အာရက္ခပြည်တွင် ရွှေခိုးမှုနှင့်စွပ်စွဲခံထားရသူတစ်ဦးသေဆုံးမှုကို ULA /AA ၏ပြောရေးဆိုခွင့်ရှိသူခိုင်သုခက ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၁၀ ရက်နေ့ကတည်းက ဖမ်းဆီးထားခြင်းဖြစ်ကြောင့် ၂၀၂၅ ခုနှစ်၊ဧပြီလ ၂၅ ရက်နေ့ ထုတ်ဖော်ပြောဆိုသည်။
ထိုသေဆုံးသည့်နေ့ကို တွက်ချက်ပါက ငါးလကျော်ကြာမြင့်သည့်အတွက် ULA /AAက ကျင့်သုံးနေသည်ဆို သောရာဇဝတ်ကျင့်ထုံးဥပဒေနှင့်ဆန့်ကျင်နေပေသည်။ရာဇဝတ်ကျင့်ထုံးဥပဒေအရတရားမစွဲဆိုမီအများဆုံး ရက်ပေါင်းသုံးဆယ်သာချုပ်ရီမန်ရယူရသောအမှုကို တရားမစွဲဆိုဘဲချုပ်ရီမန်ရယူထားခြင်းက ဥပဒေကိုကျင့်သုံးဆောင်ရွက်ရာတွင် အားနည်းချက်များရှိကြောင့် ထင်သာမြင်သာစေသည်။
ယင်းအမှုနှင့်ဆက်စပ်၍အများပြည်သူသို့ ကနဦးဖြေရှင်းပေးခဲ့သော ULA/AA၏ HDCO ဌာန၊တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်သူဦးထွန်းမင်းနိုင်၏လူမှုကွန်ရက်တွင်”ဥပဒေကြောင်းအရ အမှုပိတ်သိမ်းပြီးတော့ သံသယတရားခံတွေကို လွှတ်ပေးလိုက်ပြီဆိုရင် ရွှေပျောက်တဲ့ မိသားစုကလည်း သိန်းပေါင်းသောင်းချီတန်တဲ့ ရွှေထည်ပစ္စည်းခိုးခံရပါတယ်လို့ တိုင်ကြားထားတဲ့သူတွေ ကျေနပ်မလား။အော်…ဦးလားမသိပါဘူး” လို့ ရေးထားတာကို တွေ့ရသည်ကြောင့်လည်း လူသေဆုံးမှုအတွက်အမှုပိတ်လိုက်ပါက သိန်းသောင်းချီသည့်သူများနစ်နာမည်ကို ကြိုပြီးကာကွယ်ရာသဘောသက် ရောက်သောကြောင့် DLEPS ဌာနသည် အရပ်ဘက်၊စစ်ဘက်အာဏာပိုင်များ၏ဝင်ရောက်စွက်ဖက်မှုကြောင့် မှုခင်းစစ်ဆေးမှုဖြစ်စဉ်တွင် ဥပဒေကြောင်းအရလိုက်နာရမည့်တာဝန်ခံရမှုအား ကျော်လွန်ကာ အခက်အခဲ၊အကျပ်အတည်းများရှိခဲ့ကြောင်းလှစ်ဟပြသကဲ့သို့ ရှိနေသည်။
ထို့ကြောင့် အာရက္ခပြည်သူလူထု၏နစ်နာမှုများကို တိုင်ကြားသည့်လုပ်ငန်းစဉ် အလုပ်ဖြစ်သလားဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်နေသည်။အာရက္ခတော်လှန်ရေးအစိုးရသည် အာရက္ခပြည်သူလူထု၏နစ်နာမှုများကို တိုင်နိုင်ရန် Justice 4 Arakan ဆိုသည့် Facebo ok Accountနှင့်Telegram Account ကို ဖွင့်ပေးထားသည်။
ထိုနေရာများသည် အာရက္ခပြည်သူလူထု၏တိုင်ကြားစာများ၊အသနားခံစားများအား သက်ဆိုင်သည့်ဌာနများသို့ ဆက်သွယ်ပြီး ကူညီဆောင်ရွက်ပေးသည့်ဌာနဟု နားလည်ပေသည်။ထိုဌာနသည် အမှန်အလုပ်လုပ်၍ အလုပ်ဖြစ်ပါသည်လား။ထိုဌာန၏ဩဇာသက်ရောက်မှုနယ်ပယ်မည်မျှရှိသလဲကို ဆန်းစစ်ရမည်ဖြစ်ပေသည်။
အာရက္ခပြည်သူတချို့၏အဆိုအရ တရားရေးဆိုင်ရာလုပ်ငန်းများ၊မြေယာအပါအဝင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများကို တိုင်ကြားသော်လည်း ပြန်လည်တုန့်ပြန်အသိပေးမှုအားနည်းသည်ဟု ဆိုကြသည်။
