Border News Agency
ပုဏ္ဏားကျွန်း၊ ဧပြီ ၂၀။
နွေရောက်ပြီဆိုတာနဲ့ရေရှားပါးမှုက စလာပြီ။ သောက်ရေသုံးရေကအစ ရေအရင်းအမြစ်တွေ တဖြည်းဖြည်းနည်းလာပါတော့တယ်။ တနှစ်လည်းမဟုတ် နှစ်နှစ်လည်းမဟုတ်တဲ့ဒီရေရှားပါးမှုပြဿနာက အာရက္ခဒေသက ပြည်သူတွေအတွက် ခေါင်းခဲစရာပါ။
သောက်သုံးရေရှားပါးတာကြောင့် မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေကြ ရပါတယ်။ မသန့်တဲ့ရေတွေကို သုံးမိတာရဲ့နောက်ဆက်တွဲမှာ အရေပြားရောဂါနဲ့ဝမ်းပျက်ဝမ်းလျှောရောဂါတွေကို ပြည်သူတွေ ခံစားနေကြရပါတယ်။
စစ်ဒဏ်သင့်နေကြရတဲ့အထဲမှာ ထပ်တိုးလာတဲ့ကျန်းမာရေးကပ်ဆိုးတွေနဲ့ ရေရှားပါးမှုဒဏ်တွေကို စစ်ဘေးရှောင်တွေနဲ့ဒေသခံတွေ ရှောင်လွှားနိုင်စွမ်းမရှိကြပါဘူး။
အရပ်သားပြည်သူတွေဟာ ကြိတ်မှိတ် ခံရုံကလွှဲပြီး ပြည်သူတွေမှာ တခြားရွေး ချယ်စရာနည်းလမ်းတွေမရှိကြပါဘူး။
သောက်သုံးရေရေရှားပါးမှုအတွက်လ ည်း ပြင်ပအကူအညီအထောက်အပံ့ရနိုင်စွမ်းနည်းပါးတာမို့ ဒီနှစ်နွေမှာလည်း ပြည်သူတွေဟာ သောက်သုံးရေပြဿ နာကြောင့် ခက်ခဲနေကြရပါတယ်။
မိုးရေချိန်လက်မနှစ်ရာကျော်ရရှိတဲ့ ပင် လယ်ကမ်းမြောင်ဒေသဟာ နွေရာသီရောက်ရှိတိုင်း ရေရှားပါးမှုတွေ ကြုံနေကြရတာဟာ လက်သင့်မခံနိုင်တဲ့မေးခွ န်းထုတ်စရာပြဿနာပါ။
ရေဟာ သက်ရှိအရာတိုင်းရဲ့ အသက်ရှင်ရပ်တည်ရေးမှာ အခြေခံအကျဆုံးနဲ့ လိုအပ်ချက်အရှိဆုံးအရာဖြစ်တာမို့ သန့်ရှင်းတဲ့ရေကို လွယ်လင့်တကူနဲ့ လက် လှမ်းမှီရရှိရေးဟာ လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပါ။
သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ဖို့နဲ့ဂေဟစနစ်အတွက် ရေဟာ အလွန်အရေးကြီးပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေအပါအဝင်အကျပ်အတည်းပေါင်းစုံကြုံနေကြရချိန်မှာ သန့်ရှင်းပြီးဘေးအန္တရာယ်ကင်းတဲ့ ရေရရှိနိုင်ရေးဟာ ပြည်သူတွေရဲ့စစ်ပွဲသက်ရောက်မှုဒဏ်ကို ဖြတ်ကျော်ရတဲ့အခါ ကြံ့ကြံ့ခံနိုင်စွမ်းအပေါ်မှာလည်း သက်ရောက်မှုကြီးစေပါတယ်။
အရင်အစိုးရအဆက်အဆက်ရဲ့ ဖွံ့ဖြိုးရေးမဟာဗျူဟာတွေမှာ လျှစ်လျူရှုခံရမှုနဲ့အခြေခံလိုအပ်ချက်တွေကိုတောင် ပြည့်စုံအောင်ထည့်သွင်းမစဉ်းစားတဲ့ စီမံကိန်းတွေကြောင့် ရေရှားပါးမှုပြဿနာဟာ အာရက္ခဒေသမှာ နှစ်ကြာရှည်ရင်ဆိုင်နေရတဲ့စိန်ခေါ်ချက်ဖြစ်လာခဲ့တာပါ။
