ဇာနည်ရေးသည်။
BNA၊ Article
စားနပ်ရိက္ခာသည် ဒေသ၊နိုင်ငံတိုင်းအတွက်အရေးပါဆုံးအခန်းကဏ္ဍမှပါဝင်နေသကဲ့သို့ လူ့အသက်ပေါင်းများစွာ၏ဘဝနှင့်လည်း ဆက်စပ်နေပေသည်။
ထို့ကြောင့်လည်း ယနေ့ကမ္ဘာတွင်အစိုးရများ၊ကော်ပိုရေးရှင်းကြီးများ၊ကုမ္ပဏီများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဒေသတွင်းအဖွဲ့အစည်းများသည် စားနပ်ရိက္ခာအရေးအတွက် ပိုမိုအလေးပေး လုပ်ဆောင်လာကြခြင်းဖြစ်ပေသည်။
ကမ္ဘာပေါ်တွင် နိုင်ငံပေါင်းခြောက်ဆယ်ခန့်သည် စားသောက်ကုန်များကို မိမိတို့ဘာသာဖူလုံအောင် ထုတ်လုပ်နိုင်သောအရင်းအမြစ်များမရှိကြပေ။စားနပ်ရိက္ခာဖူလုံရေးအတွက် နိုင်ငံတကာကို မှီခိုနေကြရပေသည််။မြန်မာနိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးအတွက် ပြည်ပနိုင်ငံများကို မှီခိုနေရသောနိုင်ငံများထဲတွင် မပါဝင်ပေ။
သို့သော်လည်း ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှု၏နောက်ဆက်တွဲ တိုက်ပွဲများ၊သဘာဝဘေးအန္တရာယ်များ၊ငွေကြေးဖောင်းပွမှုများနှင့်ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်မှုများကြောင့် မြန်မာတနိုင်ငံလုံးရှိ ပြည်သူများသည် စားနပ်ရိက္ခာအကျပ်အတည်းနှင့်စားနပ်ရိက္ခာမဖူလုံမှုပြဿနာများကို အပြင်းအထန် ရင်ဆိုင်နေကြရပေသည်။
မြန်မာ့လူဦးရေ ငါးဆယ်လေးသန်းတွင် တဆယ်လေးဒသမလေးသန်း(၁၄.၃သန်း)သော ပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေကြပြီး လူဦးရေတဆယ်သုံးဒသမနှစ်သန်း(၁၃.၂သန်း)သည် စားနပ်ရိက္ခာမဖူလုံမှု၏ အခက်အခဲများကို ရင်ဆိုင်နေကြရကြောင်း ကုလသမဂ္ဂ၏ကမ္ဘာ့စားနပ်ရိက္ခာအစဉ်(WFP) မှ ထုတ်ပြန်ထားသည်။
ထိုအထဲတွင် လက်နက်ကိုင်ပဋိပက္ခ၏ သက်ရောက်မှုကို ပြင်းထန်စွာရင်ဆိုင်နေကြရသော ကချင်၊ချင်း၊ရခိုင်၊မကွေး၊စစ်ကိုင်း၊ကရင်နီ၊ရှမ်း၊ကရင်ဒေသများတွင် စားနပ်ရိက္ခာဖူလုံသည့် ပြဿနာများပိုမိုရှိကြောင်း WFP ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံးနှင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲသော အာရက္ခဒေသတွင် ဒေသတွင်းတိုက်ပွဲများကြောင့် စားနပ်ရိက္ခာနှင့်ပတ်သက်ပြီး စားနပ်ရိက္ခာအကျပ်အတည်း (Food Crisis)ကို ပြင်းပြင်းထန်ထန်ကြုံတွေ့နေကြရပေသည်။
အာရက္ခဒေသတွင်း ခရီးသွားလာခွင့်မရခြင်း၊ကုန်စည်စီးဆင်းမှုများမရှိခြင်း၊ဒေသတွင်း စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်မှုနည်းပါးခြင်းနှင့်အလုပ်လက်မဲ့များပြားခြင်း၊ဝင်ငွေစီးဆင်းမှုနည်းပါးခြင်းများက စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုပြင်းထန်စေပေသည်။
အာရက္ခဒေသတခုလုံးသည် စားနပ်ရိက္ခာအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ နည်းပါးခြင်းကြောင့် Humanitarian Diaster ချောက်ကမ်းပါးတွင် ကျရောက်မည့် အခြေအနေတွင်ရှိကြောင်း အညွန်းကိန်းများက ဖော်ပြနေပေသည်။
အာရက္ခဒေသတွင်း အစားအစာစိုက်ပျိုးထုတ်လုပ်မှု၊စားနပ်ရိက္ခာကို ဒေသခံများလက်လှမ်းမှီမှုအကြောင်းအရာများအပေါ်တွင် စစ်ပွဲ၏သက်ရောက်မှုများ၊ဒေသခံများကြုံတွေ့နေကြရသော စားနပ်ရိက္ခာပြဿနာများသည် ဖြေရှင်းရမည့်စိန်ခေါ်မှုများဖြစ်ပေသည်။

ထို့အပြင် ဤဆောင်းပါးတွင် အာရက္ခဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့်ပတ်သက်ပြီး ရေတိုရေရှည်ဖြေရှင်းရမည့် အခက်အခဲများအပေါ်တွင် ချည်းကပ်မှုများနှင့် အကြုံပြုသုံးသပ်ချက်များလည်း အလေးပေးဖော်ပြထားသည်။
