ကမ္ဘာ့ရာသီဥတုကပ်ဘေးကို အာရက္ခဒေသခံနိုင်ရည်ရှိအောင် ဘယ်လိုထိန်းကြမလဲ

By

ခိုင်ဇော်ရေးပါတယ်။

တဆောင်းကုန်လို့ နွေသို့ကူးပြီ၊တိုက်ခတ်လာတဲ့ လေရူးတွေကလည်း ဟိုးတုန်းကလို အေးမြမြမဟုတ်တော့၊ပူနွေးနွေး။ထိုလေထုထဲ သဲမှုန်များပါ တွဲခိုလွင့်စင့်လာသေးတယ်။တံလျှပ်တို့ကလည်း တလျှပ်လျှပ် ထနေတယ်။

ဖောက်ပြန်လာတဲ့ ရာသီဥတုကြောင့် လေနုအေးတွေ မတိုက်တော့တဲ့ နွေအပူချိန်အောက် အမိုးအရိပ်မရှိ ကန်သင်းရိုးပေါ်ထိုင်ကာ ပိန်လှီဝါဖျင့်နေတဲ့ ငရုတ်စိုက်ခင်းတွေကို ငေးနေသူတဦးလည်း တွေ့ရပါတယ်။

သူဟာ ပေါက်တောမြို့နယ်မှ ငရုတ်အဓိကစိုက်ပျိုးတဲ့ ဆောင်းသီးနှံစိုက်တောင်သူ ဦးကျော်၀င်းပါ။

အသက်ခြောက်ဆယ်အရွယ် ဦးကျော်၀င်းဟာ ဆောင်းသီးနှံစိုက်ပျိုးပြီး မိသားစုစား၀တ်နေရေး၊ပညာရေး ဖြေရှင်းလာခဲ့တာနှစ်သုံးဆယ်၀န်းကျင်ရှိပါပြီ။

သူဟာ အရင်နှစ်တွေက ငရုတ်၊ခရမ်း၊မေမြို့ပန်းတို့အနည်းငယ်စီ စိုက်ပျိုးခဲ့ပေမယ့် ဒီနှစ်မှာတော့ ငရုတ်တမျိုးတည်းကိုသာ နှစ်ဧကကျော်စိုက်ပျိုးခဲ့ပါတယ်။

ကုန်ခဲ့တဲ့နှစ်တွေတုန်းက အာရက္ခပြည်မှာ ငရုတ်သီးရှားပါးကာ ဈေးအလွန်တက်ခဲ့တာကြောင့် အမြတ်အစွန်းပိုရမယ်လို့ မျှော်လင့်ပြီး ငရုတ်တမျိုးတည်းပဲ စိုက်ပျိုးခဲ့တာပါ။

ဆက်သွယ်‌ရေးလမ်းကြောင်းတွေအားလုံး ဖြတ်တောက်ခံထားရပြီး ပြည်မဘက်ကနေ ဟင်းသီးဟင်းရွက်‌အ၀င်မရှိတော့တဲ့ အာရက္ခပြည်မှာ သီးနှံဖူလုံမှုရှိစေဖို့အတွက်လည်း ရည်ရွယ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် သူရည်ရွယ်မျှော်လင့်ခဲ့သလို ဖြစ်မလာ။မှန်းချက်နဲ့ နှမ်းထွက် တက်တက်စင်အောင်လွှဲခဲ့ပြီ။

ရေချိုချောင်းဖျားအနီးလယ်ကွက်မှာ ဆောင်းသီးနှံစိုက်ပျိုးလေ့ရှိတဲ့ ဦးကျော်၀င်းဟာ သူ့စိုက် ခင်းအတွက် လိုအပ်တဲ့ရေကို ချောင်းကနေရေစုပ်စက်နဲ့တင်ယူ၊ပေးဝေ‌နေလာခဲ့တာ ဆယ်စုနှစ်နှစ်ခု ကျော်လာပါပြီ။

(ဓာတ်ပုံ – မိုခါအလွန်တွေ့ရတဲ့စစ်တွေမြို့တွင်းတနေရာ / BNA)

