နေပြည်တော်၊ ဧပြီ ၂။
အာဏာသိမ်းစစ်ကောင်စီဟာ ဧပြီလ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလဖြစ်တယ်လို့ ဧပြီလ ၂ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
မြန်မာပြည်မှာငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့တနိုင်ငံလုံးရှိ ပြည်သူလူထုကို စာနာထောက်ထားနားလည်ပြီးကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ကာတည်ငြိမ်အေးချမ်းမှုကိုရှေးရှုတယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်(AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ၁ လတာတဖက်သတ်အပစ်ရပ်တယ်လို့ဧပြီလ ၁ ရက်နေ့ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ခုလိုတဖတ်သတ်အပစ်ရပ်တယ်လို့ ထုတ်ပြန်တာဖြစ်ပါတယ်။
အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံတွေလည်း ပြိုကျပျက်စီးသွားခဲ့ကြတာဖြစ်ပါတယ်။
အဲဒါကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။