လူဦးရေထူထပ်နှုန်းအရေအတွက်နဲ့ မညီမျှတဲ့ကန်၊ ဆည်အရေအတွက်တွေ မရှိတာမို့ ရေရှားပါးတာလို့ အလွယ်တကူ ကောက်ချက်ချနိုင်ပေမယ့် ရေရှားပါးမှု ဖြစ်စေတဲ့ နောက်ကွယ်က တခြားတွန်းအားတွေလည်း အများကြီးရှိပါသေးတယ်။
ဒီအထဲမှာ ဗျူရိုကရေစီစနစ်တွေရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ ရေဖြန့်ဖြူရေးနည်းလမ်းတွေလိုအပ်မှုနဲ့ ရေဖြန့်ဖြူးရေးစ နစ်တွေညစ်ညမ်းမှု၊ ပွင့်လင်းမြင်သာမှုမရှိတဲ့စီမံကိန်းတွေ၊စစ်ပွဲပဋိပက္ခ၊ရာသီဥ တုဖောက်ပြန်မှုနဲ့သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေအပါအဝင် လာဘ်ပေးလာဘ်ယူမှုတွေကလည်း အာရက္ခဒေသရဲ့ရေရှားပါးမှုပြဿနာကို နှစ်ရှည်လ များ ပိုတိုးလာစေတယ်ဆိုတာ မေ့ချန်ထားလို့မရပါဘူး။
စစ်ပွဲတွေကြောင့် အာရက္ခဒေသမှာနေ ရပ်စွန့်ခွာပြီး နေထိုင်ရတဲ့စစ်ဘေးရှော င်ဦးရေခြောက်သိန်းနီးပါးရှိပြီး ပြည်သူတွေအများစုနဲ့သက်ဆိုင်နေတဲ့ ရေရှားပါးမှုပြဿနာဟာ လွယ်လင့်တကူနဲ့ရေ တိုအစီအစဥ်သုံးပြီး ဖြေရှင်းနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။
နှစ်ရှည်လများ ကြုံနေရတဲ့ ပြဿနာဖြစ်ပြီး အာရက္ခဒေသတခုလုံးအပေါ် သက်ရောက်မှုကြီးတာဖြစ်လို့ မဟာဗျူဟာကျတဲ့စီမံခန့်ခွဲမှုတွေနဲ့ရေရှည်ပြဿနာကို ဖြေရှင်းနိုင်တဲ့အခင်းအကျင်းဖြစ်ဖို့ လိုအပ်ပါတယ်။
ရေရှားပါးမှုအညွန်းကိန်းတွေ
သန့်ရှင်းတဲ့ရေဟာ ကျန်းမာတဲ့လူသားဘဝတွေအတွက် မရှိမဖြစ်အရေးကြီးတဲ့အရာပါ။ ဒါပေမယ့်လည်း ကမ္ဘာနေရာအနှံ့မှာ ရေရှားပါးမှုပြဿနာကို နိုင်ငံအများစုရင်ဆိုင်နေကြရပါတယ်။
International Water Management Institute မှ Peter H.Gleick ရဲ့ ပြဋ္ဌာန်းတဲ့ The World’s Water, Volume 8ရဲ့ ခန့်မှန်းမှုအရလူဦးရေ ၁.၂ ဘီလီယံဟာ ရေရရှိမှုနည်းပါးတဲ့ပြဿနာတွေနဲ့ နေ့စဉ်နီးပါး ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် The World Wildlife ကလ ည်း ၂၀၅၀မှာ ကမ္ဘာ့လူဦးရေရဲ့သုံးပုံနှစ်ပုံဟာ ရေပြတ်လတ်မှုပြဿနာနဲ့ကြုံတွေ့နိုင်တယ်လို့ ဖော်ပြထားပါတယ်။