အဲဒီအပြင် လိုအပ်လာခဲ့ရင် သုံးဖို့စိုက်ခင်းအနီး ရေကန်ငယ်တခုလည်း တူး‌ဆည်ထားပါသေးတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ ရေချိုချောင်းဟာ ဆားငံရည်၀င်သွားတာကြောင့် သူစိုက်ထားတဲ့ ငရုတ်ခင်းတွေကို ရေမပေးနိုင်တော့ပါဘူး။

“ဖျား(ဒီရေ)ကြီးလို့လား။အပူပြင်းလို့လားပဲ။ ဒီနှစ်ချောင်း(ရေ)က ငံသွားပြီ၊အရင်နှစ်တွေကလည်းငံပေမယ့် ဒီနှစ်က ရေငံတာတော်တော်စောတယ်။ရာသီဥတုတွေ ဖောက်လာတာ သိသာတယ်။” လို့ ဦးကျော်၀င်းက Border News Agency ကို ပြောပါတယ်။

လက်ရှိကြုံနေရတဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းကြောင့် အပူချိန်မြင့်တက်လာပြီး ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာနေတာပါ။

(ဓာတ်ပုံ – မိုခါအလွန်တွေ့ရတဲ့စစ်တွေမြို့နယ်ကဒုက္ခသည်စခန်းတနေရာ / BNA)

ပြီးခဲ့တဲ့ ၁၉၉၀ မှ ၂၀၁၉ ခုနှစ်အတွင်း ပင်လယ်ရေမျက်နှာပြင်ဟာ ၆ စင်တီမီတာပိုမိုမြင့်တက်လာခဲ့ပြီး လာမယ့် သက္ကရာဇ် ၂၁ဝဝ ခုနှစ်မှာတော့ ၅ဝ စင်တီမီတာထိမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဦးကျော်၀င်း အရံအနေနဲ့ တူး‌ဆည်ထားခဲ့တဲ့ ရေကန်မှာလည်း ရေခြောက်ခမ်းစပြုလာပါပြီ။

“ကန်ရေကလည်း လုံး၀ခမ်းတော့မယ်၊စိုက်ခင်းကိုလောင်း(ပေး) စရာ ရေမရှိတော့ဘူး” လို့ ဦးကျော်၀င်းက ပြောပါတယ်။

အဲဒါကြောင့် သီးစ၊ပွင့်စသာရှိသေးတဲ့ ဦးကျော်ကြီးရဲ့ ငရုတ်ခင်းတွေဟာ ပိန်လှီဝါဖျင့်နေရတာပါ။အရင်းရဖို့ မဆိုထားနဲ့၊နှစ်ကြိမ်၊သုံးကြိမ်သာ ခူးဆွတ်ရောင်းရသေးတဲ့ ငရုတ်စိုက်ခင်းတွေ လိုအပ်တဲ့ အစာအာဟာရ မစားရ၊ရေမရတော့ မသေရုံတမယ်ဝါဖျင့် ဖြစ်လာတာလို့ ဆိုပါတယ်။

“ဓါတ်ဆီတလီတာ တသောင်းနဲ့တင်ရတာ၊ ဘာမှတောင် မရောင်းရသေး။ ရေကလည်းကုန်ပြီ။ ပစ်ထားလိုက် ရတော့မယ်။ အရင်းမနည်းဘူး။” လို့ ဦးကျော်၀င်းက ပြောပြီး သက်ပြင်းရှည် တချက်ချလိုက်ပါတယ်။

အဲဒီအပြင် ဦးကျော်၀င်းရဲ့ငရုတ်ခင်းဟာ ရေမလောက်လို့ရေ၀အောင်မလောင်းရတဲ့အပြင် အပူချိန်ပြင်းလွန်းတာ။အပူအအေး မညီမျှတာကြောင့်လည်း ပိုးမွှားကျတာ၊ရောဂါ၀င်တာတွေပါ ရှိနေတယ်လို့ဆိုပါတယ်။

