Border News Agency
ကယား၊ ဩဂုတ် ၁၈ ။
ကယားပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ဩဂုတ်လ ၁၇ ရက်၊ မနေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံးပြီးခြောက်ဦးဦးဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ က ဒီနေ့ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ မဆင်မခြင်ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ သေဆုံးထိခိုက်ခဲ့ရတာလို့ ဆိုပါတယ်။
အပြစ်မဲ့ပြည်သူတွေအပေါ် အခုလိုမညှာမတာ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကို တုံ့ပြန်ဖို့အတွက်ပြည်သူတွေ၊တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။
ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများတွေအနေနဲ့လည်း အာဏာသိမ်းစစ်တပ်ရဲ့ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေမှုတွေအပေါ် ထိထိရောက်ရောက် အရေးယူဖို့တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာလည်း ဖော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဆယ်ကျော်သေဆုံးတဲ့ ဖြစ်စဉ်အပေါ် အတည်ပြုထားပါတယ်။
အဲဒီအပြင် မန္တလေးတိုင်း မိုးကုတ်မြို့ကို သြဂုတ်လ ၁၄နဲ့ ၁၇ရက်တွေမှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူနှစ်ဒါဇင်ကျော်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး ဩဂုတ်လ ၁၆ ရက်နေ့ကလည်းထိခိုက်သေဆုံးခဲ့သလို ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်၊ ဂေါ်တူကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင် အရပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။
စစ်အုပ်စုဟာ နိုင်ငံတဝန်းလေကြောင်းအင်အားကို အသုံးပြုပြီး အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။