လူတဦးဟာ တရက်ကို ရေလီတာ ၂၀ မှ ၅၀ ကြားရရှိမှ လုံလောက်တဲ့ ရေပမာ ဏကိုရရှိနိုင်တာဖြစ်ပြီး တရက်ကိုလေးလီတာမှနေ ခုနှစ်လီတာထိ သောက်သုံး ရေလိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့( WHO) က ဆိုပါတယ်။
ကမ္ဘာတဝှမ်းမှာ သန့်ရှင်းတဲ့ရေရရှိနှုန်းဟာလည်းဆက်လက်ကျဆင်းနေပါတယ်။
Observer Even Kurossကလည်း ၂၀၃ ၀ ရောက်ရင်ရေလိုအပ်မှုဟာလေးဆယ်ရာခိိုင်နှုန်းထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ရေရရှိမှုပြဿနာကို ရင်ဆိုင်နေရတဲ့ ကမ္ဘာ့လူဦးရေဟာလည်း ကိုးဘီလီယံခန့်ထိရှိလာနိုင်တယ်လို့ အညွန်းကိန်းတွေက ဆိုပါတယ်။
ရေရှားပါးမှုလို့ပြောတဲ့အခါ မသန့်ရှင်းတဲ့ရေကို သုံးစွဲမှုများလာတာနဲ့အသုံးပြုလို့ရနိုင်တဲ့ ရေချိုသယံဇာတနည်းလာတာဆိုပြီး နှစ်ပိုင်းခွဲပြီး ပြောန်ိုင်ပါတယ်။
အာရက္ခဒေသက မြို့နယ်အများစုမှာ ရေရှားပါးမှုပြဿနာဟာ မသန့်ရှင်းတဲ့ ရေကို သုံးစွဲမှုများပြားတာနဲ့အသုံးပြုလို့ရနိုင်တဲ့ ရေချိုသယံဇာတနည်းပါးမှု နှစ်ခုလုံးကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
အာရက္ခဒေသတွင်း ရေအခက်အခဲကြုံနေရတဲ့တိကျတဲ့အညွန်းကိန်းနဲ့အချက် အလက်တွေမရှိပေမယ့်လည်း သုံးပုံနှစ်ပုံသောမိသားစုတွေဟာ တရက်ကို ရေလီတာနှစ်ဆယ်မှငါးဆယ်ကြားရှိတဲ့ လုံ လောက်တဲ့ရေချိုပမာဏနဲ့သန့်ရှင်းတဲ့ရေရရှိမှုမရှိဘူးလို့ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။
ဒေသတွင်းရေရှိမှုနဲ့လက်လှမ်းမှီမှု
အာရက္ခအဆုံးအဖြတ်စစ်ပွဲမဖြစ်ခင်ကမြို့ပေါ်တချို့မှာ ရေပေးဝေစနစ်ရှိပေမယ့် ရပ်ကွက်တိုင်း၊ အိမ်တိုင်းဟာရေပေး ဝေးရေးစနစ်ကို ရရှိတာတော့မဟုတ်ပါဘူး။ မြို့ပေါ်လူဦးရေရဲ့အနည်းငယ်ကသာ ရေပိုက်လိုင်းကပေးဝေတဲ့ ရေကို လက်လှမ်းမှီ ရရှိကြတာဖြစ်ပါတယ်။
ကျန်အများစုကတော့ တနိုင်တပိုင်နဲ့ကို ယ်ထူကိုယ်ထစနစ်သုံးပြီး ရေအရင်းအမြစ်ကို ရှာဖွေသုံးစွဲကြရပါတယ်။ တချို့ တွေကတော့ နီးစပ်ရာရေတွင်းရေကန်တွေကနေ ရေကိုခပ်ယူနေကြရဆဲပါ။
စစ်တွေလို ပြည်နယ်မြို့တော်မှာတောင် ရေပေးဝေစနစ်ကို အားကိုးမရလို့ လူအများစုဟာ အဝီစိရေနဲ့သုံးနေရတာပါ။ အဝီစိရေမရရှိတဲ့ရပ်ကွက်တွေမှာနွေရာသီရောက်ရင် ရေရှားပါးလေ့ရှိပါတယ်။ ဒါဟာ ပြည်နယ်မြို့တော်အဆင့်ဖြစ်တဲ့ မြို့ပဲရှိပါသေးတယ်။