◾️တိုက်ပွဲများကြောင့်ရွေ့ပြောင်းနေထိုင်ရမှုများ
အာရက္ခတပ်တော်(AA) ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ”၁၀၂၇ စစ်ဆင်ရေး” အဖြစ် အာရက္ခဒေသတွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော- အငူမော် ကားလမ်းရှိ စစ်ကောင်စီတပ်၏ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်သည့်နေ့ကစပြီး စစ်ကောင်စီတပ်သည် အာရက္ခဒေသကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားပစ်ခတ်ဖျက်ဆီးနေသည့်အပြင် အာရက္ခပြည်သူများကိုလည်း ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်နေသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။အာရက္ခအဆုံးအဖြတ်စစ်ပွဲတွင် အာရက္ခတပ်တော်သည် ပလက်ဝဒေသအပါအဝင် အာရက္ခဒေသရှိ မြို့နယ် တဆယ့်လေးမြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်သာကျန်နေကာ စစ်တွေနှင့်ကျောက်ဖြူတွင်လည်းနှစ်ဘက်စစ်ရေးတင်းမာနေကြသည်။ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူအများစုသည် ပိုင်ဆိုင်မှုများပျက်စီးဆုံးရှုံးထားခဲ့ကြရပြီး အသက်လုကာ နေရပ်စွန့်ခွာဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရပေသည်။
ဒေသခံပြည်သူအများစုသည် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးရှောင်နေကြသူများရှိသကဲ့သို့ စစ်ကောင်စီတပ်ထိန်းချုပ်ရာနေရာများတွင်လည်း စစ်ဘေးရှောင်နေကြရသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်ဘေးရှောင်ထွက်ပြေးခဲ့ကြရသော ရိုဟင်ဂျာမွတ်ဆလင်အများစုလည်း ရှိနေသေးပေသည်။

ထိုထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီတပ်ထိန်းချုပ်နယ်မြေများအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်း ရှောင်နေကြသူများ မပါဝင်သေးချေ။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ထိ စစ်ဘေးရှောင်ဦးရေ ၅၅၃,၆ ၉၆ ထိရှိသည်ဟု လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ထားသည်။
ထို့အပြင် ဆက်လက်ဖြစ်ပွားနေသည့်စစ်ရေးပဋိပက္ခများကြောင့်လည်း စစ်ဘေးရှောင်များ ပိုမိုများပြားလာနေသည်ဟု စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူများက ဆိုကြသ ည်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲတွင် အာရက္ခတပ်တော်က မြို့အများစုကိုသိမ်းပိုက်ထားသော်လည်း ဒေသခံအများစုနေရပ်ပြန်နိုင်ခြင်းမရှိကြသေးပေ။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီတပ်က ဒရုန်းများ၊တိုက်လေယာဥ်များ၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို မကြာခဏပြုလုပ်နေသဖြင့် အရပ်သားပြည်သူများသေဆုံးဒဏ်ရာရထိခိုက်နေကြပြီး စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ဖို့ခက်ခဲနေကြသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
ထို့အပြင်စစ်ကျန်လက်နက်ပစ္စည်းများ၊မြေမြုပ်မိုင်းများ၏အန္တရာယ်များကိုလည်း အာရက္ခပြည်သူများကြုံတွေ့ခံစားနေကြရပြီး တောတောင်များ၊လယ်ယာမြေများအပြင် မြစ်ချောင်း အင်းအိုင်များတွင်လည်း မြေမြုပ်မိုင်းအန္တရာယ်များကို ကြုံတွေ့နေကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
◾️ ဒေသတွင်း စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများ
အာရက္ခအဆုံးအဖြတ်စစ်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေတိုးလာသကဲ့သို့ ကုန်စည်စီးဆင်းမှုနှင့်ခရီးသွားလာခွင့်များကို စစ်ကောင်စီတပ်ပိတ်ဆို့တားမြစ်ထားဆဲဖြစ်သဖြင့် အာရက္ခဒေသ၏ စီးပွားရေးဈေးကွက်တခုလုံးမတည်ငြိမ်ပဲ ပျက်စီးသွားသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
အာရက္ခပြည်သူလူထုမှာ ကုန်ပစ္စည်းများပြတ်လပ်မှု၊ဈေးနှုန်းများအဆမတန်မြှင့်တက်မှုကို ရင်ဆိုင်နေကြရပြီး ဘဏ်လုပ်ငန်းများရပ်ဆိုင်သွားသောကြောင့်လည်း ငွေသားရှားပါးမှု၏အကျိုး ဆက်များကို ကြုံနေကြရပေသည်။
သို့သော်လည်း အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် အာရက္ခ-အိန္ဒိယနယ်စပ်၊အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်ခြင်းများရှိနေသော်လည်း ကုန်ဈေးနှုန်းမြှင့်မားမှုနှင့်ကုန်ပစ္စည်းပြတ်လပ်မှုများရှိနေသေးသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
ထိုကုန်ပစ္စည်းများဈေးမြှင့်တက်နေခြင်းများအပေါ်တွင် ကုန်ဈေးနှုန်းများ တည်ငြိမ်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ဝင်ရောက်ဖြေရှင်းပေးသင့်သလို တိကျခိုင်မာသည့်မူဝါဒများရှိသင့်သည်ဟုလည်း အာရက္ခပြည်သူများက တောင်းဆိုနေကြသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အာရက္ခကုန်သည်ကြီးများအသင်းကိုဖွဲ့စည်းထားပြီး ကုန်ဈေးနှုန်းမြှင့်တက်နေမှုများအပေါ်ကိုင်တွယ်ရန် လုပ်ဆောင်လျက်ရှိသော်လည်း အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် ကုန်ဈေးနှုန်းများ မြှင့်တက်နေဆဲဖြစ်သည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
အာရက္ခဒေသသည် ယခင်အစိုးရအဆက်ဆက်ကာလကပင် အသေးစား၊အလတ်စားစက်မှုလုပ်ငန်းများနည်းပါးခြင်း၊အလုပ်ရုံစက်မှုဇုန်များ မရှိခြင်း၊ဒေသတွင်းအလုပ်အကိုင်ရှားပါးမှုနဲ့ အလုပ်လက်မဲ့ပြဿနာများစွာရှိသော ဒေသတစ်ခုဖြစ်ပေသည်။ဝင်ငွေရရှိရာလမ်းကြောင်းများဖြစ်သော အစိုးရလုပ်ငန်းများ၊စီးပွားရေးလုပ်ငန်းများလည်း စစ်ပွဲဖြစ်သောအခါ ရပ်ဆိုင်းသွားရပေသည်။

ထို့အပြင် တိုက်ပွဲဲများကြောင့် ပြည်သူများ၏ပိုင်ဆိုင်မှုများမှာ ခိုးယူခြင်းခံရခြင်း ဖောက်ထွင်းမှုများကို ကြုံခဲ့ကြရပြီး လူလတ်တန်းစားများလည် ဝင်ငွေစီးဆင်းမှုလျော့ပါးလာကာ အခြေခံလူ တန်းစားများလည်း ဝင်ငွေနည်းပါးမှုဒဏ်ကို ပြင်းထန်စွာရင်ဆိုင်နေရသည်ဟုအာရက္ခပြည်သူများက ဆိုကြသည်။
အာရက္ခဒေသ၏အဓိက စီးပွားရေးကဏ္ဍစိုက်ပျိုးရေးနှင့်ရေလုပ်ငန်းလုပ်ကိုင်ကြသော ဒေသခံတောင်သူလယ်သမားများသည် ၂၀၂၃ ခုနှစ်၊ မေလတွင် မိုခါမုန်တိုင်း၏ ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ကြရသည်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲပြင်းထန်နေသောကာလတွင်လည်း ရေကြီးမှုများ၊သဘာဝပတ်ဝန်းကျင်ဖောက်ပြန်မှုများကိုရင်ဆိုင်ခဲ့ကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
အာရက္ခဒေသတွင်ပြီးခဲ့သည့်နှစ် ဩဂုတ်လနှင့် အောက်တိုဘာလတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့်နေရာအနှံ့ရေကြီးမှုနှင့်ကြုံံခဲ့ကြရပြီး ရေကြီးမှု၏နောက်ဆက်တွဲတွင် လယ်ယာမြေများနှင့်သီးနှံများ ပျက်စီးဆုံးရှုံးမှုများကိုလည်း တောင်သူလယ်သမားများ ထပ်ဆင့်ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်ဟုအာရက္ခပြည်သူများက ဆိုကြသည်။
