ပေါက်တောမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ဆယ့်ခုနှစ်ဦးသေဆုံးပြီးဆယ်ဦးဒဏ်ရာရ
Border News Agency
ပေါက်တော၊စက်တင်ဘာ ၉ ။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ပေါက်တောမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ဆယ့်ခုနှစ်ဦးသေဆုံးပြီးဆယ်ဦးဒဏ်ရရှိသွားတယ်လို့ အာရက္ခတပ်တော်(AA) က စက်တင်ဘာလ ၉ ရက်၊ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီပေါက်တောမြို့နယ်၊ရှင်ရွာကျေးရွာမှာ အာရက္ခတပ်တော်(AA)ရဲ့ယာယီဆေးကုသနေရာကို စက်တင်ဘာလ ၈ ရက်၊မနေည ၆ နာရီအချိန်မှာ စစ်ကောင် စီတပ်က တိုက်လေယာဥ်နဲ့ နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံး၊ဒဏ်ရာရသွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံ့ပန်းတွေထဲက ဆေးကုသနေတဲ့အရာ ရှိကြီးတချို့၊စစ်ကောင်စီရဲ့သတင်းပေးတွေ၊စစ်ကောင်စီသတင်းပေးသံသယနဲ့ဖမ်းဆီးစစ်ဆေးခံနေသူတချို့၊ပြစ်ဒဏ်ကျခံနေရသူတချို့သေဆုံးဒဏ်ရာရရှိခဲ့တာလို့ဖော်ပြထားပါတယ်။
အဲဒီအပြင်အဲဒီအကျဥ်းစခန်းထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းချို့နဲ့အရပ်သားပြည်သူတွေ၊ကလေးငယ်တချို့လည်း ပါဝင်တယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားတဲ့သံတွဲမြို့မှာလည်း စက်တင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်မှ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းဆရာတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ် လို့ သံတွဲဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီတပ်က လေ ကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့” ၁၀၂၇စစ်ဆင်ရေး ”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကအရပ်သားပြည်သူတွေကို ရည်ရွယ်ချ က်ရှိရှိလေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်နေတာဖြစ်သလို ခုရက်ပိုင်းလေကြော င်းပစ်ခတ်မှုတွေပိုမိုပြုလုပ်လာနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA)က ပေါက်တော၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ဘူးသီးတောင်၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ရမ်းဗြဲ၊သံတွဲမြို့တွေကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီး မောင်တော၊အမ်း၊ကျောက်ဖြူ၊တောင်ကုတ်၊ဂွ၊စစ်တွေမြို့နယ်တွေမှာလည်း တိုက်က်ပွဲတွေဖြစ်ပြီးစစ်ရေးတင်မားနေပါ တယ်။
အဲဒီပေါက်တောမြို့နယ်ကို စက်တင်ဘာလ ၆ ရက်နေ့ကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၂ ရဲတပ်ရင်းနဲ့စစ်တွေမြို့၊ ပွိုင့်ကမ်းခြေအနီးရှိစစ်ကောင်စီတပ်ရဲ့ရေတပ်ဌာနချုပ်ကလည်း လက်နက်ကြီးပစ်ခတ်ခဲ့တာမို့နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်း၊ဘာသာရေးအဆောက်အအုံတွေ၊ဈေးတွေကို လေကြောင်းတိုက်ခိုက်တာတွေပိုမိုလုပ် ဆောင်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်နေတာမို့ အပြစ်မဲ့အရပ်သားပြည်သူတွေ၊က လေးသူငယ်တွေ၊ကိုယ်ဝန်ဆောင် မိခင်တွေနဲ့သက်ကြီးရွယ်အိုတွေ အစုလိုက်အပြုံးလိုက်သေဆုံးနေတာတွေဟာ မြန်မာနိုင်ငံအနှံ့မှာ နေ့စဥ်ရက်ဆက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
