Border News Agency
ကရင်ပြည်၊ သြဂုတ် ၅။
မြိတ်ထားဝယ်ခရိုင်အတွင်းစစ်ကောင်စီ တပ်ရဲ့ခလရ (၄၀၃)ဝင်းဝတပ်စခန်းမှ တပ်ဖွဲ့ဝင်နှစ်ဦးဟာ ကရင်အမျိုးသားအစည်းအရုံးထံအလင်းဝင်လာတယ်လို့ သြဂုတ်လ ၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ KNLA တပ်မဟာ ၄ တပ်ရင်း ၁၂၊ တပ်ခွဲ ၂ သို့ MA-1တလက်၊ MA-2တလက်၊ ကျည်ဆံလေးရာ၊ ကျည်ဘောင်ရှစ်ခုနဲ့အတူဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအသက်လေးဆယ်နှစ်နှစ်အရွယ်မောင်မင်းစိုး၊ အသက်နှစ်ဆယ်အရွယ်မော်ဇော်ဇော်တို့ဟာ ရှေ့ကအလင်းဝင်ဘက်ပြောင်းခိုလှုံလာတဲ့စစ်ကောင်စီတပ်သား မောင်ကျော်ကျော်ရဲ့အဆက်အသွယ်နဲ့ ခိုလှုံလာတာလို့ဆိုပါတယ်။
သူတို့နှစ်ဦးကို KNLA တပ်ရင်း ၁၂ မှ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးစောဒါးဒါးမှ တယောက်ကို မြန်မာငွေသိန်းလေးဆယ်ထိ ဂုဏ်ပြုခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် သူတို့နှစ်ဦးဘက်ပြောင်းခိုလှုံဖို့ကူညီဆက်သွယ်ပေးခဲ့တဲ့ တပ်သားမောင်ကျော်ကျော်ကိုလည်း သိန်းနှစ်ဆယ်ဂုဏ်ပြုခဲ့တယ်လို့ဆိုပါတယ်။