အာရက္ခဒေသရဲ့လူဦးရေအများဆုံးနေ ထိုင်တဲ့ကျေးလက်ဒေသတွေမှာရေပေးဝေစနစ်လုံးဝမရှိသလို နည်းပါးပါတယ် ။ကျေးလက်ဒေသတွေမှာ သန့်ရှင်းတဲ့ ရေရရှိမှုအတွက်လည်း ခုထက်ထိစိန် ခေါ်မှုတွေ ရှိနေဆဲပါ။
ကျေးလက်ရေပေးဝေရေးစနစ်မှာ ကို ယ်ထူကိုယ်ထစနစ်ကို အဓိကအားပြုရတာကြောင့် ကျေးလက်နေပြည်သူတွေဟာ ရေအခက်အခဲကို မြို့ပြနေပြည်သူတွေထက် ပိုရင်ဆိုင်ကြရပါတယ်။
မြို့ပြနဲ့ကျေးလက်နှစ်ခုလုံးမှာ လက်လှမ်းမှီရရှိနေတဲ့ ရေအရင်းအမြစ်တွေမှာ ပိုးမွှားပါဝင်မှု၊ သတ္တုပါဝင်မှုစတဲ့ နှုန်းထားတွေကို စစ်ဆေးတိုင်းတာတဲ့ နည်းပညာတွေ ရခိုင်မှာမရှိိသေးသလို အစိုး ရအဆက်ဆက်ကလည်း ဒီကဏ္ဍကို ဆ ယ်စုနှစ်တခုကျော်ကြာ ဥပက္ခာပြုထားခဲ့တာပါ။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ ပိုမိုဆိုး ရွားတဲ့ရေမသန့်ရှင်းမှုနဲ့ ရေအခက်အခဲကို ကြုံလာကြရပါတယ်။ နေရပ်စွန့်ခွာစစ်ဘေးရှောင်ကြရတဲ့အခါ စစ်ရှောင်ဒေသရှိ ရေအရင်းအမြစ်တွေဟာ လူ ဦးရေနဲ့မမျှတတဲ့အခါ ရေရှားပါးမှုကို ပိုမိုကြုံနေကြရပါတယ်။
“ကျွန်တော်အနီးအနားက တချို့နေရာတွေမှာဆို ၄၅ မိနစ်လောက်လမ်း လျှောက်ပြီးမှရေရတဲ့နေရာကိုရောက်တယ်။ ရတဲ့ရေကလည်းမသန့်ပြန်ဘူး။ခွဲတမ်းချပေးတဲ့ ရေကိုယူပြီးမှ သုံးနေရတယ်။ ရေလှူတာတွေရှိရင်လဲ လုံလောက်အောင်တော့ပေးနိုင်တာမျိုးတော့ ခုထိမရှိဘူး။” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှအရပ်ဖက်အဖွဲ့အစည်းတခုက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင် တချို့ဒေသတွေမှာ တိုက်ပွဲတွေကြောင့် ရေအရင်းအမြစ်ရရှိတဲ့ နေရာနည်းလာပြီး လက်နက်ကြီးလက်နက်ငယ်တွေ ကျရောက်ပေါက်ကွဲမှုတွေကြောင့်လည်း ရေအရင်းအမြစ်တွေအကန့်အသတ် ပိုတိုးလာတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
နောက်ဆက်တွဲဆိုးကျိုးတွေ
ရေရှားပါးမှုဟာလူ့အဖွဲ့အစည်းရဲ့ကျန်းမာရေး၊ လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ်မှာလည်း ကြီးမားတဲ့သက်ရောက်မှုရှိတဲ့အပြင် နောက်ဆက်တွဲ ဘေးအန္တရာယ်တွေကိုလည်း တိုးလာစေပါတယ်။
