မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှာ မတ်လ ၂၅ ရက်၊ နေ့လည် ၁၁ နာရီကျော်အချိန်ခန့်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးခြေထောက်တဖက်ပြတ်သွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီသင်္ဘောလှကျေးရွာက ဦးမောင်သိန်းအောင်ရဲ့သား အသက်ငါးဆယ်ခုနှစ်နှစ်အရွယ်ဦးပိန်ညို မှာညာဖက်ခြေထောက်ပြတ်ထွက်သွားပြီး အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ရွာ သားတွေကဆိုကြပါတယ်။
အဲဒီသင်္ဘောလှကျေးရွာအရှေ့ဖက်မီတာနှစ်ထောင်ခန့်အကွာရှိတောထဲကို မတ်လ ၂၅ ရက်၊ နေ့လည် ၁၁ နာရီအချိန်ခန့်က ဦးပိန်ညိုအပါအဝင်ရွာသားငါးဦးဟာ ဝါးခုတ်သွားချိန်မှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့ ခုလိုဒဏ်ရာရသွားတာဖြစ်တယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ သင်္ဘောလှကျေးရွာအနီးရှိတောင်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း မြေမြုပ်မိုင်းနင်းမိလို့ သင်္ဘောလှရွာနေအသက်နှစ်ဆယ်တနှစ်အရွယ် မနေဇာခိုင်မှာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားခဲ့ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ ကြိမ်ချောင်း – တောင်ပြိုကားလမ်းရှိ သင်္ဘောလှရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချတပ်စွဲနေထိုင်ခဲ့ကြပေမယ့် အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြာနေပြီလို့ သင်္ဘောလှရွာသားတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေရှိနေသေးတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါ အဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံရေးဆိုင် ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့လည်း မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။