“အရင်ကလည်း ငရုတ်အများကြီး စိုက်ဖူးတယ်။အခုလောက် ဆေးတွေမသုံးရဘူး။အခုက ဆေးတွေနဲ့တောင် လိုက်မမီဘူး။ရောဂါအသစ်တွေ အများကြီးဖြစ်တယ်။” လို့ ဦးကျော်၀င်းက ပြောပါတယ်။

ရာသီဖောက်ပြန်မှုကြား ခက်ခဲလာတဲ့စိုက်ပျိုးရေး

ဦးကျော်၀င်းနည်းတူ အာရက္ခပြည်အတွင်းက တခြားစိုက်ပျိုးရေးလုပ်တောင်သူတွေဟာလည်း ပုံမှန်မဟုတ်တော့တဲ့ ရာသီဥတုကြောင့် အခက်အခဲမျိုးစုံကြုံနေကြရပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ တနှစ်ထက်တနှစ် ပိုပြင်းလာတဲ့ အပူချိန်ကြောင့် ဆောင်းသီးနှံစိုက်တောင်သူတွေ အဖို့ ရေရှားပါးကာ အခက်ကြုံကြရတယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

မြေအောက်ရေဟာလည်း တဖြေးဖြေးလျော့နည်းလာခဲ့တယ်လို့ ပညာရှင်တွေနဲ့ကိုယ်တိုင်ကြုံကြရတဲ့ တောင်သူတွေက ဆိုကြပါတယ်။

“အရင်ကဆို နည်းနည်းလေးတူးရင် ရေထွက်ပြီ။အခုက လူတရပ်၊နှစ်ရပ်တူးလည်း မထွက်တော့ဘူး။” လို့ ‌မိုးစပါးနဲ့ဆောင်းသီးနှံစိုက်ပျိုးလာတာ နှစ်ငါးဆယ်ကျော်ရှိပြီဖြစ်တဲ့ မင်းပြားမြို့နယ်မှ ဒေါ်ယိုင်နုက ပြောပါတယ်။

အဲဒါကြောင့် တောင်သူတွေဟာ သူတို့ရဲ့စိုက်ပျိုးရေးလုပ်ငန်းအတွက် မိုးရေကို သိုလှောင်ထားမယ့် ရေကန်ကြီးတွေကို အရင်းအနှီးအများအပြားစိုက်ကာ တူးဖော်ဆည်ဖို့ ထားကြရပါတယ်။

“ကန်ငယ်ရင် ရေက သိပ်မခံဘူး။နေပူတအားပြင်းတော့ မတ်လတောင်မကုန်ဘူး။အကုန်ခမ်းပြီ။” လို့ ပေါက်တောမြို့ နယ်မှ ဦးကျော်၀င်းက Border News Agency ကို ပြောပါတယ်။

ဒါပေမယ့် ဦးကျော်၀င်းတို့လို အရင်းအ နှီးအများကြီးမစိုက်နိုင်သူတွေမှာ တနွေလုံးသုံးရလောက်တဲ့ ရေကန်ကြီးတွေတူးကာ ရေသိုလှောင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။

(ဓာတ်ပုံ – မယူတောင်ခြေအနီးက ဆောင်းသီးနှံစိုက်ခင်းတခုကို ၂၀၂၃ ခုနှစ်ကတွေ့ရပုံ / BNA)

ခုလိုကာလ စက်သုံးဆီဈေးနှုန်း၊မြေတူးစရိတ်နဲ့ဆိုရင် ပိုဝေးနေသေးတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။

အရင်က မြေတူးစက်(ဘက်ဟိုး)တစီးတနာရီကို မြေတူးခတသိန်း၀န်းကျင်သာပေးခဲ့ရရာကနေ ခုဆိုရင်လေး သိန်းထိပေးကြရတယ်လို့ ဆိုပါတယ်။

