြင့်တည်ဆောက်မည်ဟုစကားချီး သန်းထားသည်။

အာရက္ခလူထုအနေဖြင့် စီးပွားရေးသွင်းအားစုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှအထောက်အပံ့ပေးမှုကိုလည်း မရရှိနိုင်သေးပေ။

အာရက္ခပြည်သူလူထု၏ အခြေခံလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သောမျိုးစေ့၊ မြေသြဇာ၊ စိုက်ပျိုးရေးသုံးပစ္စည်းများအပေါ်တွင် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရဘက်မှ အထောက်အပံ့များ မ, တည်ပေးမှုများရှိမနေသေးပေ။

အာရက္ခပြည်သူလူထု၏ နောက်ထပ်အခြေခံလုပ်ငန်းဖြစ်သောရေလုပ်ငန်းများအတွက်လည်းမည်သည့်အရင်းအနှီးကိုမှမပေးနိုင်သေးပေ။

အရင်းအနှီးအထောက်အပံများ မပေးနိုင်လျှင်တောင်မှ အဆိုပါလုပ်ငန်းများအတွက်လိုအပ်သော သွင်းအားစုများအပေါ် အခွန်လျော့ပေါ့ပေးခြင်း၊ အခွန်ကင်းလွတ်ပေးခြင်းမျိုးလည်း ရှိမလာသေးပေ။

အခွန်ကင်းလွတ်ပေးခြင်းမျိုးမရှိခဲ့လျှင်တောင် ဆိုရှယ်ဒီမိုကရက်စံနှုန်းအတွက် “စီးပွားရေးဒီမိုကရေစီရပ်ဝန်း” ပေါ် ပေါက်လာစေရန် အောက်ခြေအဆင့်တွင် မြေစမ်းခရမ်းပျိုးမှု အရိပ်အယောင်များလည်း အာရက္ခလူ့ဘောင်တွင် လက်ရှိအခြေအနေထိ ရှိမလာသေးပေ။

အာရက္ခပြည်၏ ကုန်ဈေးနှုန်းသည် လက်ရှိအချိန်ထိ ကြီးမြင့်နေဆဲဖြစ်သည်။ထိုသို့ ကြီးမြင့်ရသည့်အကြောင်းရင်းများထဲတွင် သယ်ယူပို့ဆောင်ရေးစာရိတ်ကုန်ကျမှုသည်လည်းပေဝင်သည်။

အာရက္ခပြည်သူ့အစိုးရဘက်မှ ကုန်ကျစာရိတ်သက်သာသည့်သယ်ယူပို့ဆောင်ရေးဆိုင်ရာယာဉ်ယန္တယားများကို တည်ထောင်၍ ပြည်သူလူထုအား ဝန်ဆောင်မှုပေးပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို တနည်းတဖုံလျော့ချ ပေးနိုင်မည်ဖြစ်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ယာဉ်များဖြင့် သယ်ယူပို့ဆောင်ရေးကို စာရိတ်သက်သာစွာ ပြေးဆွဲပေးလျင် သယ်ယူပို့ဆောင်ရေးစာရိတ်ကြောင့်တက်နေသည့် ကုန်ဈေးနှုန်းတ ချို့တဝက်သက်သာသွားနိုင်မည်ဖြစ်သည်။

အခွန်အခနေရာတွင် သယ်ယူပို့ဆောင်ရေးဝန်ဆောင်ခဘက်ကို ရောက်သွားမည်ဖြစ်သည်။

ဆိုရှယ်ဒီမိုကရက်စံနှုန်းအရ ကြည့်လျှင်လည်း ပြည်သူလူထု၏ကုန်ဈေးနှုန်းကြီးမြင့်မှုဝန်ထုတ်ဝန်ပိုးအပေါ် အစိုးရမှဝင်ရောက်စွက်ဖက်ကူထမ်းပိုးပေးခြင်းသဘောလည်းဖြစ်နေမည်ဖြစ်သည်။

ဤသို့အစိုးရမှကနဦးမတည်၍အကောင်အထည်ဖော်ယူရမည့် လုပ်ငန်းများစွာကို အာရက္ခလူ့ဘောင်မှာ လိုအပ်လျက်ရှိနေပေသည်။

ထိုသို့လုပ်ငန်းများတွင် လက်ဝါးကြီး အုပ်စနစ်မျိုးဖြစ်မလာစေရန် အာရက္ခပြည်၏မြေပြင်အနေအထားနှင့် ကိုက်ညီမည့်ပုဂ္ဂလိကနှင့်အစိုးရဖက်စပ်ပုံစံမျိုးကို ကျင့်သုံးနိုင်သည်။

အပြန်အလှန်ထိန်းကျောင်းမှုနှင့် ဒီမိုကရေစီစီးပွားရေးရပ်ဝန်းရှင်သန်လာစေရန် စုပေါင်းစပ်ပေါင်းစနစ်မျိုးကိုလည်း ကျင့်သုံးနိုင်သည်။ အခြားသင့်လျော်ရာ ပုံစံတမျိုးမျိုးကိုလည်း ကျင့်သုံးနိုင်သည်။

အဘယ်ကြောင့်ဆိုသော် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ကုန်းလမ်းအတွက် မော်တော်ကားမတည်ဆောက်နိုင်သော်လည်း ရေလမ်းအတွက်မော်တော်စက်လှေများတည်ဆောက်နိုင်၍ ဖြစ်သည်။ လွတ်လပ်သောဈေးကွက်ကို အားပေးသည့်အနေဖြင့် အများပြည်သူ၏မော်တော်စက်လှေများကို ပြည်သူပိုင်သိမ်းစရာမလိုပေ။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် အစိုးရပိုင်စက်လှေများကို တည်ဆောက်ပြေးဆွဲကာ ပြည်သူလူထုအား ဝန်ဆောင်မှုပေး၍ရသည်။

အာရက္ခပြည်သူလူထုအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည်ထောက်ခံစာပေးသည့်ဝန်ဆောင်မှုထက် လူမှုစီးပွားဘဝကို မောင်းနှင်ပေးနိုင်သည့် ဝန်ဆောင်မှုမျိုးက ပို၍အသက်ရှူဖြောင့်နိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here