မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦးပြိုကျရာကနေရုပ်အလောင်း ၉ လောင်းတွေ့ထားပြီး အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သူ ၄၃ ဦးထိရှိလာနေတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီ အင်အားပြင်း ငလျင်ဒဏ်ကြောင့် အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦးပြိုကျခဲ့ပြီး ပိတ်မိနေသူတွေကို ဗဟိုမီးသတ်သင်တန်းကျောင်း၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတာဖြစ်ပါတယ်။
လက်ရှိမှာ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သူ ၄၃ ဦးရှိပြီး သေဆုံးသူ ၉ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ထားကာ နောက်ထပ်ဆက်လိို့ ရှာဖွေနေတယ်လိုဆိုပါတယ်။
မြန်မာနိုင်ငံက မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်အရှေ့၊ရှမ်းပြည်မြောက်ပိုင်းနဲ့နေပြည် တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်၊ဒီနေ့အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။
အဲဒီဒေသတွေမှာ မတ် ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီးနဲ့နောက်ဆက်ဆွဲငလျင်သုံးခုထက်မနည်းလှုပ်ခတ်ခဲ့ပါတယ်။
အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့ မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် ဒေသခြောက်ခုကို အရေးပေါ်အခြေအနေကြေညာလိုက် တာဖြစ်ပါတယ်။
အဲဒီငလျင်ကြီးကြောင့်ပျက်စီးဆုံးရှုံးမှုတွေကို အမြန်ဆုံးစုံစမ်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဲဒီငလျင်ကြောင့်ထိခိုက်ခံစားခဲ့ရသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရရှိအောင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီငလျင်ကြီးကြောင့် လမ်း၊ တံတာ၊ ဆေးရုံ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ၊ လူနေအိမ်တွေ၊ဌာနဆိုင်ရာရုံးတွေပျက်စီးသွားခဲ့ပါတယ်။
အဲဒီအပြင်လူတွေလည်း သေဆုံးဒဏ်ရာရခဲ့ကြသလို ပိတ်မိနေသူတွေ၊ပျောက်ဆုံးနေကြသူတွေလည်း ရှိနေကြပါတယ်။