“ကန်တကန်တူးရင် သိန်းရာနီးပါးကုန်မယ်။စာရိတ်အနည်းနဲ့ကန်အသေးလေး တူးရင်ဘာမှမထူးဘူး။ဆောင်းကုန်တာနဲ့ခမ်းပြီ။” လို့ ကိုယ်တိုင်ရေအခက်အခဲကြုံနေရတဲ့ ဦးကျော်၀င်းက ပြောပါတယ်။

အာရက္ခပြည်အတွင်းက တောင်သူတွေဟာ ရေအခက်အခဲအပြင် သွင်းအားစုတွေ ဈေးအဆမတန်ကြီးနေတဲ့ ဒဏ်ကိုလည်း ခံကြရပါသေးတယ်။

စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုတွေဖြစ်တဲ့ ဓါတ်မြေဩဇာ၊မျိုးစေ့၊ပိုးသတ်ဆေး၊အပင်အားဆေး၊အသီးအပွင့်အားဆေးစတာတွေဟာ သုံးဆကနေခြောက်ဆလောက်ထိ တက်ကုန်တယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

အရင် နှစ်ထောင်၊သုံးထောင်၀န်းကျင်ရှိခဲ့တဲ့ မျိုးစေ့ထုတ်တွေဟာခုအခါ နှစ်သောင်းကျော်ကနေ လေးသောင်းနီးပါးထိရှိကာ တသိန်းကျော်သာရှိခဲ့တဲ့ ဆယ့်ငါးပတ်လည် ဓါတ်မြေဩဇာဆိုရင်လည်း တအိတ်ကိုကျပ်ခြောက်သိန်းကျော်ထိ ရှိနေတယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

အဲဒီလိုဈေးတက်တဲ့အပြင် လိုအပ်တဲ့ဆေးဝါး၊မျိုးစေ့တွေကိုလည်း လွယ်လွယ်ကူကူ၀ယ်မရကြပါဘူး။

အဲဒါကြောင့် အာရက္ခပြည်အတွင်းက တောင်သူတွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေကို ရေရှည်ဆက်လုပ်နိုင်ဖို့ စိန် ခေါ်မှုများစွာနဲ့ ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။

တချို့ဆိုရင် မိရိုးဖလာအစဉ်အဆက်လုပ်လာခဲ့ပြီး မိသားစုစား၀တ်နေရေး၊သားသမီးပညာရေးတို့ ဖြေရှင်းလာခဲ့တဲ့ စိုက်ပျိုးရေးအလုပ်ကို တဖြေးဖြေးစွန့်ခွာလာကြတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။

“ဒီနှစ်ဆို အရှုံးက ရာဂဏန်းရှိတယ်နောက်နှစ် နလန်ထူဖို့ မလွယ်ဘူး။” ပေါက်တောမြို့နယ်မှ ငရုတ်စိုက်တောင်သူဦးကျော်၀င်းက Border News Agency ကို ပြောပါတယ်။

ခြိမ်းခြောက်က်ခံလာရတဲ့စားနပ်ရိက္ခာဖူလုံရေး

အဲဒီလိုစိုက်ပျိုးရေးလုပ်ငန်းအတွက် အခက်အခဲ၊စိန်ခေါ်မှုတွေများလာတာရဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ စိုက်ပျိုးထုတ်လုပ်သူတွေ လျော့နည်းလာတာဖြစ်ပြီး ခုကတည်းက စိုက်ပျိုးသူတော်တော်နည်းသွားခဲ့ပြီလို့ ‌‌ဆိုကြ ပါတယ်။

ဆောင်းသီးနှံနဲ့ နှစ်ရှည်သီးနှံအများအပြားစိုက်ပျိုးလေ့ရှိတဲ့ မြောက်ဦးမြို့နယ်လေးမြို့ချောင်းဒေသမှာလည်းအရင်ကလို ဧကဆယ်ချီ အများအပြားစိုက်ပျိုးသူတွေ မရှိတော့ဘူးလို့ ပြောကြပါတယ်။

