By

လင်းခိုင် ရေးတယ်။

Border News Agency
မြောက်ဦး၊ မေ ၂၅။

သင်္ကြန်ရောက်ဖို့ ရက်ပိုင်းသာလိုတော့တယ်။ တည်ငြိမ်၊အေးချမ်းပြီး စစ်ကောင်စီရဲ့လေကြောင်းရန် စိတ်ချရသေးတဲ့ အခြေအနေမဟုတ်သေးပေမယ့် သင်္ကြန်ရက်တွေကို ကြိုတွေးပြီးကြည်နူးပျော်ရွင်ကြရမြဲ။ကလေးငယ်တွေဆို ပိုလို့ပင် ပျော်ရွှင်ကြတယ်။

အသက် ၁၂ နှစ်အရွယ်မဖြိုးဖြိုးစံတယောက်လည်း ကလေးပီပီ သင်္ကြန်တွင်း ဘယ်လိုရေကစားမယ်။ သူငယ်ချင်းတွေနဲ့ဘယ်လိုပျော်ကြမယ်ဆိုတာတွေ ကြိုတွေးရင်း ပျော်နေခဲ့တယ်။

အိမ်ရှေ့နားမှာ သူငယ်ချင်းတွေစုကာ ရေလောင်းကြမယ်။ ဆံပင်ဆေးရောင်ဆိုးကြမယ်လို့ တွေးထားခဲ့တယ်လို့ ပြောပါတယ်။

မဖြိုးဖြိုးစံရဲ့သူငယ်ချင်းတွေကတော့ ဆံပင်ဆေးဆိုးထားနှင့်ကြပြီ။ဆံပင်အရောင်ကိုယ်စီနဲ့ လှပ၊ကျေနပ်နေကြပြီ။

မဖြိုးဖြိုးစံ အားကျရတယ်။ သူငယ်ချင်းတွေနည်းတူ ဆံပင်ဆေးရောင်ဆိုးချင်တယ်။ဒါပေမယ့် လက်ထဲပိုက်ဆံအလုံအလောက်မရှိ။မိဘဆီမှတောင်းဖို့ကလည်း တရက်ထမင်းနှစ်နပ်စာစားဖို့အတွက်ပင် လောက်ငှရုံရှာနိုင်တဲ့ အနေအထားမဟုတ်တော့ အဆင်မပြေ။

လည်ချောင်းကင်ဆာရောဂါနဲ့အချိန်ပြ ည့် အိပ်ယာထဲလဲနေရပြီး အနီးကပ်ပြုစုခံနေရတဲ့ ဖခင်၊အသက်ရှစ်နှစ်ရှိပြီဖြစ်တဲ့တိုင် မူကြိုပင်စမတက်နိုင်သေးတဲ့ ညီမ အငယ်ဆုံးလေး၊ ကျောင်းဆက်မတက်တော့ပေမယ့် အလုပ်အကိုင်ပုံမှန်မရှိတဲ့ ဆယ့်ခြောက်နှစ်အရွယ် အစ်ကို၊ မြစ်ချောင်းတွေထဲ ဆင်း၊ငါးရှာ၊ဂုံးကောက် ပြန်ရောင်းစားကာ ထမင်းနပ်မှန်ဖို့ ရုန်းကန်နေရတဲ့ အမေ။ ဒါတွေကို နေ့စဉ်မပျက် မျက်ဝါးထင်ထင်မြင်နေ၊ သိနေ၊ ကြုံနေရတော့ မဖြိုးဖြိုးစံဟာ ဆံပင်ဆေးဆိုးဖို့ ပိုက်ဆံကို မိဘဆီက မတောင်းရက်။ တောင်းပြန်ရင်လည်း ပေးစရာပိုက်ဆံအပို ရှိဖို့မသေချာ။

အဘွားဆီက သင်္ကြန်မုန့်ဖိုးရထားတဲ့ ငွေကျပ်ငါးထောင်ကလည်း မုန့်တထောင်ဖိုး ဝယ်စားလိုက်တာကြောင့် ကျပ် လေးထောင်သာ ကျန်တော့တယ်။ ဆံပင်ဆေးဆိုးဖို့ဆိုရင် ကျပ်ခုနှစ်ထော င်၊ရှစ်ထောင်ဝန်းကျင်လောက်ကုန်မယ်၊ ပိုက်ဆံ လိုနေသေးတယ်။မဖြိုးဖြိုးစံ အကြုံထုတ်တယ်။

