အာရက္ခဒေသက စစ်ဘေးရှောင်တွေမှာ အရေပြားရောဂါ(ယားနာ)ဖြစ်နေကြပြီး ဆေးဝါးကုသမှုခံယူဖို့လက်လှမ်းမမီသလို ဆေးဝါးရဖို့လည်းခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေအားလုံးရှိစစ်ဘေးရှောင်တွေမှာ အရေပြားရောဂါယားနာတွေဖြစ်နေကြတာဖြစ်ပြီး ကလေးငယ်တွေမှာပိုအဖြစ်များတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
“ယားနာတွေအများကြီးပေါက်နေကြတယ်။ကလေးတွေဆိုပိုများတယ်။တခန္ဓာလုံးမှာပဲအနာတွေက။ကူးတာလည်းမြန်တယ်” လို့ ပေါက်တောမြို့နယ်ရှိ စစ်ရှောင်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီလိုဖြစ်နေကြသူတွေထဲမှာ သံတွဲနဲ့ ဂွမြို့နယ်က စစ်ဘေးရှောင်တွေမှာလည်း ယားနာပေါက်နေသူတွေ အများအပြားရှိနေပြီး စစ်ဘေးရှောင်ဦးရေအားလုံးရဲ့ထက်၀က်ကျော်ခန့်ထိဖြစ်နေကြတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ဆိုကြပါတယ်။
“ဆေးတွေတော့ ဆက်တိုက်၀ယ်ပြီးထောက်ပံ့ကူညီနေတယ်။ဒါပေမယ့် အခုကတော်တော်များများပြန့်ပွားနေတော့ မနိုင်ဘူးဗျာ။တဖက်မှာလည်း ဆန်နဲ့စားနပ်ရိက္ခာ ထောက်ပံ့နေရတော့ အလှူရတဲ့အပေါ်မူတည်ပြီး ထောက်ပံ့နေရတယ်” လို့ သံတွဲမြို့နယ်မှ စစ်ရှောင်အရေးကူညီပေးနေသူတဦးက Border News Agency ကိုပြောပါတယ်။
အာရက္ခတပ်တော်ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ”၁၀၂၇ စစ်ဆင်ရေး” အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့ ၂၀ ၂ ၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီးစစ်ကောင်စီတပ်ကအာရက္ခဒေသရှိ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့တားမြစ်ထားသလိုနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့တွေကိုလည်းသွားလာခွင့်တွေ ပိတ်ပင်ထားပါတယ်။
အဲဒါကြောင့် အာရက္ခဒေသမှာကျန်းမာရေးစောင့်ရှောက်မှုတွေအပါအဝင် ဆေးဝါးတွေအဆမတန်စျေးမြင့်တက်နေပြီး ဆေးဝါးပြတ်လက်မှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုဆေးဝါးပြတ်လက်မှုတွေကြောင့် အာရက္ခဒေသမှာ သက်ကြီးရွယ်အိုတွေအပါအဝင် ကလေးငယ်တချို့သေဆုံးတာတွေထိ ရှိနေတယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“ဒီဖက်မှာလည်း တော်တော်အခြေအနေဆိုးနေတယ်။ဆေးတွေဘာတွေလည်းအလုံအလောက် မရှိဘူး” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ရှောင်အရေးကူညီပေးနေသူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီ အရေပြားရောဂါ(ယားနာ)တွေဟာ စခန်းတွင်း သုံးရေမသန့်ရှင်းတာ၊အ၀ တ်အစားတွေမသန့်ရှင်းတာ၊လူဦးရေထူထပ်တာတွေကြောင့် ဖြစ်နိုင်တယ်လို့ စစ်ရှောင်တွေကဆိုကြပါတယ်။
“ကိုယ်ခံအားနည်းတာရယ်။အာဟာရနဲ့ ဗီတာမင်ဓါတ်ချို့တဲ့တာရယ်။တကိုယ်ရေသန့်ရှင်းမှုမရှိတာရယ်ကြောင့်ဘက်တီးရီးယားပိုး၊မှိုပိုးတွေဝင်ပြီးအနာတွေဖြစ်တာပါ။” လို့ အထွေထွေရောဂါအ ထူးကုဆရာဝန်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီလိုယားနာဖြစ်နေသူတွေကို ရေနွေး၊ဆပ်ပြာနဲ့သေသေချာချာဆေးကြောပြီး တချို့အနာတွေကိုပြည်ဖေါက်ကာဆေးထည့်ဖို့လိုတယ်လို့ အထူးကုဆရာဝန်က အကြံပြုထားပါတယ်။
အဲဒီတချို့အနာတွေကိုတော့ ဘက်တီးရီးယားနဲ့မှိုပိုးသတ်ဆေးတွေ လိမ်းပေးမှာဖြစ်ပြီး Multivitamin အားဆေးသောက်ပေးဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။
အာရက္ခဒေသမှာ စစ်ရေးအခြေအနေတွေနဲ့ စစ်ကောင်စီရဲ့လေကြောင်း၊လက်နက်ကြီးအန္တရယ်တွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူခြောက်သိန်းကျော်အထိ ရှိနေပါတယ်။
အဲဒီစစ်ရှောင်တွေဟာ နိုင်ငံတကာကူညီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြတာမို့ စားနပ် ရိက္ခာအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။