ရေရှားတာဟာ စိုက်ပျိုးရေး၊မွေးမြူ ရေးစတဲ့ကဏ္ဍတွေနဲ့ဆက်နွယ်နေတာဖြစ်လို့ အစားအစာဖူလုံရေးစနစ်အပေါ် ပြင်းထန်တဲ့ သက်ရောက်မှုရှိစေပါတယ်။ အစားအစာမဖူလုံမှုနဲ့မသန့်ရှင်းတဲ့ရေတွေကြောင့် ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရမပြည့်ဝတဲ့ ပြဿနာတွေကို ရင်ဆိုင်ကြရပြီးငတ်မွတ်ခေါင်းပါးမှုကိုပါ ဖြစ်စေနိုင်ပါတယ်။
အခြားတဖက်မှာလည်း မသန့်ရှင်းတဲ့ရေတွေကြောင့် ဆက်စပ်ရောဂါတွေဖြစ်တဲ့ဝမ်းပျက်ဝမ်းလျော၊ အရေပြားရောဂါ၊ သွေးလွန်တုပ်ကွေးနဲ့ငှက်ဖျားရောဂါတွေကိုပါ ဖြစ်လာနိုင်ပါတယ်။
သန့်ရှင်းမှုမရှိတဲ့ရေတွေကို နှစ်ရှည်လ များသုံးစွဲရင်လည်း ကင်ဆာရောဂါဖြစ်စေပါတယ်။ အာဆင်းနစ်နဲ့ဖလိုရိုက်ဓာတုအဆိပ်အတောက်ပါဝင်တဲ့ ရေကို ကာလရှည်သုံးစွဲရင်လည်း ခရိုနစ်အာဆင်းနစ်အဆိပ်သင့်မှု ဖြစ်စေပြီးတော့ အရေပြားကင်ဆာကိုဖြစ်ပွားစေနိုင်ပါတယ်။
သောက်သုံးရေရှားပါးမှုပြဿနာကြုံနေကြရတဲ့ အာရက္ခဒေသကမြို့နယ်တွေမှာ ရေရှားပါးတာရဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ တကိုယ်ရေသန့်ရှင်းမှု၊ အရေပြားရော ဂါတွေကိုပါ သက်ကြီးပိုင်းတွေနဲ့ က လေးသူငယ်တွေမှာ ကြုံနေကြရပါတယ်။
အဲဒီအပြင်လည်း ရေရှားပါးတာဟာ ဂေဟစနစ်အပေါ်မှာ သက်ရောက်တာဖြစ်လို့မြေဆီလွှာဆားဓာတ်တိုးလာတာ၊ အာဟာရဓာတ်တွေ ညစ်ညမ်းတာ၊ နှုန်းမြေတွေဆုံးရှုံးတာစတဲ့ ဂေဟဗေဒစနစ်နဲ့ဇီဝမျိုးစုံမျိုးကွဲတွေအပေါ်မှာလည်း ခြိမ်းခြောက်နေပါတယ်။
ဆည််ဆောက်တာဟာအဖြေလား
လုံလောက်တဲ့ ရေသယံဇာတရအောင် ကောင်းမွန်စွာ စီမံခန့်ခွဲမှု မလုပ်နိုင်တဲ့အခါ သန့်ရှင်းတဲ့ရေသယံဇာတလိုအပ်မှုကို လုံလောက်စွာ မဖြည့်စည်းနိုင်တဲ့ အခါမျိုးမှာ ပြင်းထန်တဲ့ရေရှားပါးမှု ဖြစ်ပွားတတ်ပါတယ်။
စစ်အစိုးလက်ထက်ကနေ NLD အစိုးရလက်ထက်ထိ အစိုးရအဆက်ဆက်ကနေ တိုင်းပြည်ဘဏ္ဍာငွေကို သုံးပြီး ရေအခက်အခဲဖြေရှင်းဖို့၊ စိုက်ပျိုးရေးမှာ ရေရရှိဖို့နဲ့လျှပ်စစ်ထုတ်လုပ်ဖို့ဆိုပြီး ဆည်တွေကို ရခိုင်က မြို့နယ်တိုင်းလိုလိုမှာ ဆောက်ခဲ့ပေမယ့်လည်း ဆည်တွေဟာအာရက္ခဒေသရဲ့ရေအခက်အခဲကို ခုထက်ထိဖြေရှင်းနိုင်တဲ့ နည်းလမ်းမဖြစ်ခဲ့ပါဘူး။