တရက်မှာတော့ အိမ်နီးနားနေ အမျိုး သမီးကြီးနှစ်ဦးက တောင်ပေါ်တက် သ င်္ဘောညွန့်သွားခူးကြမယ်ဆိုတော့ မဖြိုးဖြိုးစံက သူပါလိုက်ခဲ့ဖို့ ပြောတယ်။ရလာတဲ့ သင်္ဘောညွန့်တွေကို ရောင်းလို က်ရင် ဆံပင်ဆေးဆိုးဖို့ ပိုက်ဆံရ လာမယ်ဆိုတဲ့ အကြံ၊မျှော်လင့်ချက်နဲ့။

“သူငယ်ချင်းတွေနဲ့ အနားမှာ မဏ္ဍပ်ထိုးပြီးချမယ်လို့ စဉ်းစားခဲ့တာ၊ ဆံပင်လည်း သူငယ်ချင်းတွေမှာ ဆိုးထားလို့ ဆိုးချင်တယ်။” လို့ မဖြိုးဖြိုးစံက သူတွေးထားခဲ့တဲ့ သင်္ကြန်အစီအစဉ်ကို ပြန် ပြောနေပါတယ်။

မိခင်ဖြစ်သူကတော့ မလိုက်စေရ၊ ကလေးကို စိတ်မချတာ၊ ပင်ပန်းမခံစေလိုတာ၊ တောင်ပေါ်မှာ စစ်ကောင်စီတပ် သားတွေ ချန်ထားခဲ့တဲ့ မရှင်းလင်းရသေးတဲ့ မိုင်းတွေရှိနေတာတို့ကြောင့် ၊ လိုက်သွားခွင့်မပြု။

ဒါပေမယ့် သမီးဖြစ်သူက ထပ်ကာထပ်ကာ ပူဆာနေပြီး ယုံကြည်၊ အားကိုးရတဲ့လူကြီးတွေလည်း ပါတာမို့ “ဂရုတ စိုက်သွားလာဖို့” မှာကာ ခွင့်ပြုပေး လိုက်တယ်။

“အများရခဲ့ရင် ရောင်းဖို့ပေ့ါ။ဆံပင်ဆိုးချင်တယ်။ ကိုယ့်ဟာကိုယ်လည်းစားမ ယ်။မေမေကလည်း အပြင်မသွားတော့ ဘာဘာ(ဖေဖေ)အနားမှာ နေဖို့ မလိုဘူးဆိုပြီး သွားလိုက်တာပါ။အဲနေ့က အိမ်မှာလည်း ချက်ဖို့ ဟင်းမရှိဘူး။” လို့ မ ဖြိုးဖြိုးစံက သူလိုက်သွားရတဲ့အကြော င်းကို ပြန်ပြောပြပါတယ်။

တောင်ပေါ်ရောက်တော့ လူကြီးတွေသွားရာလမ်းအတိုင်း အနောက်ကနေ လိုက်ခူးနေခဲ့တယ်။

တခါတရံ ဘေးဘီမှာ သင်္ဘောညွန့်တွေလှမ်းမြင်ရရင်လည်း သွားခူးသေးတယ်လို့ မဖြိုးဖြိုးစံက ပြောပါတယ်။

အဲဒီမှာပဲ မဖြိုးဖြိုးစံ မြေမြှပ်မိုင်းတခုကို ရုတ်တရက်နင်းမိတော့တာပါ။

“အဲဒီအရီး(အဒေါ်) အရှေ့က သွားတယ်။ မပေါက်ဘူး။ မ(ကျွန်မ)က ဒီဖက်မှာ သင်္ဘောညွန့်တညွှန့်ရှိတယ်ဆိုပြီး ခူးဖို့သွားတော့ နှင်းမိတာ။ တီးတီး မြည်တာနဲ့ ပြေးတာမှာ ပေါက်သွားပြီ အဲဒီမိုင်းက”