စစ်ပွဲ၏သက်ရောက်မှုကြောင့် ဒေသတွင်း စိုက်ပျိုးထုတ်လုပ်ရေး၊ရေလုပ်ငန်းနှင့်မွေးမြူရေးလုပ်ငန်းများအပေါ်တွင်လည်း ထိခိုက်မှုများစွာရှိခဲ့ပေသည်။
အာရက္ခဒေသတွင် စိုက်ပျိုးထုတ််လုပ်နေကြသော တောင်သူများသည် မြေသြဇာဈေးကြီးခြင်းနှင့်မျိုးစေ့ဝယ်ယူ၍မရရှိသောကြောင့် ပုံမှန်စိုက်ပျိုးနေသော သီးနှံများကို ပြည့်မှီအောင် မစိုက်ပျိုးနိုင်ကြတော့ချေ။
ထို့အပြင် မြစ်ချောင်း၊ အင်းအိုင်များနှင့် အာရက္ခပင်လယ်ပြင်ငါးဖမ်းသင်္ဘောများကို စစ်ကောင်စီရေတပ်စစ်သင်္ဘောများမှ ဖမ်းဆီးခြင်းများ၊ပစ်ခတ်ခြင်းများကြောင့် အာရက္ခရေလုပ်ငန်းအများစုရပ်ဆိုင်းသွားကြရပြီး ထိခိုက်နစ်နာမှုများစွာကြုံနေကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
◾️ ကြုံနေရသောစားနပ်ရိက္ခာအကျပ်အတည်း
ကုလသမဂ္ဂ၏ ဖွံ့ဖြိုးရေးအစီအစဉ် UNDP မှ ကောက်ယူထားသောအချက်အလက်များအရ ၂၀၂၅ခုနှစ်၊မတ်လမှ ဧပြီလအတွင်းတွင် အာရက္ခဒေသတွင်း စားသောက်ကုန်ထုတ်လုပ်မှုသည် အာရက္ခဒေသရိက္ခာလိုအပ်ချက်၏နှစ်ဆယ်ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကာ ပြည်တွင်း၊ပြည်ပကုန်သွယ်မှုအားလုံး ရပ်ဆိုင်းလုနီးပါးဖြစ်နေသည့်အတွက် အာရက္ခလူဦးရေကိုးဆယ့်ငါးရာခိုင်နှုန်းခန့်သည် စားနပ်ရိက္ခာနှင့် ပတ်သက်ပြီးအန္တရာယ်ကျရောက်နိုင်သည်ဟု UNDP က ထောက်ပြထားသည်။
ထို့အပြင် အာရက္ခဒေသအတွင်းက လူဦးရေနှစ်သန်းကျော်မှာအငတ်ဘေး ကြုံလာနိုင်ခြေရှိသည်ဟုလည်း UNDP ၏ နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်သည့်အစီရင်ခံစာက ဆိုထားသည်။
“တရက်လုပ်လို့ရတဲ့ ပိုက်ဆံနဲ့ကုန်ဈေးနှုန်းကမမျှတော့ အစားကိုလျော့စားရတယ်။တချို့တွေဆို ဆန်ပြုတ်သောက်သူကသောက်နဲ့၊လူတွေက အငတ်မခံနိုင်ကြတော့ မရှိရှိတာလေးတွေကို ရော င်းစားပြီးတရက်စာကိုတရက်စားနေကြတာ။အနီးအနားပတ်ဝန်းကျင်မှာလည်း အလုပ်အကိုင်မရှိတဲ့သူတွေ၊တောင်းရမ်းစားသောက်တဲ့သူတွေက တရက်ထက်တရက်များလာတယ်။” ဟု ပုဏ္ဏားကျွန်းမြို့မှ စစ်ဘေးရှောင်နေရသူ ဒေါ် လှလှမေက ပြောသည်။
စားနပ်ရိက္ခာမဖူလုံမှုနှင့်အကျပ်အတည်းကို တိုင်းတာသောအချက်များထဲမှ စားနပ်ရိက္ခာလက်လှမ်းမှီမှု(Access)၊စားနပ်ရိက္ခာထွက်ရှိမှု(Availability)၊စားနပ်ရိက္ခာစားသုံးနိုင်မှု(Utilization)နှင့်စားနပ်ရိက္ခာဝယ်ယူရရှိနိုင်မှု(Stability)ဆိုသည့် အချက်များပါဝင်သည်။
အာရက္ခဒေသခံအများစုမှာ စားနပ်ရိက္ခာနှင့်ပတ်သက်၍ အချက်လေးချက်စလုံးတွင် ခြိမ်းခြောက်မှုများ တိုးနေဆဲဖြစ်ပေသည်။
စားနပ်ရိက္ခာမဖူလုံမှု၏နောက်ဆက်တွဲ ကြုံရသော အာဟာရချို့တဲ့ခြင်း၊အာဟာရပြတ်လပ်ခြင်းများနှင့်ကျန်းမာရေးဆိုင်ရာအခက်အခဲများကိုပါ ပြည်သူများ ရင်ဆိုင်နေကြရသည်။
ထိုအထဲတွင် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ စားနပ်ရိက္ခာအကျပ်အတည်း၏ ရိုက်ခတ်မှုကို ပြင်းထန်စွာရင်ဆိုင်နေကြရသူများဖြစ်ပေသည်။
“စားသုံးသူနဲ့ထုတ်လုပ်သူမမျှတတော့ စားနပ်ရိက္ခာပြဿနာကို ရခိုင်မှာ အဓိကကြုံနေရတာပါ။ရခိုင်ပြည်ထဲမှာ ထုတ်လုပ်သူကနည်းပြီး စားသုံးသူကများနေတော့ စိုက်ပျိုးထုတ်လုပ်မှုကို အဓိကလုပ်ဖို့လိုအပ်တယ်။နှစ်ပေါင်း ၂၀ကျော်လောက်ပြည်ပကို မှီခိုနေရတာကနေ စစ်ကောင်စီဖက်ကနေ အကုန်ပိတ်လိုက်တော့ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး အခုလိုအခက်အခဲဖြစ်တယ်လေ။” ဟု အာရက္ခဒေသတွင်း စားနပ်ရိက္ခာနှင့်ပတ်သက်ပြီးဦးဆောင်လှုပ်ရှားနေသောအရပ်ဖက်အဖွဲ့အစည်းတခုမှ ဦးမောင်မောင်က စားနပ်ရိက္ခာအကျပ်အတည်းဖြစ်ရခြင်းနဲ့ ပတ်သက်၍ အကြောင်းအရင်းအချို့အပေါ် သူ့အမြင်ကို ပြောသည်။