ဥပမာအနေနဲ့ ပြိုင်ချောင်းဆည်၊ ဇီချောင်းဆည်၊ မင်းသားတောင်ဆည်၊ ရှောင်ချောင်းဆည်စတဲ့ ဆည်ကြီးတွေဟာ ကျောက်တော်မြို့နယ်အတွင်းမှာ ရှိပေမယ့်လည်း ဒီနေ့ထက်ထိ ကျောက်တော် ဒေသခံတွေရဲ့ စိုက်ပျိုးရေး မွေးမြူရေးတွေကဏ္ဍတွေမှာ ရေအခက်အခဲပြဿနာကို ဒီဆည်တွေကဖြေရှင်းမပေးနိုင်သေးပါဘူး။
အဲဒီအပြင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ သမ္မတအထူးရံပုံငွေလေး ဘီလီယံခွဲကျော် အသုံးပြုပြီးတော့ ပုဏ္ဏားကျွန်းစက်မှုဇုန်နှင့် စစ်တွေမြို့နယ်မှာ ရေရရှိရေးအတွက်ဆိုပြီး ဆောက်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ခမီကြိမ်ချောင်းဆည်ဟာလည်း ရေရှားပါးမှုကို အဆိုးရွားဆုံး ကြုံနေရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းနိုင်စွမ်းမရှိသေးပါဘူး။
“ဆည်တွေဆောက်တာက စီမံခန့်ခွဲနိုင်မှုကောင်းမှ၊ ပြုပြင်ထိိန်းသိမ်းဖို့ နည်းပညာ ရေဖြန့်ဝေတဲ့နည်းစနစ်တွေ စနစ်ကျကျရှိမှ ရေရှားတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ၊ မဟုတ်ရင် ဆည်တွေက ပြည်သူတွေကို ဒုက္ခပိုတိုးစေတယ်” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ကို သင်ကြားနေသော မင်းပြားမြို့မှလူငယ်တစ်ဦးက BNA ကို ပြောပါတယ်။
ဆည်တွေဟာ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်တဲ့ ရေရှည်နည်းလမ်းမဟုတ်သလို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှုနှင့် ရပ်ရွာတွင်းရှိ ရေအရင်းအမြစ်စီမံခန့်ခွဲမှုအပေါ်မှာလည်း ပြင်းထန်တဲ့ သက်ရောက်မှုတွေကို ဖြစ်စေတဲ့ သာဓကတွေအများကြီးရှိပါတယ်။
ရေရှားပါးမှုကို ဘယ်လိုဖြေရှင်းကြမလဲ
ရေဂေဟစနစ်မှာ သောက်သုံးရေ၊ အစားအစာနဲ့ စွမ်းအင်အတွက် လိုအပ်တဲ့ရေ၊ လေထုစိုထိုင်းဆ၊ရေနေသက်ရှိတွေ အသက်ရှင်ရပ်တည်မှု၊ သဘာဝရဲ့ အလိုအလျောက် ရေသန့်စင်မှု အကြောင်းအရာတွေ အားလုံးပါဝင်ပတ်သက်နေပါတယ်။
ဇီဝမျိုးစုံမျိူးကွဲ၊ သစ်တော၊ ဒီရေတောနဲ့ သဘာဝပတ်ဝန်းကျင်တွေဟာ ရေဂေဟစနစ် အားကောင်းဖို့နဲ့ ဘေးကင်းသော ရေရရှိရေးမှာ အလွန်အရေးပါလှပါတယ်။
အာရက္ခတပ်တော်အနေနဲ့ ရေရှားပါးမှုပြဿနာကို ဖြေရှင်းတဲ့အခါမှာ ရေတွင်းရေကန်တွေတူးပြီး ရေကိုသိုလှောင်တဲ့နည်းစနစ်နဲ့ ရေတိုပြဿနာကို ဖြေရှင်းတာထက် ရေရှည်တည်တံ့တဲ့ ရေဂေဟစနစ်ဖြစ်ရေးတို့အတွက် မဟာဗျူဟာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