“အဲဒီဗုံးကို နင်းတာနဲ့ တီ တီ တီ ဆိုပြီး မြည်တယ်။ မ(ကျွန်မ) ပြေးတော့ လဲကျသွားသလိုရော။ လွင့်ထွက်သွားသလိုရော ခံစားရတယ်။ မထလို့ပြေးသေးတယ်။ ကိုယ့်မှာ ခြေထောက်ပြတ်သွားမှန်းမသိဘူး။ တွားပြီး တွားပြီး သွားတဲ့အခါကျမှ အရီးက ခြေထောက်ပြတ်သွားပြီလို့ပြောတယ်။ အဲခါမှ သိပါတယ်။” လို့ မဖြိုးဖြိုးစံက ဖြတ်ထုတ်လိုက်ရတဲ့ သူ့ရဲ့ဘယ်ခြေထောက်ကို ကြည့်ရင်း တည်တည်ငြိမ်ငြိမ်ပဲ ပြောပြနေပါတယ်။

မြေပုံမြို့ပေါ် ကံသာထွက်၀ရပ်ကွက်မှာ နေထိုင်တဲ့ မဖြိုးဖြိုးစံဟာ မြေပုံမြို့အနီးရှိ စစ်ကောင်စီတပ်သားတွေ စခန်းချနေထိုင်ခဲ့တဲ့ ဆည်အနီးတောင်ကုန်းပေါ်မှာ သင်္ဘောညွန့်ခူးရင်း ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က မိုင်းနင်းမိကာ ခြေထောက်ပြတ်သွားခဲ့ရတာဖြစ်ပါတယ်။

မဖြိုးဖြိုးစံ မိုင်းထိမှန်၊ ခြေထောက်ပြတ်ထွက်သွားတော့ အတူပါလာတဲ့ အမျိုးသမီးကြီးတွေက တောင်အောက်ဆင်း၊ ယောကျာ်းသားတွေကို အော်ခေါ်ကာ ဆေးရုံပို့ကြဖို့ အကူအညီတောင်းခဲ့ပါတယ်။

အဲဒီကနေ နီးစပ်ရာ ဆေးရုံပို့၊ဆေးရုံမှာ အရေးပေါ် ဆေးထည့်၊ ပတ်တီးစည်းကာ နောက်ထပ်ဆေးရုံတခုဆီ ချက် ချင်း ပြောင်းရွေ့ကုသမှုခံယူခဲ့ရပါတယ်။

ဆေးရုံဆင်းကာစ လည်ချောင်းကင် ဆာဝေနာသည် အမျိုးသားကို ပြုစုကာ အလုပ်မသွားဘဲ အိမ်မှာ ကျန်နေခဲ့တဲ့ မဖြိုးဖြိုးစံရဲ့ မိခင်ကတော့ သမီးဖြစ်သူ မိုင်းထိမှန်ကြောင်း ရပ်ကွက်နေသူတွေ လာပြောမှပဲ သိခဲ့ရပြီး ကယ်ရီငှား ကာ ဆေးရုံဆီ ကမန်းကတမ်း ပြေးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

“ဆေးရုံရောက်တော့ ဆရာဝန်က ချက် ချင်းလွှတ်တယ်။ လူတွေ ဝိုင်းပြီး ကားငှားပေးကြတယ်။ ချက်ချင်း နောက် ဆေးရုံ ပြောင်းရတယ်။” လို့ မဖြိုးဖြိုးစံရဲ့ မိခင်ဖြစ်သူက မျက်လုံးအိမ်မှ စီးကျလုနီး မျက်ရည်စတွေကို ထိန်းကာ ပြော ပါတယ်။

နောက်ဆေးရုံရောက်တော့လည်း လူနာတွေများပြားလွန်း၊ ဆရာဝန်အင်အား နည်းပါးတာကြောင့် ချက်ချင်း မခွဲ စိပ်ရသေး၊တညအိပ်စောင့်ပြီး နောက်ရက်မှသာ ခွဲစိပ်ခဲ့ရတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

မဖြိုးဖြိုးစံရဲ့ မိုင်းထိဒဏ်ရာကို ခွဲစိတ်နေစဉ် နာကျင်မှုဒဏ်ကြောင့် အော်ငိုနေရှာတဲ့ သမီးလေးကို ကြည့်ကာ အကြိမ် ကြိမ်ခိုးငိုခဲ့ရတယ်လို့လည်း ပြန်ပြောပြပါတယ်။

