Border News Agency
မင်းပြား၊ ဇူလိုင် ၁၉
အာရက္ခဒေသ မင်းပြားမြို့မှာ လေးမြို့မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းအနီးမှာရှိတဲ့ နေအိမ် ၁၀ လုံးထက်မနည်း ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံတွေက BNA ကို ဒီနေ့ပြောပါတယ်။
ပြောင်းရွှေ့ထားရတဲ့ အိမ်တွေဟာ မင်းဘာကြီးရပ်ကွက်ကဖြစ်ပြီး ဖြိုဖျက်ရမဲ့ အိမ်စာရင်းကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြထားတယ်လို့ မင်းဘာကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှသိန်းမောင် က BNA ကိုပြောပါတယ်။
“လောလောဆယ်တော့ ဖြိုရမယ့်အိမ်တွေကို စာရင်းကောက်ထားတယ်။ သက်ဆိုင်ရာတာဝန်ရှိသူ တွေကို တင်ပြထားပါတယ်။ မြေနေရာဘဲဖြစ်ဖြစ်။ တစ်ခုခုစီစဥ်ပေးရင် ပေးလို့ရအောင်ပါ”
ဒေသခံတွေကတော့ နောက်ထပ် ကမ်းပါးအနီးက အန္တရာယ်ရှိ လူနေအိမ်တွေကိုပါ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြရတယ်လို့ မြို့ခံတွေကပြောပါတယ်။
လက်ရှိ ဘေးလွတ်ရာပြောင်းရွှေ့နေကြရတဲ့ မြို့ခံတွေဟာ ဆွေမျိုးတွေအိမ်မှာ ကပ်ခိုပြီးနေထိုင် နေကြရတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက မြေနေရာချထားပေးတာတွေလုပ်ဖို့ လိုအပ်နေတယ်လို့လည်း ဆိုကြပါတယ်။
မင်းပြားမြို့ မင်းဘာကြီး၊ ဦးစိုးတင့်နဲ့ ပြည်တော်သာ စတဲ့ ရပ်ကွက်တွေမှာ မိုးရာသီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုတွေကို နှစ်စဉ် ကြုံတွေ့နေကြရတာပါ။
ဒါကို ထိရောက်တဲ့ ကာကွယ်တားဆီးမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ မင်းပြားမြို့ခံ ကိုရွှေထူးက BNA ကိုပြောပါတယ်။
“ကမ်းပါးက မိုးရွာလို့ မြေသားတွေနူးနေတာ။ အောက်မှာလည်း မြစ်ရေတိုက်စားလို့ ဂလိုင်ခေါင်း ဖြစ်နေတာ။ လှိုင်းပုတ်တာနဲ့ အဲ့ဒီကမ်းပါးတွေက ပြိုကျတယ်။ နှစ်တိုင်းလိုလို ဒီလိုကမ်းပါးပြိုနေတာ။ ကမ်းနားက လူတွေကိုတော့ နှစ်တိုင်းလိုလို အမျိုးတွေအိမ်မှာ ပြောင်းနေဖို့ သတိပေးနေရတယ်။ ကမ်းပါးပြိုကျတာကို တားဆီးဖို့လိုအပ်နေတယ်။ ကမ်းပါးတွေမပြိုကျရအောင် ထိန်းသိမ်းပေးတဲ့ ဒီရေပင်တွေ စိုက်ဖို့လိုအပ်နေပါတယ်”
မင်းပြားမြို့ ဖောင်တော်ဆိပ်ကမ်းဟာလည်း မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကို နှစ်စဉ် ကြုံနေရတယ် လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လကလည်း လေးမြို့မြစ်ရေကြီးပြီးတဲ့နောက် မင်းပြားမြို့မှာ မြစ်ရေတိုက်စားလို့ ကမ်းပါးပြိုကျပြီး လူနေအိမ် နှစ်လုံးပျက်စီးသွားခဲ့သလို နောက်ထပ် အိမ်ဆယ်လူံးလောက် ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ရပါတယ်။
အလားတူ ၂၀၂၃ ခုနှစ်ကလည်း မင်းပြားမြို့၊ မင်းဘာကြီးနဲ့ ဦးစိုးတင့်ရပ်ကွက်တွေမှာ မြစ်ရေ တိုက်စားလို့ ကမ်းပါးပြိုကျပြီး လူနေအိမ် နှစ်ဆယ်ကျော်ခန့် ဘေးလွတ်ရာကို ပြောင်းရွေ့ခဲ့ရတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
Comments 1
The thoroughness in this section is noteworthy. https://prohnrg.com/product/loratadine-10-mg-tablets/