ထို့အပြင်အာရက္ခပြည်သည် အင်တာနက်နှင့်ဖုန်းလိုင်းများအသုံးပြုခွင့်ကို အခွင့်ထူးခံတချို့မှလွဲ၍ အလွန်နည်းပါးသည့် အကန့်အသတ်ဖြင့်သာ(အချို့ဆိုလျှင်လုံးဝသုံးစွဲနိုင်သည့်အခွင့်အလမ်း)မရှိသလောက်ဖြစ်နေသည့်အချိန်တွင် အွန်လိုင်းပေါ်က တိုင်ကြားမှုယန္တရားသည် အမှန်တကယ်အသက်ဝင်သည့်ဌာနဟု ပြောဆိုနိုင်ပါမည်လား။
ထိုအချက်သည် အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရအရေးတယူဆောင်ရွက်ရမည့်ကိစ္စအဖြစ်ရှုမြင်ပေသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် တရားစီရင်ရေးမဏ္ဍိုင်ကိုပွင့်လင်းမြင်သာမှုရှိစွာ ချပြကာ၊တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်အဝရှိသောမဏ္ဍိုင်ဖြစ်ပေါ်လာအောင် အနီးအဝေးမှန်ကန်သောနေရာမှကြည့်ရှုကာ လိုအပ်ချက်များကို ပြုပြင်ပြီး ကြိုးစားတည်ဆောက်နိုင်ဖို့ လိုအပ်နေပေသည်။
တရားစီရင်ရေးမဏ္ဍိုင်ကို မည်သူကဆောင်ရွက်သနည်း
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ရဲလုပ်ငန်းများ ဖော်ဆောင်နေသည်။
တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင်(Department of Law Enforcement and Public Security- DLEPS)ဌာနဖွင့်လှစ်ဆောင်ရွက်ပြီး ပြည်သူ့လုံခြုံရေးကိစ္စများကို ဆောင်ရွက်သည်။
ဒေသခံအများစုက ရဲဌာနဟု သိကြပြီး နယ်မြေခံရဲမှစ၍ မြို့နယ်ရဲမှူး၊ဒေသ သို့မဟုတ် ခရိုင်ရဲမှူး၊ရဲချုပ်အဆင့်ထိ ဖွဲ့စည်းထားပြီး ရဲသင်တန်းကျောင်းဖွင့်လှစ်၍ ရဲလုပ်ငန်းများကို ဆောင်ရွက်စေသည်။
အာရက္ခပြည်သူတော်လှန်ရေးအစိုးရ၏ရဲချုပ်မှာ ယခင်အစိုးရလက်ထက်က ရာထူးကြီးရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်ရာ ရဲလုပ်ငန်းများနှင့်ရဲလက်စွဲဥပဒေများ၊ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေများကို နိုင်နင်းကျွမ်းကျင်သူတစ်ဦးဟု ဆိုနိုင်သည်။
အာရက္ခပြည်အတွင်း လက်ရှိမှုခင်းကိစ္စများကို ဆောင်ရွက်နေကြသည့်DLEPS ၏အောက်ခြေအဆင့်ရဲအမှုထမ်းများသည်အတွေ့အကြုံနည်းပါးခြင်း၊ဥပဒေအရည်အသွေးလိုအပ်ချက်ရှိခြင်း၊ နည်းပရိယာယ်နှင့်နည်းပညာ လိုအပ်ချက်များကြောင့် မှုခင်းကိစ္စများဆောင်ရွက်ရာတွင် အခက်အခဲများနှင့်အကန့်အသတ်များရှိကြသည်ကို တွေ့ရပေသည်။
မုဒိမ်းမှုကဲ့သို့သောအမှုများတွင် သုပ်ရည်သုပ်ပိုးစစ်ဆေးမှု၊ခိုးမှုများတွင် လက်ဗွေရာကဲ့သို့သောနည်းစနစ်များ၊လူသွေးစစ်ဆေးခြင်းများတွင် နည်းစနစ်ပိုင်းအရလိုအပ်ချက်ရှိရာ လိုအပ်ချက်များကို ရိုးသားစွာဝန်ခံလျက် ကြွယ်ဝသောပရိယာယ်ဖြင့် စစ်ဆေးရန်လိုအပ်ပေသည်။