“(သမီး)တညလုံး ငိုတယ်။ မခံစားနိုင်ဘူး အဲလိုငိုတာတွေကို တွေးရင်” လို့ မဖြိုးဖြိုးစံရဲ့ မိခင်က မျက်လုံးအိမ်ထဲမှ ပြုတ်မကျအောင် ထိန်းထားတဲ့ မျက်ရည်တွေကို ဆက်မထိန်းနိုင်တော့ဘဲ လူးလိမ့်ကျလာတဲ့ မျက်ရည်တွေကို အ၀တ်စနဲ့ သုတ်ရင်း ပြောပါတယ်။

ဆေးရုံတက်နေစဉ်ကာလအတွင်းမှာတော့ ဒေသတွင်းကူညီရေးအဖွဲ့တွေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတာဝန်ရှိသူတွေက ပင်ပန်း၊ဆင်းရဲလွန်းတဲ့ မဖြိုးဖြိုးစံတို့မိသားစုကို စားရေး၊ သောက်ရေးနဲ့လိုအပ်တဲ့ ဆေးဝါး၊သွေး ရှာပေးတာတွေ ကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဆေးကုစရိတ်တွေ၊ ဆေးခတွေတော့ မပေးရဘူး။စားဖို့သောက်ဖို့လည်းကူ ညီကြတယ်။ကိုယ့်အပိုင်း(ရပ်ကွက်)ကလည်း ပိုက်ဆံကောက်ပေးကြတယ်။” လို့ မဖြိုးဖြိုးစံရဲ့ မိခင်က ပြောပါတယ်။

မဖြိုးဖြိုးစံဟာ တလကျော်ကြာ ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ရပြီး မကြာသေးခင် လွန်ခဲ့တဲ့နှစ်ပတ်ကမှဆေးရုံဆင်းလာခဲ့ကြရကာ ခုတော့ နေအိမ်ပြန်ရောက်နေပါပြီ။

ဆေးရုံဆင်းလာပေမယ့် အနာမကျက်သေးတာ ကြောင့် တပတ်တခါ ပုံမှန် ဆေးသွားထည့်နေရတယ်လို့ ဆိုပါတယ်။

“ဆေးခန်းမှာ ဆေးတစ်ခါထည့်ရင်း တစ်သောင်းလောက် ပေးရတယ်။” လို့ မဖြိုးဖြိုးစံရဲ့ မိခင်က ပြောပါတယ်။

ကိုယ်ပိုင်မဟုတ်တဲ့ မြေကွက်လပ်တခုမှာ ဆောက်ထားတဲ့ ဆယ်ပေဝန်းကျင် ဓနိမိုး၊တာလပတ်ကာ တဲအိမ်လေး မှာ နေထိုင်ကြရတဲ့ သူတို့မိသားစုဟာ သမီးလေး မသန်စွမ်းဖြစ်သွားတာကြောင့် ဝမ်းရေးဘယ်လို ဖြေရှင်းကြမလဲခေါင်း ခဲနေရတယ်လို့ ဆိုပါတယ်။

ကိုယ့်အိမ်၊ ကိုယ်ယာနဲ့ နေထိုင်ခဲ့ပြီး ပိုက်ချ(ငါးဖမ်း)အလုပ် လုပ်ကိုင် အ သက်မွေးခဲ့တဲ့ မဖြိုးဖြိုးစံရဲ့ ဖခင်ဟာ လွန် ခဲ့တဲ့သုံးနှစ်က သားကြီးကို ရှင်ပြုနိုင်ဖို့ရည်မှန်းချက်နဲ့ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ခဲ့ပါတယ်။

ပွဲစားအချိတ်အဆက်နဲ့မလေးရှားနိုင်ငံသို့ရောက်ခဲ့ပေမယ့် မလေးရှားမှာ ဖမ်း ဆီးခံရကာ လေးလကျော် အချုပ်ကျခဲ့ပြီး အဲဒီမှာပဲ လည်ချောင်းကင်ဆာရှိနေကြောင်း သိခဲ့ရပါတယ်။

မလေးရှားအချုပ်မှ လွတ်လာပြီး ရန်ကုန်မှာ တနှစ်ကျော် ဆေးကုခဲ့ရပါသေးတယ်။

ဆေးကုစရိတ်အတွက် နေရပ် မှာ ကျန်နေခဲ့တဲ့ အိမ်နဲ့ခြံကို ပေါင်နှံခဲ့ရပြီး နော က်ပိုင်း ပြန်မဆပ်နိုင်၊ဆေးကုရတဲ့ကာ လကလည်း ကြာလာတော့ အပြီးတိုင် ရောင်းခဲ့ရပါတယ်။