ထို့အပြင် အာရက္ခဒေသသည် ၂၀၁၆ ခုနှစ်မှစ၍ စစ်ပွဲ၏ဒဏ်ကို ဆက်တိုက်ခံလာရခြင်း၊စိုက်ပျိုးတောင်သူလယ်သမားများအနေဖြင့် လွတ်လပ်စွာမစိုက်ပျိုးနိုင်မှု၊ မျိုးစေ့ပြတ်လပ်မှု နည်းပည,အခက်အခဲအချို့ကြောင့်လည်း စားနပ်ရိက္ခာအကျပ်အတည်းဖြစ်သည့်အပေါ်တွင် သက်ရောက်မှုရှိကြောင်း သူက ဆက်ပြောသည်။
နေရပ်စွန့်ခွာရခြင်း၊အလုပ်အကိုင်အခွင့်အလမ်းနှင့်ဝင်ငွေရှားပါးခြင်း၊ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်ခြ င်း၊ကုန်စည်စီးဆင်းမှုကို ပိတ်ပင်ထားခြင်းနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များကို ပိတ်ပင်ထားခြင်းသည် စားနပ်ရိက္ခာအကျပ်အတည်းများကို ပိုမိုတိုးလာစေသည်ဟုလည်း အာရက္ခတပ်တော်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)၏ တာဝန်ခံ ကိုဖိုးဇော်က Border News Agency ကိုပြောသည်။
“စားနပ်ရိက္ခာထောက်ပံ့မှုတွေနဲ့ပတ်သက်ရင် အဓိကအခက်အခဲဖြစ်ရတာကတော့ ဖုန်း၊အင်တာနက်လိုင်းတွေမရတော့ အရေးပေါ်လိုအပ်ချက်တွေကိုတုံ့ ပြန်တဲ့အခါ အခက်အခဲတွေနဲ့ကြုံရတ ယ်။ကူညီထောက်ပံ့ဖို့အလှူငွေတွေလည်ပတ်ဖို့အားနည်းပြီး မလုံလောက်တော့ပစ္စည်းတွေကိုလည်းမဝယ်နိုင်ဘူး။ဝယ်လို့ရတဲ့ပစ္စည်းတွေလည်းမလုံလောက်တဲ့ပိုခက်ခဲစေတယ်။” လို့ သူက ဆက်ပြောပြသည်။
မြန်မာနိုင်ငံရှိလူဦးရေတသန်းကျော်အတွက် အသက်ကယ်ဆယ်ရေး၊စားနပ်ရိက္ခာအထောက်အပံံ့များကိုဧပြီလမှစတင်ပြီး ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်းကု လသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်(WFP) မှ မတ်လ ၁၄ ရက်နေ့ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်(WFP) ၏ စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်ရပ်ဆိုင်းမှုတွင် အာရက္ခဒေသမှနေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရသူများအပါအဝင် ဒေသခံများတွင်လည်း ပြင်းထန်သောသက်ရောက်မှုများရှိလာနိုင်ပေသည်။
အာရက္ခဒေသတွင်း ပြည်သူများကြုံနေရသော စားနပ်ရိက္ခာအကျပ်အတည်းကို ပြည့်စုံအောင်ဖော်ပြနိုင်သောအညွှန်းကိန်းများမှာ လက်ရှိအထိမရှိသေးပေ။
သို့သော်လည်း မြို့ပြနှင့်ကျေးလက်ဒေသနှစ်ခုလုံးတွင် နေထိုင်ကြသူများမှာ စားနပ်ရိက္ခာအကျပ်အတည်းကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရကြောင်း ဒေသတွင်း သတင်းများကဖော်ပြသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးဝေး လံခေါင်ဖျားသောမြို့နယ်များမှနေရာများတွင် ပိုပြင်းထန်သောစားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုကြသည်။
◾️ စားနပ်ရိက္ခာ အကျပ်အတည်းကို မည်သို့ဖြေရှင်းနေကြလဲ
စားနပ်ရိက္ခာအကျပ်အတည်းများနှင့် ကြုံလာရသောအခါ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုချဲ့ထွင်ပြီး လုပ်ကိုင်လာကြပေသည်။သို့သော်လည်း ဒေသခံပြည်သူများ စိုက်ပျိုးနေခြင်းသည် တနိုင်တပိုင်စိုက်ပျိုးခြင်းသာဖြစ်ကာ စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့်ကုန်ထုတ်လုပ်နိုင်သောစိုက်ပျိုးရေးအဆင့်ဖြစ်ဖို့ လိုအပ်ချက်များရှိနေဆဲဖြစ်သည်။