ရှိပြီးသားဆည်တွေကို ပြန်လည်ထ်ိန်းသိမ်းတာ၊ နည်းပညာအဆင်မြှင့်တင်ပြီး ရေပေးဝေတာ၊ ရေညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဖို့ ရေသန့်ရှင်းမှုတွေကို တိုင်းတာတွေကို ပြုလုပ်ဖို့လိုအပ်ပါတယ်။
အဲဒီအပြင်လည်း လူဦးရေကိန်းဂဏန်းပမာဏကိုတိုင်းတာပြီး လူဦးရေအချိုး အစားအလိုက် ရေပေဝေးရေးစနစ်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရအနေနဲ့ပြုလုပ်ဖို့လိုအပ်ပါတယ်။
ရေကို ထိန်းသိမ်းစီမံခန့်ခွဲနိုင်ရေးဟာ ရေရှားပါးမှုပြဿနာကို ဖြေရှင်းတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် စက်မှုလက်မှုလုပ်ငန်း တွေထိ ရေကွင်း ဆက်ကို ဖြည့်တင်းနိုင်တဲ့ ရေပမာဏရ ရှိဖို့ဆိုရင် အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရရဲ့ စီမံခန့်ခွဲနိုင်ရေးဟာ အလွန်အရေးကြီးပါတယ်။
ရေပြဿနာကိုသာ ကောင်းမွန်စွာစီမံခန့်ခွဲမှုမပြုလုပ်နိုင်ဘူးဆိုရင် အာရက္ခလူ့အဖွဲ့အစည်းအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေဆောင်ရွက်တဲ့အခါ အလွန်အခက်အခဲကြုံနိုင်ပါတယ်။
အဲဒီအပြင် ရေနဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေဟာလည်း ရေရှားပါးမှုဖြစ်စဥ်ကို ဖြေရှင်းရာမှာ အဓိကကျပါတယ်။
အနာဂတ် ရေပြတ်လပ်မှုကို ဖြေရှင်းတဲ့အခါ တဦးချင်းရေအသုံးပြုတာကအစ စက်မှုလုပ်ငန်းတွေထိ သုံးစွဲမှုပုံစံအားလုံးကို အခြေခံကျကျပြုပြင်ပြောင်းလဲဖို့လုံလောက်တဲ့အသိပညာပေးလုပ်ငန်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
ရေနဲ့ ဆက်စပ်ပြီး ဂေဟစနစ်ပြုန်းတီးတာ ရေအရင်းအမြစ်တွေ ရှားပါးလာတာက အနာဂတ်အာရက္ခပြည်ထူထောင်ရေးမှာ အခက်တွေ့စေနိုင်ပြီး အစုလိုက်အပြုံလိုက် ရွေ့ပြောင်းနေထိုင်မှုတွေကို ဖြစ်နိုင်ပါတယ်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေအပါအဝင်အာရက္ခဒေသက ရေရှားပါးမှုပြဿနာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရ ကောင်းမွန်စွာစီမံခန့်ခွဲနိုင်မှသာ အနာဂတ်အာရက္ခလူ့အဖွဲ့အစည်းကို ရေရှည်တည်တံ့ငြိမ်းချမ်းအောင်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။