အာရက္ခဒေသအဆုံးအဖြတ်စစ်ပွဲဖြစ် လာပြီး လမ်းတွေပိတ်သွားပြီးတဲ့နောက်မှာတော့ ဆေးဆက်မကုတော့ဘဲ နေရပ်ပြန်လာခဲ့ပါတော့တယ်။

နေရပ်ရောက်ချိန် အိမ်နဲ့ခြံမရှိတော့တာကြောင့် မိတ်ဆွေတဦးရဲ့ခြံကွက်လပ်ထဲ တဲအိမ်ဆောက်နေထိုင်ခဲ့ကြရကာ ခုဆို အဲဒီတဲအိမ်မှာနေထိုင်လာတာ တနှစ်ကျော်ခဲ့ပြီလို့ ဆိုပါတယ်။

“ပိုင်ရှင်မှာ ဒီမြေကွက်ရောင်းထွက်သွားရင် နေစရာမရှိတော့ဘူး။ဘယ်နေ့ရော င်းထွက်မလဲမသိဘူး။”လို့ မဖြိုးဖြိုးစံ ရဲ့မိခင်က ပြောပါတယ်။

မဖြိုးဖြိုးစံဟာ မိုင်းမထိခင်ကာလတွေတုန်းကဆိုရင် လည်ချောင်းကင်ဆာဝေ ဒနာရှင် ဖခင်ဖြစ်သူကို ပြုစု၊ထမင်း၊ဟ င်းချက်ကူရင်း အိမ်မှာနေကာ မိခင်ဖြစ်သူကတော့ အပြင်ထွက်အလုပ်လုပ်၊ဝ မ်းရေးဖြေရှင်းနေခဲ့ကြတာပါ။

ခု မဖြိုးဖြိုးစံ ခြေထောက်တဖက်ဖြတ်လိုက်ရချိန်မှာတော့ မိခင်ဖြစ်သူဟာ အ ပြင်ထွက်အလုပ်လုပ်ဖို့ ခက်ခဲသွားပါတော့တယ်။

ဒါပေမယ့် ချက်စရာဆန်မရှိတော့တဲ့နေ့ရောက်လာရင်တော့ အပြင်ထွက်အလု ပ်လုပ်ရတော့မယ်လို့ ဆိုပါတယ်။

ခုတော့ ဝိုင်းဝန်းကူညီပေးထားကြတဲ့ ဆန်အနည်းငယ်နဲ့ငွေကြေးအချို့ ရှိနေသေးတယ်လို့ မဖြိုးဖြိုးစံမိခင်က ပြောပါတယ်။

“(အလုပ်)လုပ်တော့လုပ်ရတော့မှာပေ့ါ၊ ဘယ်လိုပြောမလဲ အငတ်ကမခံနိုင်ဘူးလေ၊(သမီးနဲ့ အမျိုးသားကို)စိတ်တော့ ဘယ်ချပါ့မလဲ။” လို့ မဖြိုးဖြိုးစံက မိခင်က ပြောပါတယ်။

ချက်ပြုတ်စရာ ဆန်မရှိတော့ရင်၊ ငါး၊ ဟင်း ဝယ်ခြမ်းဖို့ ပိုက်ဆံမရှိတော့ရင်တော့ မဖြိုးဖြိုးစံမိခင်ဟာ သမီးနဲ့အ မျိုးသားတို့ကို စိတ်မချပေမယ့်လည်း အငတ်ဘေးမရောက်ဖို့အရေး အပြင်ထွက် အလုပ်လုပ်ရတော့မှာပါ။

“မနက်ဖြန်၊သံဖက်ခါ လုပ်တော့မယ်။ဒီနေ့သွားဖို့ လုပ်နေတာ နေမကောင်းဖြစ်သွားလို့။” လို့ မဖြိုးဖြိုးစံမိခင်က ပြောပါတယ်။