DLEPS အဖွဲ့ဝင်များအား ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ၊မှုခင်းစစ်ဆေးဆောင်ရွက်ရာတွင် လိုက်နာရမည့်အခြေခံစည်းမျဉ်းများ၊အများပြည်သူစိတ်ဝင်စားသည့်အမှုဖြစ်ပါကလည်း အခြားသောအရပ်ဘက်၊စစ်ဘက်အုပ်ချုပ်မှုများနှင့်လက်တွဲဆောင်ရွက်ရာတွင် လိုက်နာရမည့်စံနှုန်းများ၊၎င်းအရပ်ဘက်၊စစ်ဖက်များကလည်း အလွန်အကျွံဖိအားမပေးရေးမူကိုလည်း ချမှတ်ပေးသင့်ပေသည်။
တရားစီရင်ရေးစနစ်တွင်လည်း နယ်မြေတရားရုံး၊မြို့နယ်တရားရုံး၊ခရိုင်တရားရုံး၊တရားရုံးချုပ်ထိ အဆင့်ဆင့်ဖွဲ့စ ည်းပြီး တရားစီရင်ရေးကို လုပ်ဆောင်နေကြသည်။
အာရက္ခပြည်တရားစီရင်ရေးအား တရားခံ၏အခွင့်အရေးများအတွက် တိုက်ပွဲဝင်ခဲ့သည့်အတွေ့အကြုံရင့် ဥပဒေပညာရှင်တစ်ဦးက ဦးဆောင်စီမံခန့်ခွဲနေသဖြင့် ရာဇဝတ်မှုများစစ်ဆေးစီရင်ရာတွင် အမိန့်ချမှတ်ခြင်းမခံ ရသေးသည့်သူများအတွက် ခုခံချေပခြင်းဆိုင် ရာအခွင့်အရေးများပိုမို အားကောင်းလာမည်ဟု အပြုသဘောဖြင့်ရှေ့ရှုမိပေသည်။
သို့ရာတွင်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏တရားစီရင်ရေးမဏ္ဍိုင်တွင်စွဲကိုင်အသုံးပြုနေသည့် တရားစီရင်ရေးဥပဒေများ၊ရဲလက်စွဲများသည် တရားဝင်ထုတ်ပြန်ထားခြင်းမရှိချေ။
ယင်းသို့ဆောင်ရွက်ရာတွင် ဗြိတိသျှလက်ထက်က ကျင့်သုံးသောဥပဒေများအနက်က သုံးသင့်သုံးထိုက်သည့် ဥပဒေများကို ပြန်ယူပြီးသုံးနေကြောင့်လက်ရှိချမှတ်ထားသည့် Rules & Regulations အပေါ်မှာအခြေခံပြီး ကျင့်သုံးနေကြောင့်နှင့်မြန်မာနိုင်ငံတွင်ကျင့်သုံးနေသည့် ရာဇဝတ်ကျင့်ထုံးဥပဒေ၊အခြားတည်ဆဲဥပဒေများကို ဖျက်လိုက်ခြင်းမဟုတ်ဘဲ သင့်တော်သည်များကို ယူ၍ကျင့်သုံးခြင်းဖြစ်ကြောင့် ၂၀၂၂ ခုနှစ်၊ဧပြီလ ၅ ရက်နေ့ တွင် ပြုလုပ်သည့် ULA/AA ၏သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူခိုင်သုခက ပြောဆိုခဲ့ပေသည်။
ယင်းအချက်ကိုထောက်ရှု၍ အာရက္ခတရားစီရင်ရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ဗြိတိသျှခေတ်ဥပဒေများဖြစ်သောရာဇသတ်ကြီး၊ရာဇဝတ်ကျင့်ထုံးဥပဒေ၊သက်သေခံဥပဒေများကို အဓိကကျင့်သုံးနေကြောင့် ကောက်ချက်ချရမည်ဖြစ်ပြီး မြေယာအပါအဝင် အုပ်ချုပ်ရေးဥပဒေများတွင်လည်း ဗြိတိသျှကျင့်သုံးနေသည့် စနစ်ကိုပင် ကျင့်သုံးနေသလားဆိုသည်မှာ မသေချာ၊မရေရာလှပေ။
သို့ရာတွင် ထိုသို့ဖြေကြားစဉ်က နိုင်ငံရေးအခြေအနေနှင့်ယခုအခြေအနေမှာများစွာပြောင်းလဲနေပြီဖြစ်ပေသည်။
ဗြိတိသျှသည် မြန်မာနိုင်ငံကို သိမ်းယူပြီး ဗြိတိသျှဥပဒေစနစ်ကို ရခိုင်နှင့်တနင်္သာရီတွင် စတင်ကျင့်သုံးခဲ့သည်။ဗြိတိသျှထံမှ အချုပ်အခြာအာဏာကိုသိမ်းယူသည့် ဂျပန်သည်လည်းအုပ်ချုပ်ရေးဆိုင်ရာအမိန့်များနှင့် ဥပဒေများမှအပ ပင်မကျောရိုးဗြိတိသျှဥပဒေကိုပင် ဆက်လက်ကျင့်သုံးခဲ့သည်။
