Border News Agency
ပလက်ဝ၊ မေ ၂၃။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်မှာ မေလ ၂၂ ရက်၊ ညနေက မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
သူတို့နှစ်ဦးဟာ ပလက်ဝမြို့နယ်၊ ချင်းလက်ဝကျေးရွာမှာ အလုပ်လုပ်နေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီသေဆုံးသွားသူဟာ ကျောက်တော်မြို့နယ်၊ဝပြန်ကျေးရွာက အသက်လေးဆယ်ငါးနှစ်အရွယ်ဦးဝင်းနိုင်ဖြစ်ပြီးမင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာက အသက်သုံးဆယ်ငါးနှစ်အရွယ်ဦးကျော်လှိုင်မှာ ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီဦးဝင်းနိုင်မှာ ခြေထောက်နှစ်ဖက်စလုံးပြတ်ထွက်သေဆုံးသွားသလို ဦးကျော်လှိုင်မှာလည်း ဘယ်ဖက်မျက်လုံး၊ ဘယ်ဖက်လက်မှာ ဒဏ်ရာရသွားခဲ့တာမို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
သူတို့တွေဟာ မေလ ၂၂ ရက်နေ့က စစ်ကောင်စီစခန်းချနေထိုင်ခဲ့တဲ့အနီးအ နားကို ဟင်းရှာသွားရင်း မြေမြုပ်မိုင်းနင်းမိခဲ့တာလို့ ရွာသားတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေဟာ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တ ရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရတာတွေလည်း မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင်ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေလည်း ကြုံ တွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာမြေမြုပ်မိုင်းနင်းမိသူတွေအပါအဝင် လက်နက်ကိုင်ပဋိပက္ခကြောင့် မသန်စွမ်းဖြစ်သွားကြသူတွေအတွက် အထောက်အကူပြုပစ္စည်းတွေအပါအဝင် အကူအညီတွေလိုအပ်နေကြတယ်လို့ မသန်စွမ်းအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။