မဖြိုးဖြိုးစံရဲ့မိခင်ဟာ မြစ်ကမ်းစပ်သို့ဆင်း ဂုံးကောက်၊ ငါးရှာပါတယ်။တခါတစလေတော့ ခင်မင်ရသူတွေက ထုတ် ပေးတဲ့အရင်းအနှီးနဲ့ ငါးဝယ်ကာ စျေးထဲပြန်ရောင်းလေ့ရှိပါတယ်။

အရောင်းအချကောင်းရင် မိသားစုတစ်နပ်စာဖူလုံပေမယ့်အရောင်းအချမကောင်း၊အမြတ်နည်းတဲ့ရက်တွေမှာတော့ မလောက်မငှစားသောက်၊အငတ်နေခဲ့ကြရတယ် လို့ပြောပါတယ်။

အာရက္ခပြည်အတွင်းမှာ မဖြိုးဖြိုးစံနည်းတူ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက်ရသူ၊ခြေပြတ်လက်ပြ တ်ဖြစ်ရသူ၊သေဆုံးရသူတွေ အများအပြားရှိနေပါတယ်။

အာရက္ခတပ်တော်(AA)ရဲ့အချက် အ လက်တွေအရ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ လ၂၀ ရက်နေ့ထိ မိုင်းနဲ့စစ်ကျန်လက် နက်ကြောင့် သေဆုံးရသူ ၅၁ ဦး၊ဒဏ် ရာရသူ ၂၈၅ ဦး ရှိခဲ့ပါတယ်။

အဲဒီမိုင်းနဲ့ စစ်ကျန်လက်တွေကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူတွေအ တွက် ခြေတု၊လက်တုတွေနဲ့စားနပ်ရိ က္ခာထောက်ပံ့ပေးဖို့ အရေးတကြီးလို အပ်နေသလို စိတ်ပိုင်းဆိုင်ရာကုစာပေးဖို့ကလည်း လိုအပ်နေတယ်လို့ ကူညီရေးအဖွဲ့တွေ၊မသန်စွမ်းအဖွဲ့တွေက ထောက်ပြပြောဆိုကြပါတယ်။

“မသန်စွမ်းသူတွေရဲ့အခြေခံအကျဆုံးလိုအပ်ချက်ကတော့ သူတို့ရဲ့သက်မွေးဝမ်းကျောင်းနဲ့အလုပ်အကိုင်ကပိုအ ရေးကြီးပါတယ်။” လို့ ရခိုင်မသန်စွမ်းသူများအသင်းရဲ့ဥက္ကဋ္ဌဦးလှမြင့်က ပြောပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ နိုင်ငံတကာနဲ့ပြည်တွင်းကူညီရေးအဖွဲ့တွေကလည်း ထိရောက်ပြီး ရေရှည်အဆင်ပြေစေ မယ့် အထောက်အပံ့မျိုး ကူညီပေးတာ မရှိဘူးလို့ မိုင်းထိမှန်ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေက Border News Agency ကို ပြောကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း မိုင်းနဲ့စစ်ကျန်လက်နက်သင့် ပြည်သူတွေကို အကူအညီပေးတာတချို့ ရှိပေမယ့် ထိရောက်တဲ့အထောက်အပံ့တွေပေးတာတော့ မတွေ့ရဘူးလို့ အာရက္ခပြည်သူတွေနဲ့အရပ်ဖက်အဖွဲ့တွေက ဆိုကြပါတယ်။

မြေမြုပ်မိုင်းကြောင့် ၁၂ နှစ်အရွယ်သ မီးဖြစ်သူ ခြေထောက်တဖက်ဆုံးရှုံးခဲ့ရတဲ့ မဖြိုးဖြိုးစံရဲ့မိခင်ကတော့ တခြားပြည်သူတွေ သူ့သမီးလို မဖြစ်ကြရအောင် မြေမုဲပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို ကုန်စင်အောင် ရှင်းလင်းပေးကြဖို့ တောင်းဆိုပါတယ်။

“တခြားသူတွေကိုလည်း ကိုယ့်သမီးလို မဖြစ်စေချင်လို့ မိုင်းတွေကို ရှာပေးကြစေချင်ပါတယ်။ တတ်နိုင်တဲ့လူတွေ ကလေနော်။တောင်ကို ရှင်းလင်းပြီးတော့၊ ကိုယ့်သမီးဖြစ်သလို တခြားလူကို မဖြစ်စေချင်ဘူး။ကိုယ်က ခံစားရသလို လူ(အခြားသူ)ကိုလည်း မခံစားစေချင်” လို့ ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ အာရက္ခပြည်တွင်း ရှိနေတဲ့ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို တတ် နိုင်သလောက် ရှင်းလင်း၊ဖယ်ရှားနေပေမယ့် စက်ကိရိယာတွေ လုံလောက်၊ပြ ည့်စုံမှုမရှိတာကြောင့် အပြည့်အ၀ ရှင်း လင်းပေးနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