၁၉၄၈ ခုနှစ်၊မြန်မာပြည်သည် ဗြိတိသျှထံမှလွပ်လပ်ရေးရရှိသည့်အခါတွင်လည်း ၎င်းဥပဒေများကိုပင် ဆက်ခံကျင့်သုံးခဲ့ပေသည်။
တိုင်းကျိုးပြည်ပြုလွှတ်တော်အပါအဝင် ဖဆပလခေတ်၊တော်လှန်ရေးကော င်စီခေတ်၊မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ်တွင်လည်း ၎င်းဥပဒေများအနက်က ခေတ်နှင့်မညီ၊မိမိတို့၏ စနစ်များနှင့်မကိုက်ညီသည့်ဥပဒေအ ချို့မှအပ ဥပဒေအများစုကို ဆက်လက်ကျင့်သုံးဆောင်ရွက်ကာ တရားရေးဆိုင်ရာစီရင်ချက်များ၊အမိန့်များ၊ ဖြတ်ထုံးများကို ဆက်ခံကျင့်သုံးဆောင်ရွက်ခဲ့ကြပေသည်။
ထို့အပြင် အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာတွင် တာဝန်အရှိဆုံးရာထူးများဖြစ်သည့် နယ်မြေမှူး၊နိုင်ငံရေးမှူးများ၊အုပ်ချုပ်ရေးမှူးများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ခန့်အပ်တာဝန်ပေးထားသော်လည်း မည်သည့် ဥပဒေ၊မည်သည့်အရည်အချင်းသတ်မှတ်ချက်များရှိပြီး မည်သည့်တာဝန်၊ဝတ္တရားများရှိကြသည်ကိုလည်း အာရက္ခပြည်သူလူထုအများစု မသိရှိကြပေ။
ထိုအခြေအနေများကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို အာရက္ခပြည်သူလူထုအများစုအပါအဝင် မြန်မာပြည်သူများနှင့်နိုင်ငံတကာအသိုင်းအဝိုင်းက မေးခွန်းထုတ်ပြောဆိုမှုများရှိလာကြသည်။
ကြားကာလအုပ်ချုပ်ရေးဥပဒေမူကြမ်းလိုအပ်
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ခဲ့သည့် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့မှ၂၀၂၅ ခုနှစ်၊ဧပြီလ ၂၅ ရက်နေ့ဆိုလျင် တိုက်ပွဲကာလတစ်နှစ်ကျော်လာခဲ့ပြီဖြစ်သည်။
ထိုစစ်ရေးကာလများတွင် ပလက်ဝဒေသအပါအဝင် တစ်ဆယ့်ငါးမြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။
အာရက္ခတပ်တော်ဦးဆောင်ပြီး တော်လှန်ရေးနှင့်နိုင်ငံတော်တည်ဆောက်ရေးကို တပြိုင်တည်း အကောင်အထည်ဖော်ဆောင်နေသဖြင့်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် လက်ရှိ ကြားကာလစီမံအုပ်ချုပ်ရေးတွင် ဘေးကျပ်နံကျပ်ဖြစ်စေသည်။အထူးသဖြင့် အရည်အချင်းပြည့်ဝသောလူ့စွမ်းအားအရင်းအမြစ်များနည်းပါးခြင်းနှင့်ပြည်သူ့အကျိုးစီးပွားကို အကာအကွယ်ပေးသော ကြားကာလအုပ်ချုပ်ရေးဥပဒေ သို့မဟုတ် ကြားကာလအခြေခံဥပဒေမူကြမ်းမရှိမဖြစ်လိုအပ်ပေသည်။
ကြားကာလဥပဒေမူကြမ်းတွင် အာရက္ခပြည်သစ်အခြေခံမူများ၊အခွင့်အရေးများ၊မူဝါဒများနှင့်အညီ လိုက်နာကျင့်သုံးမည့်ဥပဒေများ၊လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းစွာအဓိပ္ပာယ်ဖွင့်ဆိုထားရမည့်အပြင် အသားအရောင်၊လူမျိုး၊ဘာသာ၊လိင်၊ဆင်းရဲချမ်းသာ၊အဆင့်အတန်း၊ရာထူးဌာနန္တရမခွဲခြားဘဲ ပြည်သူတစ်ဦး၊တစ်ယောက်ချင်းစီတိုင်းကို ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှမှု၊အကာအ ကွယ်များနှင့်တာဝန်များကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကာ ပြည်သူများ သိရှိရန်လည်း အာရက္ခပြည်သူ့အစိုးရက ဆောင်ရွက်ရန်လိုအပ်သည်။