“လေးမြို့ချောင်းက အသီးအနှံတွေလည်း အရင်လိုမလာတော့ဘူး။အရင်ကဆို လေးမြို့ချောင်းက လာတာအပေါဆုံးပဲ။ဘုတ်(စက်လှေ)တွေနဲ့ တောက်လျောက်လာရောင်းကြတာ။” လို့ မင်းပြားမြို့နယ် စွန်ရဲကျေးရွာမှ ဒေသခံတဦးက Border News Agency ကို ပြောပါတယ်။

(ဓာတ်ပုံ – မယူတောင်ခြေအနီးမှာတောင်သူတဦးဆောင်းသီးနှံစိုက်ပျိုးဖို့ထွန်ယက်နေပုံ / BNA)

အဲဒီအပြင် စစ်ကောင်စီက ပြည်မနဲ့ ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေမပိတ်ခင်တုန်းကဆိုရင် ပြည်မဖက်ကနေလည်း အာရက္ခပြည်တွင်းသို့ ဟင်းသီးဟင်းရွက်၊သီးနှံတွေ အလုံးအရင်းနဲ့ တင်သွင်းခဲ့ကြပါတယ်။

ခုလမ်းတွေအကုန်ပိတ်သွားတော့ ပြည်မဖက်လမ်းကြောင်းကနေလည်း မ၀င်တော့ဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ဟင်းသီးဟင်းရွက်ကအစ ရှားလာပြီ။” လို့ အာရက္ခပြည်မှ ကုန်သည်တဦးက Border News Agency ကို ပြောပါတယ်။

ဟင်းသီးဟင်းရွက် စိုက်ပျိုးသူနည်းပါးတာ၊အထွက်နည်းရှားပါးတာတို့ကြောင့် ဒေသတွင်းနေထိုင်သူ လူလတ်တန်းစားတွေအဖို့ အသီးအရွက်ပင် ၀၀လင်လင်မစားကြရတော့ဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“အရင်တထောင်ဖိုးဆိုဟင်း(အသီးအရွက်)စိတ်ကြိုက်စားလို့ရတယ်။အခု သုံးလေးထောင်ဖိုး၀ယ်ရတယ်။” လို့ မိသားစု၀င်လေးဦးရှိတဲ့ မြေပုံမြို့နယ်မှအိမ်ရှင်မတဦးက Border News Agency ကို ပြောပါတယ်။

ဒီအခြေအနေအတိုင်းဆိုရင် အာရက္ခပြည်မှာ လာမယ့်နှစ်တွေအတွင်း ရိက္ခာဖူလုံရေးကိုပါ ထိခိုက်လာနိုင်ပြီး အာဟာရ၊ဗီတာမင်ချို့တဲ့တာစတဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေပါ ပေါ်လာနိုင်တယ်လို့ တောင်သူလယ်သမားအရေးဆောင်ရွက်နေသူတွေက ထောက်ပြကြပါတယ်။

အဲဒီလို ရိက္ခာရှားပါးမှုဟာ ရာသီဥတုဖောက်ပြန်မှုနဲ့ဒေသတွင်းပဋိပက္ခတွေရဲ့အကျိုးဆက်တွေဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP) ရဲ့ ၂၀၂၄ နို၀င်ဘာထုတ် အစီခံရင်ခံစာမှာလည်း ကုန်သွယ်စီးပွားထိခိုက်မှုနဲ့စိုက်ပျိုးထုတ်လုပ်မှုလျော့နည်းလာတာကြောင့် ခု ၂၀၂၅ နှစ်လယ်မှာ အာရက္ခပြည်မှ လူဦးရေနှစ်သန်းခန့် အငတ်ဘေးကျရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒါဟာ လူဦးရေသုံးသန်းနေထိုင် အာရက္ခပြည်လူဦးရေရဲ့ သုံးပုံနှစ်ပုံပမာဏဖြစ်ပါတယ်။