အရပ်ဖက်အဖွဲ့အစည်းများ၊ဒေသတွင်းလူမှုကယ်ဆယ်ရေးလုပ်ငန်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပံ့ပိုးမှုရှိသော်လည်း စားနပ်ရိက္ခာပံ့ပိုးမှုမှာ ဒေသခံများအတွက် လိုအပ်နေဆဲ ဖြစ်ပေသည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ထောက်ပံ့မှုမှာ ရေတိုအတွက်သာဖြစ်ပြီးအလယ်အလတ်နှင့် စားနပ်ရိက္ခာထုတ်လုပ်ရေးဖြစ်ဖို့ အကန့်အသတ်များ ရှိနေဆဲဖြစ်သည်။
ထို့အပြင် ဝေးလံခေါင်ဖျားသောဒေသများတွင် စားနပ်ရိက္ခာအကျပ်အတည်းကြုံနေရဆဲဖြစ်ပြီး ထိုဒေသများမှစစ်ဘေးရှောင်စခန်းများနှင့်ရပ်ရွာတွင်းရှိဒေသခံများမှာ အနီးအနားပတ်ဝန်းကျင်ရှိ သစ်ဥ၊သစ်မြစ်၊ဟင်း၊ငါးများရှာဖွေစားသောက်ကြပြီး စားနပ်ရိက္ခာအကျပ်အတည်းကို ဖြေရှင်းနေရကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
“ဒီဖက်တွေမှာကျလမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်းနည်းတော့အကူအညီရောက်တာနည်းတယ်။စားနပ် ရိက္ခာအခက်အခဲကို ပြည်သူတွေအတော်ခံနေရတယ်။

အနီးအနားကတောတွေ၊တောင်တွေမှာဟင်း၊ငါးရှာဖွေပြီးတော့ စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းနေကြရတယ်။” ဟု အမ်းမြို့နယ်မှ စစ််ဘေးရှောင်များကိုပံ့ပိုးကူညီနေသူကိုဇော်ဇော်က Border News Agency ကို ပြောသည်။
လက်ရှိအခြေအနေတွင် ဒေသခံများသုံးစွဲနိုင်သည့်ငွေကြေးကို လက်ဝယ်ရရှိခြင်းမှာ စားနပ်ရိက္ခာအခက်အခဲကြုံနေရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ပြုလုပ်ရာတွင် အရေးပေါ် လိုအပ်ချက်ဖြစ်နေကြောင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဆိုကြသည်။သို့သော်လည်းအကန့်အသတ်များစွာရှိနေသောကြောင့် ဒေသတွင်းနေထိုင်သော ပြည်သူများအား အထောက်အပံ့ရရှိမှု နည်းပါးနေဆဲဖြစ်သည်ဟု အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဆိုကြသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ဒေသခံများအပေါ်တွင် စားနပ်ရိက္ခာပံ့ပိုးကူညီမှုများရှိိသော်လည်းလုံလောက်အောင်ပံ့ပိုးနိုင်ခြင်းများ မရှိသေးကြောင့် အာရက္ခပြည်သူများကဆိုကြသည်။
ထို့အပြင်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းအချို့၏အကူအညီပေးလိုမှုအချို့ကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှလက်မခံမှုများရှိကြောင်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းအချို့က အတည်ပြုပြောဆိုသည်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများရှိအခြေခံလူတန်းစားများနှင့်ဝင်ငွေအတည်အကျမရှိသော ပျံကျလုပ်သမားအများစုမှာ စားနပ်ရိက္ခာအကျပ် အတည်းကိုဖြေရှင်းရာတွင် ကျော်လွှားနိုင်စွမ်းမရှိကြဟု အာရက္ခပြည်သူများက ဆိုကြသည်
စားနပ်ရိက္ခာကို လျော့စားခြင်း၊အာဟာရမပြည့်ဝသောအစားအစာများကို စားသုံးခြင်း၊မိသားစုထဲရှိ သက်ကြီးသူများက အစားကိုလျော့စားခြင်းများ ပြုလုပ်နေကြသည်ဟုလည်း အာရက္ခပြည်သူများက ဆိုကြသည်။
ထို့အပြင် လုပ်အားကို အစားအစာနှင့် လှဲလှယ်ခြင်း၊အိမ်တွင်ရှိသော ပစ္စည်းများကို ရောင်းချခြင်းနည်းလမ်းများဖြင့် စားနပ်ရိက္ခာအခက်အခဲများကို ဖြေရှင်းနေကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
◾️စားနပ်ရိက္ခာဖူလုံရေးကို ဖြေရှင်းရန် မဟာဗျူဟာများလိုအပ်
စားနပ်ရိက္ခာဖူလုံရေးသည် ဒေသတခုလုံး၏ အသက်ပေါင်းများစွာနဲ့ဆက်စပ်နေသကဲ့သို့ အုပ်ချုပ်သူလူတန်းစား၏ စီမံခန့်ခွဲနိုင်စွမ်းပေါ်တွင်လည်း မူတည်ကာ ကောင်းကျိုး ဆိုးကျိုး သက်ရောက်မှုမှာ ယှဥ်တွဲနေပေသည်။