ထို့အပြင် တိုက်ပွဲကာလများတွင်း ဆုံးရှံးသွားသောပြည်သူများ၏အသက်၊အိုးအိမ်များ၊မြေယာ၊ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများအတွက် ပြန်လည်အစားထိုးရပိုင်ခွင့်နှင့်ပြစ်မှုကျုးလွန်သူများကိုအရေးယူရေးစသည့် အချက်များမှာ ကြားကာလဥပဒေမူကြမ်းတွင် ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်သည်။
ကြားကာလဥပဒေမူကြမ်းဖြစ်နေစေကာမူ ဥပဒေအောက်တွင် ပြည်သူအားလုံးတန်းတူညီမျှရှိမှု၊သာနာညီမျှမှု၊အပြန်အလှန်လေးစားခံရမှု၊အပြစ်မရှိဟုမှတ်ယူခြင်းစသည့် တရားစီရင်ရေးဆိုင်ရာရပိုင်ခွင့်များကိုလည်း အသိအမှတ်ပြုထည့်သွင်းရန်နှင့်လူမျိုးစုဆိုင်ရာအခွင့်အရေးများကို အသိအမှတ်ပြုမှုနှင့်ကာကွယ်မှုတို့လည်း ထည့်သွင်းရန်လိုအပ်ပေသည်။ဆိုလိုသည်မှာ အာရက္ခတော်လှန် ရေးအစိုးရသည် ကြားကာလဥပဒေမူကြမ်းကို ရေးဆွဲသည့်အခါတွင် ဘက်ပေါင်းစုံ၊ရှုထောင့်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားရန်အတွက် တာဝန်ရှိပေသည်။
မကြာသေးမီက အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့်မြေနုကျွန်းလုပ်ပိုင်ခွင့်ဆိုင်ရာအငြင်းပွားမှုသည် အာရက္ခပြည် ၏များမြောင်လှစွာသောမြေယာမူခင်းများအနက်က တစ်ခုမျှသာဖြစ်ရာ ကြားကာလဖွဲ့စည်းပုံတွင် အာရက္ခပြည်၏မြေယာမူဝါဒကို ထည့်သွင်းပြဌာန်းရန်လည်း လိုအပ်မည်ဖြစ်ပေသည်။
ထို့အပြင် ယခုနှစ်များတွင် နှစ်စဉ်လိုလို ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကာကွယ်ခြင်းနှင့်တုန့် ပြန်ဆောင်ရွက်မှုများမှာလည်း အရေးပါသောအချက်တစ်ခုဖြစ်ပေသည်။
ပြည်သူများက မျှတသောတရားစီရင်ရေးကို ရရှိခံစားစေရေးတရားဥပဒေစိုးမိုးရေး(Rule Of Law) ဟုခေါ်သည့် အုပ်ချုပ်ရေး၊တရားစီရင်ရေးအခန်းကဏ္ဍတွင် ဓမ္မဓိဌာန်ကျမှုနှင့်ဘက်လိုက်မှုကင်းရေးသည် အလွန်အရေးပါသည်။
ဥပဒေမူကြမ်းထဲတွင် အာရက္ခတပ်တော်၏ထိပ်ပိုင်းခေါင်းဆောင်ဖြစ်နေစေကာမူ ပုဂ္ဂိုလ်စွဲ၊နိုင်ငံရေးစွဲမပါရှိဘဲ ဥပဒေအရာတွင်တန်းတူညီမျှ ရှိရမည်ဖြစ်သည်။လူပုဂ္ဂိုလ်စွဲနှင့်နိုင်ငံရေး အာဏာများသည် တရားစီရင်ရေးမဏ္ဍိုင်အပေါ်တွင် လွှမ်းမိုးမှုမရှိစေရန် လိုအပ်ပေသည်။
ကြားကာလတရားစီရင်ရာတွင်လည်း ဥပဒေရေးရာအရဆုံးဖြတ်ချက်များ၊သက်သေအချက်အလက်များကိုသာ အခြေခံရမည်ဖြစ်ကာ အာဃာတကို အခြေခံသည့်စွပ်စွဲချက်များ မဖြစ်ရန် လိုအပ်ပေသည်။