ကျန်းမာရေးကို ဘယ်လိုထိခိုက်စေသလဲ

ကမ္ဘာ့ရာသီဥတုဖောက်ပြန်လာခြင်းရဲ့ အကျိုးဆက်အနေနဲ့ရေရှားပါး၊စိုက်ပျိုးသီးနှံတွေမဖြစ်ထွန်းတော့တဲ့အပြင် လူသားတွေရဲ့ကျန်းမာရေးကိုပါ သိသိသာသာထိခိုက်မှုရှိလာတယ်လို့ အထူးကုဆရာ၀န်ကြီးတွေနဲ့ ကျွမ်းကျင်သူ‌တွေက ဆိုကြပါတယ်။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်ကာ သဘာ၀ပတ်၀န်းကျင် ပြောင်းလဲလာမှု၊အပူချိန်မြင့်မားလာမှုကြောင့် ဂေဟစနစ်တွေ ပျက်စီးလာပြီး အရေးကြီးတဲ့ တိရစ္ဆာန်မျိုးစိတ်နဲ့ အပင်မျိုးစိတ်တွေ ပျက်စီးရကာ အဲဒီအပေါ်မှီခိုနေတဲ့ လူသားတွေရဲ့ကျန်းမာရေးကိုပါ ထိခိုက်လာတာဖြစ်ပါတယ်။

လေထုညစ်ညမ်းခြင်း၊သောက်သုံးရေမသန့်ရှင်းခြင်း၊ဘေးကင်းစိတ်ချရတဲ့ အစားအစာတွေ ချို့တဲ့လာခြင်းစတာ တွေလည်းဖြစ်လာပြီး အဲဒီရဲ့အကျိုးဆက်အနေနဲ့ ကူးစက်ရောဂါတွေ ပျံ့နှံ့စေခြင်း၊စိတ်ကျန်းမာရေးပြဿနာပိုမိုဆိုးရွားလာခြင်းစတဲ့ ပြဿနာပေါင်းစုံကို ဦးတည်လာစေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် လက်ရှိကြုံ‌နေရပြီဖြစ်တဲ့ အပူချိန်လွန် ကဲမြင့်မားလာခြင်းနဲ့မကြာခဏရေကြီး ရေလျှံခြင်းဟာ ရောဂါတွေ၊ထိခိုက်ဒဏ်ရာရခြင်းတွေကို ပိုမိုဆိုးရွားလာစေတယ်လို့ ဥရောပပညာရေးသိပ္ပံဆိုင်ရာအကြံပေးအဖွဲ့(EASAC) က ဆိုထားပါတယ်။

အဲဒီအပြင် ရုပ်ပိုင်းဆိုင်ရာရောဂါတွေလည်း ထူပြောလာကာ ရာသီဥတုအပူ ချိန် အနည်းငယ်မြင့်တက်ရုံနဲ့တင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ ၀မ်းရောဂါတွေ ဖြစ်ပွားမှုကို ပိုမိုမြင့်မားစေတယ်လို့ ဆရာ၀န်တွေ ထောက်ပြကြပါတယ်။

“ရာသီဥ‌တုဖောက်ပြန်ရင် အကုန်လုံးထိတာပါပဲ။အပူချိန်လွန်ကဲတာက ကျန်းမာရေးဆိုးကျိုးတွေကိုပဲ ဖြစ်စေတယ်။” လို့ အထွေထွေရောဂါအထူးကုဆရာ၀န်ကြီးတဦးက Border News Agency ကို ပြောပါတယ်။

(ဓာတ်ပုံ – အာရက္ခဒေသကအရေးပြားယားနာဖြစ်နေတဲ့ကလေးငယ်တဦး / BNA)

ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း၊အပူချိန်လွန်ကဲခြင်းကြောင့် ခြင်မှတဆင့်ကူးစက်တတ်တဲ့ ငှက်ဖျားရောဂါကိုလည်း ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။

“ခြင်ပေါလာတာက တအားသိသာတယ်။ရာသီတိုင်းမှာ ကိုက်တယ်။ နေ့ခင်းတောင် ကိုက်တယ်။ရာသီဥတုက မမှန်တော့ဘူးလေ။”လို့ မြေပုံမြို့မှ အသက်ခုနှစ်ဆယ်ကျော်အရွယ် လူကြီးတဦးက Border News Agency ကို ပြောပါတယ်။