အာရက္ခဒေသ၏ အုပ်ချုပ်ရေးတွင် အရေးပါဆုံးအခန်းကဏ္ဍတွင်ရှိသော အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စားနပ်ရိက္ခာအကျပ်အတည်း ပြဿနာကိုဖြေရှင်းရန်ရေရှည်တည်တံ့ပြီး ဒေသခံပြည်သူများကို အကာအကွယ်ပေးသောမဟာဗျူဟာများ ချမှတ်ဖို့ လိုအပ်သည်။

စားနပ်ရိက္ခာလွတ်လပ်ခွင့်(Food Sove reignty)နှင့်စားနပ်ရိက္ခာလုံခြုံဘေးကင်းမှု(Food Safety)အချက်များမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏မူဝါဒရေးဆွဲရာတွင် မဖြစ်မနေထည့်သွင်းစဉ်းစားရမည့်အချက်များ ဖြစ်ပေသည်။
ထို့အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စားနပ်ရိက္ခာဖူလုံရေးတွင် ပြည်သူများကို အကာအကွယ်ပေးသောနည်းဗျူဟာတရပ်ကို ပွင့်လင်းမြင်သာစွာချပြရန် လိုအပ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မှီခိုခြင်းသည်လည်းစားနပ်ရိက္ခာပြဿနာများကို ပြေလျော့စေမည့်နည်းလမ်းမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုထက် ပြည်တွင်းကုန် ထုတ်လုပ်မှုကို မြှင့်တင်ခြင်း၊စားနပ်ရိက္ခာနှင့် ပတ်သက်သောအသေးစား၊အလတ်စားလုပ်ငန်းများကို နည်းပညာနှင့်ထောက်ပံ့ပေးခြင်းများကိုသာ ဆောင်ရွက်သင့်သည်။
လက်ရှိဒေသတွင်း စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာထုတ်လုပ်ရေးကို ပြည်သူများအားပေးလာခြင်းသည် ကောင်းမွန်သောလက္ခဏာတရပ်ဖြစ်သော်လည်း စွမ်းဆောင်ရည်ပြည့်ဝမှုအပိုင်းတွင် တိုးတက်လာခြင်းမဟုတ်ဘဲ ရှိပြီးသားအရင်းအမြစ်များကို အထိခိုက်ခံပြီး ရရှိလာသောတိုးတက်လာမှုဖြစ်သည်။
ထို့ကြောင့်လည်း အာရက္ခဒေသတွင်း မုန်တိုင်းဘေးဒဏ်၊ရေကြီးမှု၊မြစ်ချောင်းများညစ်ညမ်းခြင်း၊ သစ်တောများပြုန်းတီးလာခြင်းများ၊ရာသီဥတုဖောက်ပြန်လာမှုများကဲ့သို့ သဘာဝဘေး အန္တရာယ်များ စားနပ်ရိက္ခာဖူလုံရေးကွင်းဆက်များနှင့် ပြည်သူများ၏ လူမူဘဝများကို ခြိမ်းခြောက်နေသည်။
အာရက္ခဒေသတွင် ကုန်ထုတ်လုပ်မှုကို လုပ်ကိုင်ရန်နည်းပညာအရင်းအမြစ်နည်းပါးခြင်းနှင့်ဈေးကွက်အာမခံချက်မရှိသောကြောင့် စွန့်ဦးတီထွင်လုပ်ငန်းများနည်းပါးနေဆဲဖြစ်သည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။
စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့်ပတ်သက်သောစွန့်ဦးတီထွင်များနှင့်အသေးစား၊အလတ်စားကုန်ထုတ်လုပ်မှုများကို ထောက်ပံ့ပေးခြင်း၊တပိုင်တနိုင်စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများကို စီးပွား ဖြစ်လုပ်ငန်းအဖြစ် အသွင်ပြောင်းပေးရန်လိုအပ်နေသည်ဟုလည်း စီးပွားရေးလုပ်ငန်းရှင်းများက ထောက်ပြကြသည်။
အာရက္ခဒေသတွင်း ကြုံနေရသော စား နပ်ရိက္ခာအကျပ်အတည်းအပေါ် ဖြေရှင်းနိုင်မည့်နည်းလမ်းအချို့ကို ဒေသခံပြည်သူများ၊အရပ်ဖက်အဖွဲ့အစည်းများနှင့်စိုက်ပျိုးရေးပညာရှင်များအပါ အဝင်၊လူမှုကူညီရေးလုပ်ကိုင်နေသူ များကို Border News Agency ကမေးမြန်းခဲ့သည်။
Border News Agencyမှ မေးမြန်းခဲ့သော သတင်းရင်းမြစ်များအားလုံးက လက်ရှိကြုံနေရသော စားနပ်ရိက္ခာအကျပ်အတည်းအပေါ်တွင် ဖြေရှင်းရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ရေရှည်စီမံကိန်းများ ချမှတ်ရန်လိုအပ်နေကြောင့် တညီတညွတ်တည်းဖြေဆိုကြသည်။