ထိုမှသာ အာရက္ခပြည်သူတိုင်းသည် တရားဥပဒေစိုးမိုးရေးနှင့်တရားစီရင်ရေးကို ပိုမိုအလေးထားလာကြမည် ဖြစ်သည်။
ထို့အပြင်အများပြည်သူရှေ့တွင် ပွင့်လင်းမြင်သာစွာနှင့်ကြားနာစစ်ဆေးမှုနိုင်ခွင့်၊သိရှိပိုင်ခွင့်တို့ ရှိရမည်ဖြစ်သည်။
ဤသို့ပြုလုပ်ခြင်းသည် တဖက်သတ်ဖမ်းဆီးခြင်း၊တဘက်သတ်ကြားနာစစ်ဆေးခြင်းများကိုပါ လျော့ကျစေနိုင်မည့်အပြင် မတရားသဖြင့် ဖမ်းဆီးခြင်းများကို လျော့ပါးစေနိုင်သည်။
ဥပဒေအရမျှတမှုမရှိသော ဆုံးဖြတ်ချက်များ၊ စီရင်ချက်များမဖြစ်စေရေးနှင့်တရားစီရင်ရေးမဏ္ဍိုင်အား ထိန်းညှိနိုင်သော စတုတ္ထမဏ္ဍိုင်သတင်းမီဒီယာများ၊အရပ်ဖက်အဖွဲ့အစည်းများ၏အခန်းကဏ္ဍကို အသိအမှတ်ပြုရန်လည်းအရေးကြီးပြီး ပြည်သူ့အသံကို ပြန်လည်နားထောင်နိုင်သောကဏ္ဍနေရာများကို အာရက္ခပြည့်သူ့တော်လှန်ရေးအစိုးရမှ ဥပဒေအရအကာအကွယ်ပေးနိုင်ရမည်ဖြစ်သည်။
ထိုမှသာ ကြားကာလမျှတသောတရားစီရင်ရေးစနစ် ဖြစ်ပေါ်လာမည်ဖြစ်သည်။
အာရက္ခတော်လှန်ရေးအစိုးရသည် အာရက္ခတရားစီရင်ရေးစနစ်ကို ၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီတရားစီ ရင်ရေးနှင့်အပြိုင်ဆောင်ရွက်လာခြင်းဖြစ်ပေသည်။
ထို့ကြောင့် ၂၀၂၂ ခုနှစ်၊မတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် ULA/AA ၏သတင်းစာရှင်းလင်းပွဲတွင် တရားစီရင်ရေးဌာနသို့အမှုပေါင်း ၁၈၄၆ မှုရောက်ရှိပြီး တရားမမှု ၁၉၉၁ မှု၊ရာဇဝတ်မှု ၁၂၀၅ မှု ဖြေရှင်းခဲ့ကာ ရာဇဝတ်မှု ၈၁၁ မှုနှင့်တရားမမှု ၁၁၁၇ မှုဖြေရှင်းရန်ကျန်ရှိကြောင်း ဖြေကြားခဲ့ပေသည်။
သို့ရာတွင် အာရက္ခပြည်သူလူထုသည် အာရက္ခတရားစီရင်ရေးဥပဒေကို သိရှိသူ၊ဖတ်ဖူးသူမရှိသေးပေ။
သာမန်ပြည်သူများသာမက အာရက္ခတော်လှန်ရေးအစိုးရလက်အောက်တွင် ရှေ့နေလိုက်ပါဆောင်ရွက်နေကြသူ ရှေ့နေအချို့ကပါ အာရက္ခတရားစီရင်ရေးဥပဒေအပါအဝင် တရားစီရင်ရေးနှင့်ဆက်စပ်သောဥပဒေများအား ဖတ်ဖူးခြင်း၊တွေ့ဖူးခြင်းမရှိကြောင်း၊မျှဝေပေးခြင်းများမရှိကြောင်း မေးမြန်းသိရှိရပေသည်။
တဆက်တည်းမှာပင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနှင့်နှိုင်းယှဉ်ပါက နယ်မြေစိုးမိုးမှုအားကောင်းခြင်းမရှိသော ကရင်နီပြည်တွင် ကရင်နီပြည်ကြားကာလလွှတ်တော်က ကရင်နီပြည်ကြားကာလတရားစီရင်ရေးဥပဒေကို ကရင်နီပြည်ကြားကာလလွှတ်တော်ဥပဒေအမှတ် ၂/၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ ၅ ရက်တွင် ပြဌာန်းကာ အများပြည်သူသိရှိလေ့လာနိုင်ရန် ထုတ်ပြန်ကြေညာခဲ့မှုနှင့်နှိုင်းယှဉ်ပါက အာရက္ခတရားစီရင်ရေးသည် မျှတသောတရားစီရင်ရေးမူတွင် အခြေခံကျသည့်ပွင့်လင်းမြင်သာမှု၊တာဝန်ခံမှုတန်ဖိုး လျော့ကျပါသဖြင့် ဤအချက်သည်လည်း ဆောလျင်စွာကျင့်သုံး ပြုပြင်ရမည့်အချက်ဖြစ်ပေသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်မအစိုးရဖြစ်သောစစ်ကောင်စီ၏ဥပဒေ၊နည်းဥပဒေ၊ညွန်ကြားချက်များအနက် မည်သည့်ဥပဒေ၊မည်သည့်နည်းဥပဒေ၊မည်သည့်ညွန်ကြားချက်များကို ဆက်လက်ကျင့်သုံးကြောင့် သို့မဟုတ် မကျင့်သုံးကြောင့်ကို တိကျသောဥပဒေဆိုင်ရာတိကျမှုရှိရန်လိုပေသည်။