ငှက်ဖျားရောဂါကို ဖြစ်ပွားစေတဲ့ အနောဖလိခြင်ဟာ ကမ္ဘာတဝှမ်းမှ နှစ်စဉ်လူလေးသိန်းခန့်ကို သေဆုံးစေပြီးပူနွေးတဲ့နေရာတွေမှာ ပိုမိုပေါက်ပွားနိုင်တယ်လို့ EASAC အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် အပူချိန်မြင့်လာရင် ဝတ်မှုံ၀တ်ဆံတွေနဲ့ ညစ်ညမ်းလေထုထဲမှ လူသားကျန်းမာရေးအတွက် ဓါတ်မတည့်တဲ့ ဓါတ်ပစ္စည်းတွေဟာလည်း ပိုများလာပြီး ပန်းနာရင်ကျပ်ရောဂါကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။

အဲဒီရောဂါဟာလည်း ကမ္ဘာတလွှားမှာ လူပေါင်းသန်းသုံးရာကျော်ကို ဒုက္ခပေးနေတဲ့ ရောဂါတခုဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း လာမယ့် ၂၀၃၀ ကနေ ၂၀၅၀ အတွင်း ရာသီဥတုပြောင်းလဲမှုနဲ့ဆက်နွယ်ပြီး တနှစ်ကို လူပေါင်းနှစ်သိန်းခွဲခန့် ပိုမိုသေဆုံးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ရာသီကပ်ဘေး အလေးထားကြဖို့လိုပြီ

လာမယ့်ဆယ်စုနှစ်အတွင်းမှာ ကမ္ဘာ့နေရာအသီးသီးက အပူချိန်တွေဟာ လက်ရှိပျမ်းမျှအပူချိန်ထက် ၁.၅ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်မားလာမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

အဲဒီလို အပူချိန်ပိုမြင့်လာခဲ့ရင် စိုက်ပျိုးထုတ်လုပ်မှုတွေအပေါ် ပိုမိုထိခိုက်လာနိုင်ပြီး လူသားတွေရဲ့ ကျန်းမာရေးပါ ပိုမိုဆိုးရွာလာနိုင်တယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့် ကမ္ဘာ့ရာသီကပ်ဘေးဒဏ်သက်သာစေရန် ဝိုင်း၀န်းထိန်းသိမ်းကြဖို့ အရေးပေါ်လိုအပ်နေပြီလို့ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူတွေက ထောက်ပြနေကြပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု‌များလာလို့ ဖြစ်ရတဲ့ ရာသီဥတုဖောက်ပြန်မှုကို ထိန်းသိမ်းရန်ရှိပြီးသား သစ်တောတွေ ထပ်မပြုန်းရအောင်ထိန်းကြပ်ဖို့လိုသလို ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူတဲ့သစ်တောတွေ ထပ်မံစိုက်ပျိုးကြဖို့လည်း လိုအပ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

အဲဒီအပြင် စိုက်ပျိုးရေးလုပ်ငန်းတွေကို မထိခိုက်စေဖို့အတွက်လည်း မိုးရေသိုလှောင်တဲ့ စနစ်တွေ အကောင်အထည်ဖော်ဖို့နဲ့ ဆည်ရေပေးစနစ်တွေ ပိုလုပ်ဖို့ လိုအပ်တယ်လို့ တောင်သူ လယ်သမားအရေးဆောင်ရွက်သူတွေနဲ့ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆောင်ရွက်‌သူတွေက အကြံပြုကြပါတယ်။

(ဓာတ်ပုံ – ပြီးခဲ့တဲ့နှစ်မိုးရာသီက မြောက်ဦးမြို့ထဲတနေရာမှာရေနစ်မြုပ်နေပုံ / BNA)

တခြားပြည်နယ်၊ တိုင်းတွေနဲ့ယှဉ်ရင် မိုးရေချိန် အများဆုံးရွာသွန်းတဲ့ အာရက္ခပြည်မှာ မိုးရေသိုလှောင်စနစ်တွေ ကောင်းကောင်းမွန်မွန်မရှိသလို ဆောင်းသီးနှံနဲ့ နွေစပါးအတွက် လိုအပ်တဲ့ ဆည်ရေပေးစနစ်တွေလည်း များများ စားစားမရှိပါဘူး။