“အဓိကစိန်ခေါ်မှုအခက်အခဲတွေကတော့ မိုင်းရှင်းရေးအတွက် လိုအပ်တဲ့ခေတ်မီစက်ကိရိယာတွေအလုံအ လော က်မရှိတာပဲဖြစ်ပါတယ်။” အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

ဒါ့ကြောင့် မိုင်းရှင်းလင်းရေးအထော က်အကူပြုပစ္စည်းကိရိယာတွေကို အိမ် နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အ စ ည်းတွေအနေနဲ့ အကူအညီပေးနိုင်ရင်တော့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ဒီထက်ပိုပြီးတော့ အရှိန်အဟုန်မြင့် လုပ်ဆောင်ပေးနိုင်မယ်လို့ သူက ပြောပါတယ်။

မိသားစုငွေကြေးအခက်အခဲကြောင့် အတန်းပညာ သုံးတန်းသာ သင်ခဲ့ရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်အလုပ်တွေ ဝိုင်းကူနေရတဲ့ မဖြိုးဖြိုးစံမှာ ရည် မှန်းချက်တွေ ရှိနေပါတယ်။

မိသားစုစားရေးတယောက်တည်း ရုန်း ကန်ရှာဖွေနေရတဲ့ မိခင်ဖြစ်သူကို ဝိုင်းကူပေးချင်တဲ့ မဖြိုးဖြိုးစံဟာ ပြင်ပထွက်၊ နိုင်တဲ့အလုပ်တွေလုပ်ပြီး မိသားစုအတွက် နိုင်သလောက် ငွေကူရှာပေးချင်တဲ့ ဆန္ဒရှိနေတာပါ။

နီးစပ်ရာ မုန့်တီဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကလည်း မဖြိုးဖြိုးစံကို အလုပ်လာလုပ်ကြဖို့ ကမ်းလှမ်းတာတွေ ရှိနေပါတယ်။

“ဆိုင်တွေမှာ လုပ်မယ်ပြောတာ၊ မေမေက မလုပ်ရဘူး။ဘာဘာ(အဖေ)အနားမှာ နေရတယ်။ မုန့်တီဆိုင်တွေ၊မုန့်ဆိုင်တွေကလည်း ငှားတယ်။” လို့ မဖြိုးဖြိုးစံက ပြောပါတယ်။

ခု မိုင်းထိမှန်လို့ ခြေထောက်တဖက်ဖြ တ်လိုက်ရပေမယ့် မဖြိုးဖြိုးစံကတော့ သူ့ဆန္ဒ၊ ရည်မှန်းချက်တွေကို လက်မလျော့ပါဘူး။

မိုင်းထိဒဏ်ရာ အနာမကျက်တစ်ကျက်ဖြစ်နေပြီဖြစ်တဲ့ မဖြိုးဖြိုးစံဟာ အကူအညီရထားတဲ့ ဂျိုင်းထောက်တခုနဲ့ လမ်းလျောက်ကျင့်နေပါပြီ။

အနာကျက်၊ ကောင်းသွားလို့ ခြေတုအ ကူအညီ ထပ်ရခဲ့ရင်တော့ ပြင်ပထွက်ကာ အလုပ်လုပ်တော့မယ်လို့ သူ့ဆန္ဒ ကို ပြတ်ပြတ်သားသား ပြောပါတယ်။

“ကြီးလာရင် ခြေတုတပ်မယ်။မုန့်ဆိုင်တွေမှာ လုပ်မယ်။ အမေ့ကို ကူမယ်။” လို့ မဖြိုးဖြိုးစံက ဖြတ်ထားရတဲ့ ခြေတစဖက်ကို နောက်ခြေတဖက်ပေါ်တင်၊ ခြေချက်ထိုင်ကာ သူ့ရည်မှန်းချက်ကို တက်တက်ကြွကြွပြောနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here