သို့မှသာလျှင် နစ်နာသောပြည်သူလူထု တစ်ဦးချင်းစီသည် မိမိ၏နစ်နာချက်ကို ဥပဒေဘောင်အတွင်းမှ တောင်းဆိုတိုင်တန်းလိုပါလျှင် မည်သည့်ဥပဒေပါအခွင့်အရေးအရ မိမိသည်နစ်နာရကြောင့် တိတိကျကျ တိုင်တန်းရန်လိုအပ်မည်ဖြစ်ပါသဖြင့် ပြည်သူ့အခွင့်အရေးကို အကောင်အထည်ဖော်ဆောင်ရန်လိုအပ်သည့် အရေးကြီးသောအချက်ဖြစ်ပေသည်။
ထို့အပြင်ပြည်သူအများစု နိစ္စဓူဝထိတွေ့လုပ်ကိုင်နေရသည့် မြေယာဥပဒေများနှင့်ပတ်သက်၍ လက်ရှိကာလတွင် မြေယာအုပ်ချုပ်မှုအဖွဲ့ ရှိသည်ဟုသိရသော်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏မြေယာဥပဒေ သို့မဟုတ် မြေယာဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုလည်း သာမန်ပြည်သူများအပါအဝင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတရားစီရင်ရေးတွင် ရှေ့နေလိုက်ပါဆောင် ရွက်သူများလည်း မသိရှိ၊မမြင်ဖူး၊မဖတ်ဖူးကြသဖြင့် ပြည်သူလူထုသည် ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှရရှိရေးနှင့်တရားဥပဒေစိုးမိုးရေးတွင် အခြေခံဖြစ်သည့် ဥပဒေကိုပြည်သူများသိရှိစေရေးအတွက် ခက်ခဲသောစိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်သည်။
ပြည်သူလူထုကိုဖိနှိပ်သည့်ဥပဒေမဖြစ်ဖို့လို
အာဏာပိုင်များ၏အကျိုးစီးပွားအတွက် အကာအကွယ်ပေးသည့်ဥပဒေနှင့်အာဏာရှိသူများ၏လုပ်ဆောင်ချက်များကို ဥပဒေယန္တရားမှ အကာအကွယ်ပေးထားသည့်စနစ်ကို အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရအနေဖြင့် သတိထားရှောင်ကြည်သင့်ပေသည်။ဆွေမျိုးကောင်းစားရေးဝါဒအပါအဝင် ဥပဒေကို လူတစုအကျိုးစီးပွားအတွက်သာအသုံးပြုလျှင် ထိုဥပဒေမှာ ပြည်သူကိုဖိနှိပ်သည့် ဥပဒေသာဖြစ်သည်။
ဥပဒေကိုသုံးပြီး နိုင်ငံရေးရပ်တည်ချက်မတူညီသည့်သူများကိုဖယ်ရှားခြင်း၊လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်းများအပါအဝင် တရားရေးရာဆုံးဖြတ်ချက်များသည် အာဏာရသူ များ၏အကျိုးစီးပွားရေးအတွက်သာ ဦးစားပေးဖြစ်နေလျှင် ထိုဥပဒေစနစ်တွင် ဒေသတွင်းမတည်ငြိမ်မှုဖြစ်စေပြီး ပြည်သူများအနေဖြင့်လည်း တရားဥပဒေအပေါ် ယုံကြည်မှုကို လျော့ပါးလာစေမည်။
အထူးသဖြင့် တရားမျှတမှုမရှိခြင်း၊တန်းတူညီမျှမှုမရှိခြင်း၊တာဝန်ခံမှုများနည်းပါးလာခြင်းနှင့်အပြန်အလှန် စောင့်ကြည့်ခြင်း(Check and Balance)နည်းပါးခြင်းများသည် တရားဥပဒေစနစ်ကို ပိုပျက်စီးစေသည်။