အာရက္ခပြည်အတွင်း ဆည်‌အချို့ရှိပေမယ့် လယ်ကွင်းတွေဆီ ဆည်လက်တက်အလုံအလောက်မဖောက်ထားတာကြောင့် လယ်ဧကတဆယ့်နှစ်သိန်းကျော်ရှိတဲ့ အာရက္ခပြည်မှာ ဧကအနည်းငယ်ကိုသာ နွေစပါးစိုက်ပျိုးနိုင်ပါတယ်။

“သစ်တောမရှိရင် မြေအောက်ရေကို ထိန်းလို့မရဘူး။စပါးအပြင် တခြားဆောင်းသီးနှံတွေ၊အသွင်ပြောင်းသီးနှံ တွေ စိုက်ပျိုးမယ်ဆိုရင်လည်း မြေအောက်ရေအရင်းအမြစ်ရှိဖို့လိုတယ်။မြေအောက်ရေ ရှိရင်စပါးမဖြစ်ခဲ့ရင်တောင် တခြားတခုစိုက်လို့ ရသေးတယ်လေ။” ဟု သဘာ၀ပတ်၀န်းကျင်အရေးတက်ကြွလှုပ်ရှားသူကိုမျိုးလွင် က ပြောပါတယ်။

(ဓာတ်ပုံ – ဂွမြို့နယ်အပိုင်ရိုမတောင်တနေရာမှာမတရားမဝင်သစ်ခိုးထုတ်နေမှုကို ၂၀၂၃ ခုနှစ်က တွေ့ရပုံ / BNA)

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေအတွက် ပြည်သူ့ဝန်ဆောင်မှုတွေဆောင် ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် စီးပွားဖြစ်သစ်ထုတ်လုပ်မှုကို ဟန့်တားအရေးယူနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သာမာန်တားမြစ်တာမျိုးနဲ့မပြီးဘဲ သစ်တော၊ဒီရေတောတွေ ထပ်မံစိုက်ပျိုးဖို့၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အမျိုးသားရေးမူဝါဒတရပ်ချကာ ဆောင်ရွက်ဖို့ လိုတယ်လို့ သဘာ၀ပတ်၀န်းကျင်အရေးတက် ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

“ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုတာက ရေရှည်လုပ်ရမယ့်ဟာ၊နောက်မှဖြေးဖြေးလုပ်မယ်ဆိုလို့မရဘူး။ခုကတည်းကစမှ တော်ကာကျမယ်။” လို့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို မိရိုးဖလာလုပ်ကိုင်လာခဲ့တဲ့ လယ်သမားအရေးဆောင်ရွက်သူတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးနယ်မြေတွေမှာ သစ်ထုတ်လုပ်မှုတွေအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမယ့်ထုတ်လုပ်မှုတွေ၊လုပ်ဆောင်မှုတွေကို ပြုလုပ်ကျူးလွန်နေကြတယ်လို့ အာရက္ခပြည်သူတွေက အတည်ပြုပြောကြပါတယ်။

အဲဒီအထဲမှာ အရပ်သားပြည်သူတချို့အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အဖွဲ့ဝင်တချို့လည်း ပါဝင်ကျူးလွန်လုပ်ဆောင်နေကြတယ်လို့ အာရက္ခပြည်သူတွေက ထောက်ပြကြပါတယ်။

အဲဒါကြောင့်ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကို အာရက္ခဒေသခံနိုင်ရည်ရှိစေဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ကြိုတင်ကာကွယ်မယ့်မူဝါဒတွေ၊ အစီအမံတွေရှိသင့်သလို ဖျက်ဆီးကျူးလွန်နေကြသူအားလုံးဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်မှာသာ အာရက္ခဒေသခံနိုင်ရည်ရှိမယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here