Border News Agency
နေပြည်တော်၊ ဩဂုတ် ၁၈။
မြန်မာနိုင်ငံမှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၈ ရက်၊ဒီနေ့ ကြေညာပါတယ်။
ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမှာဖြစ်ပြီး အပိုင်းလိုက်လုပ်မယ့် နေ့ရက်တွေကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာကုန်နဲ့ ဇန်နဝါရီလဆန်းတွေမှာပြုလုပ်သွားမယ်လို့ ပြောဆိုထားပြီးနောက် ရွေးကောက်ပွဲကော်မရှင်က ကျင်းပမယ့်နေ့ရက်ကို ထုတ်ပြန်လာတာပါ။
အခုရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်အတွက် ယခင်ကျင့်သုံးခဲ့တဲ့ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ကိုကျင့်သုံးမှာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကိုတော့ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ရောနှောထားတဲ့ ကိုယ်စားလှယ်အချိုးကျစနစ် (MMP) နဲ့ ကျင်းပမှာဖြစ်ပါတယ်။
ပြည်နယ်လွှတ်တော်အတွက် နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ မှာ တစ်မြို့နယ်ကို ကိုယ်စားလှယ် တစ်ဦးစီ၊အမျိုးသားလွှတ်တော်မှာ FPTP စနစ်နဲ့၈၄ နေရာနဲ့ PR စနစ် နဲ့ ၂၆ နေရာ၊စုစုပေါင်း ၁၁၀ နေရာ၊တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်မှာတော့ FPTP စနစ်နဲ့ ၃၂၂ နေရာ၊ PR စနစ်နဲ့ ၄၂ နေရာ၊ စုစုပေါင်း ၃၆၄ နေရာမှာ ကျင်းပမယ်လို့လည်း ဆိုပါတယ်။
စစ်ကော်မရှင်က သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်တွေထဲမှာ အာရက္ခတပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့နေရာတွေလည်းပါဝင်ပါတယ်။
အာရက္ခတပ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်သုခကတော့ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
စစ်ကော်မရှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၆၀ ရှိပါတယ်။