အနီးအဝေးမျှတစွာကြည့်ဖို့
အာရက္ခဒေသအတွက် အထူးသတိထားရန်မှာ လူပြိန်းကြိုက်ဝါဒီများလွန်းခြင်းနှင့်အမျိုးသားရေးအင်အားစုများ အလွန်အားကောင်းခြင်းများကို သင့်တင့်မျှတစွာလိုအပ်သည့်နေရာများတွင်ထိန်းချုပ်အသုံးပြုမှု မလွန်ကဲအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
တဖက်တွင် ပေါ်ပြူလစ်ဇင်များနှင့်အမျိုးသားရေးဝါဒီများသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဝေဖန်ထောက်ပြသူများကို တိုက်ခိုက်ခြင်း၊ကိုယ့်ကျိုးစီးပွားအကာအကွယ်အတွက် တရားစီရင်ရေးအပေါ်တွင် ဝေဖန်သူများအား ရှုတ်ချခြင်းများ ပြုလုပ်လေ့ရှိကြသည်။
ထို့အပြင် ကြားကာလတွင် လိုအပ်ချက်များရှိသေးသည်ဆိုကာ ဥပဒေမဲ့လုပ်ဆောင်ချက်များ ပြုလုပ်လျှင်လည်း ဝေဖန်ထောက်ပြသူများကို ရန်သူသဖွယ်တိုက်ခိုက်လေ့ရှိကြသည်။
တရားဥပဒေစိုးမိုးမှုကိုစောင့်ကြည့်သည့်အရပ်ဖက်အဖွဲ့အစည်းများ၊ဒေသအခြေစိုက်သတင်းမီဒီယာများ၊သတင်းသမားများအပေါ်တွင် ကန့်သတ်ထားခြင်းကလည်း လူပြိုန်းကြိုက်များကို ပိုမိုတွင်ကျယ်စေပြီး ဥပဒေအကြောင်းခြင်းရာများအပေါ်တွင် အခြေမခံသည့်တရားဥပဒေမစိုးမိုးမှုကို ပိုတိုးစေသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် အမှီအခိုကင်းသည့်တရား စီရင်ရေးမဏ္ဍိုင်ကို ဆောင်ရွက်လိုလျှင် ပွင့်လင်းမြင်သာမှုရှိခြင်းကို ကနဦးတည်ဆောက်ရမည်။
ကြားကာလဥပဒေမှုကြမ်းကို တရားဝင်ချပြခြင်း၊ဝေဖန်အကြံပြုချက်များကို လက်ခံခြင်းနှင့်ဥပဒေပြုရေးမဏ္ဍိုင်အတွက် လူစွမ်းအားအရင်းအမြစ်ဖြည့်တင်းခြင်းများကို ဆောင်ရွက်ရမည်။
တဖက်တွင် ဥပဒေသည် စာရွက်ပေါ်မှာထက် ပြည်သူလူထုအားလုံးကို အကာအကွယ်ပေးသည့် ချစ်ကြောက်ရိုသေသောစနစ်ဖြစ်အောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကြိုးစားရမည်ဖြစ်သည်။
ထိုမှသာ ကွဲပြားစုံလင်သောလူမျိုးများသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏တိုင်းပြည်တည်ဆောက်ရေးတွင် ပိုမိုပါဝင်အားဖြည့်လာကြမည်ဖြစ်သည်။
တရားဥပဒေကို နှုတ်ဥပဒေမဖြစ်ဖို့၊လိုအပ်သလိုပုံဖော်ပြီး ဖိနှိပ်ခြင်းမပြုလုပ်ဖို့လည်း လိုအပ်ပေသည်။
လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံအတူယှဉ်တွဲနေထိုင်သောအာရက္ခပြည်အနာဂတ်တွင် အာရက္ခပြည်သူလူထုအားလုံး၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးပြီး ဖွံ့ဖြိုးစည်းစနစ်ကျသော နိုင်ငံသစ်အတွက် တရားဥပဒေစိုးမိုးရေးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် အနီးအဝေးမှန်ကန်စွာကြည့်ရှုကာ အကောင်အထည်ဖော်နိုင်ရန် အထူးလိုအပ်သည်။