“စားနပ်ရိက္ခာဖူလုံရေးကို အဓိကဘယ်လိုဖြည့်ဆည်းမလဲဆိုရင် လူဦးရေအချိုးအစားအလိုက်စားသုံးမှုပုံစံတွေကို လေ့လာရမယ်။မိသားစုတစ်စုက စားနပ်ရိက္ခာဘယ်လောက်စားလဲ။ပမာဏကိုသိပြီးမှ မြို့နယ်အလိုက်၊ဒေသအလိုက်၊ ဇုန်အလိုက်စိုက်ပျိုးထုတ်လုပ်နိုင်မယ်။သွင်းအားစုတွေနဲ့ ကုန်ထုတ်လုပ်မှုတက်လာဖို့ စားနပ်ရိက္ခာလွတ်လပ်ခွင့်အတွက်ဆို သက်ဆိုင်ရာအာဏာပိုင်တွေကပါပူးပေါင်းနိုင်မှရမယ်။” ဟု စိုက်ပျိုးရေးပညာရှင်တဦးဖြစ်သည့် ကိုဇော်ဇော်က သူ့အမြင်ကို ပြောသည်။
အာရက္ခဒေသတွင်း လက်ရှိစားနပ်ရိက္ခာဖူလုံရေးအတွက် တည်ငြိမ်မှုရှိဖို့အထောက်အကူပြုစေသည့် နည်းလမ်းများဖြစ်သည့် လူမှုကာကွယ်စောင့်ရှောက်မှုစနစ်ကို အားဖြည့်မြှင့်တင်ခြင်း၊အိမ်ထောင်စုအဆင့်စားနပ်ရိက္ခာထုတ်လုပ်မှုမြင့်မားအောင်ကူညီခြင်း၊အစားအစာကွင်းဆက်စနစ်ရှိ ဒေသအရင်းအမြစ်များကို အလေအလွင့်နည်းအောင်ကာကွယ်ပေးခြင်းအပြင် ဈေးကွက်တည်ငြိမ်ရေးနှင့်ပြည်သူများ လက်လှမ်းမှီသော ဈေးကွက်တခုဖန်တီးရေးမှာ ပိုမိုအရေးပါလှပေသည်။
“စားနပ်ရိက္ခာနဲ့ပတ်သက်ရင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ လိုအပ်တယ်။မှီခိုနေလို့မရဘူး။စားနပ်ရိက္ခာဖူလုံရေးအတွက်ဆို စားနပ်ရိက္ခာထွက်ရမယ်။ရခိုင်မှာအရင်းအမြစ်တွေရှိလို့ စားနပ်ရိက္ခာထွက်ဖို့ကလွယ်ကူတယ်။ထွက်တဲ့စားနပ်ရိက္ခာကို ဈေးကွက်တင်နိုင်ရမယ်။ဈေးကွက်ငြိမ်ရမယ်။ပြီးရင်ရေရှည်အတွက် ကုန်ထုတ်လုပ်မှုတွေ စိုက်ပျိုးရေးနည်းပညာကျောင်းတွေ ဆောက်တာကအစ မူဝါဒတခုချင်းစီကို အာဏာပိုင်တွေ လုပ်ဖို့လိုအပ်တယ်။”လို့ အာရက္ခဒေသတွင်းစားနပ်ရိက္ခာနှင့်ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားနေသော အရပ်ဖက်အဖွဲ့အစည်းတခုမှ ဦးမောင်မောင်က စားနပ်ရိက္ခာအကျပ်အတည်းကို ဖြေရှင်းနိုင်မည့်နည်းလမ်းအချို့ကို ပြောသည်။
အာရက္ခဒေသတွင်း စားနပ်ရိက္ခာနှင့်ပတ်သက်ပြီး စိုက်ပျိုးရေး၊မွေးမြူရေး၊ရေလုပ်ငန်းများမှာ အစိုးရအဆက်ဆက်၏လျစ်လျူရှုမှုအောက်တွင် ဆယ်စုနှစ်နှင့်ချီကာ အလေးထားဆောင်ရွက်မှုများမရှိခြင်းကြောင့် နည်းပညာနှင့်လုံလောက်သောပံ့ပိုးမှုများမှာ ချို့ယွင်းချက်များ ရှိခဲ့ပေသည်။
ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုများ၊စားနပ်ရိက္ခာပံ့ပိုးမူများသည် စားနပ်ရိက္ခာမဖူလုံ၏အဓိကအကြောင်းအရင်းများကို ဖြေရှင်းပေးနိုင်မည်မဟုတ်ပေ။ရေတိုအကူအညီအထောက်အပံ့များသည် မှီခိုအားထားမှုကိုပိုဖြစ်စေကာ ရေရှည်စားနပ်ရိက္ခာထုတ်လုပ်ရေးအပေါ်သက်ရောက်မှုပြင်းထန်စေပေသည်။
ထို့ကြောင့်လည်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေး အစီအစဉ်တခုတည်းနှင့်စာနပ်ရိက္ခာအကျပ်အတည်းကို ဖြေရှင်း၍မရနိုင်ပေ။ရေရှည်အကျိုးဖြစ်ထွန်းနိုင်သော ကုန်ထုတ်လုပ်ရေးကို ရောက်ရှိအောင်ပံ့ပိုးမှုသာဖြစ်သင့်ပေသည်။နည်းပညာများပံ့ပိုးခြင်း၊ဈေးကွက်ခိုင်မာအောင်နှင့် အရည်အသွေးမြင့်တင်ရေးကို ပိုမိုအာရုံစိုက်သင့်ပေသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊အရပ်ဖက်အဖွဲ့အစည်းများနှင့်ပညာရှင်များသည် အာရက္ခဒေသနှင့်ကိုက်ညီပြီး အာရက္ခဒေသ၊အာရက္ခပြည်သူလူထုကို အကျိုးပြုကာ အာရက္ခဒေသကို အကာအကွယ်ပေးသည့် စားနပ်ရိက္ခာကဏ္ဍကို ချီတက်ရန်မှာ အသေးစားတောင်သူအပါအဝင် ကျပန်းလုပ်သမားထိ ပြည်သူလူထုကို ထည့်သွင်းစဉ်းစားသောမူဝါဒဖြစ်ဖို့ လိုအပ်ပေသည်။
ထိုမူဝါဒများသည် ဖွံံ့ဖြိုးမှုထောင်ချောက်မမိဖို့နှင့်ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သော စားနပ်ရိက္ခာမူဝါဒဖြစ်ရန် အချက်မှာလည်း အရေးကြီးဆုံးဖြစ်သည်။