Border News Agency
မန္တလေး၊ ဇွန် ၂၅။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့မတ် ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ အဆင့်ရှိငလျင်ကြီးကြောင့် လူဦးရေခြောက်သန်းကျော် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဇွန်လ ၂၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့လအနည်းငယ်က အပြင်းထန်ဆုံးငလျင်ဒဏ်ကို ခံခဲ့ရပြီးနောက် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေဟာ ပိုပြီးဆိုးရွားလာနေတယ်လို့ဆိုပါတယ်။
အဲဒီငလျင်ကြောင့်လူဦးရေခြောက်သ န်းကျော်ဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး ပဋိပက္ခ၊ နိုင်ငံရေးအခြေအနေတွေ၊ ရွှေ့ပြောင်းနေထိုင်မှုတွေကြောင့် အခက်အခဲတွေ ပိုပြီးဆိုး ဝါးခဲ့စေတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှာ ငလျင်ပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်းသုံးထောင့်ရှစ်ရာခန့်သေဆုံးပြီးငါးထောင်ကျော်ဒဏ် ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဘေးအန္တရာယ်ကြောင့် လူနေအိမ်တွေ၊ အခြေခံအဆောက်အအုံတွေပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။
အဲဒီငလျင်ကြောင့်အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေဟာ ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ကြရပါတယ်။
အဲဒီအပြင်ကိုယ်ဝန်ဆောင်အမျိုးသမီး နှစ်သိန်းနှစ်သောင်းကျော်လည်း ကျန်းမာရေးဝန်ဆောင်မှုတွေလိုအပ်နေကြတယ်လို့ ဆိုပါတယ်။