အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့နယ်မြေတွေရှိ စစ်ဘေးရှောင်စခန်းတွေမှ စစ်ဘေးရှောင်အမျိုးသမီးတွေဟာ လူကုန်ကူးသမားတွေအတွက် ပစ်မှတ်ထားခံနေကြရတဲ့သားကောင်တွေဖြစ်နေကြတယ်လို့ လူကုန်ကူးတားဆီးရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်(AA) နဲ့စစ်ကောင်စီတပ်ကြားနှစ်ဘက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ထိန်းချုပ်ထားဆဲစစ်တွေနဲ့ကျောက်ဖြူမှစစ်ဘေးရှောင်အမျိုးသမီးတဆယ်ကျော်ဟာ တရုတ်မယားအဖြစ်လူကုန်ကူးခံခဲ့ကြရပါတယ်။
အဲဒီအထဲမှာ စစ်တွေမြို့နယ်မှဆယ်ဦး၊ကျောက်ဖြူမြို့နယ်သုံးဦး၊ကျောက်တော်မြို့နယ်၊အပေါက်ဝကျေးရွာကတဦးပါဝင်ပြီး အသက်တဆယ့်ငါးနှစ်အရွယ်မှသုံးဆယ့်ရှစ်နှစ်အရွယ်ထိပါဝင်ပါတယ်။
အဲဒီအမျိုးသမီးတွေကို စစ်တွေမြို့၊ နာဇီရွာစျေးမှာစျေးရောင်နေသူအသက်သုံးဆယ်အရွယ်ကိုအောင်အောင်က စည်းရုံးခေါ်ယူပြီး စစ်တွေမြို့၊ ဓညဝတီရပ်ကွက်မှနေအိမ်တအိမ်မှစုထားကာ စစ်တွေမှရန်ကုန်သို့လေယာဥ်တွေနဲ့ပို့ ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။
“လူကုန်ကူးအဖွဲ့ပေါ့။အုပ်စုလိုက်လုပ်နေကြတာပါ။အဓိကတရုတ်မယားအဖြစ်ရောင်းစားနေကြတာပါ။စစ်ဘေးရှောင်အမျိုးသမီးတွေ၊ဆင်းရဲနွမ်းပါးတဲ့အမျိုးသမီးတွေကို သားကောင်အဖြစ်ပစ်မှတ်ထားလုပ်နေကြတာပါ။” လို့လူကုန်ကူးမှုတားဆီးရေးဆောင်ရွက်နေသူတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီလူကုန်ကူးအုပ်စုဟာ စစ်ဘေးရှောင်အမျိုးသမီးတွေ၊ဆင်းရဲနွမ်းပါးသူတွေကို အဓိကပစ်မှတ်ထားရှာဖွေပြီးစစ်တွေနဲ့ကျောက်ဖြူမှတဆင့်လေယာဥ်နဲ့ပို့ဆောင်ရောင်းစားနေကြတာဖြစ်သ လိုခရီးစာရိတ်တွေကအစလေယာဥ်လက်မှတ်တွေထိအကုန်လုံးလုပ်ဆောင်ပေးကြတယ်လို့ လူကုန်ကူးခံခဲ့ကြရသူတွေက ဆိုကြပါတယ်။
အဲဒီအမျိုးသမီးတွေကို ရန်ကုန်မှာအလုပ်ရမယ်ဆိုပြီးလိမ်လည်ခေါ်ယူကာရန်ကုန်ကတဆင့်တရုတ်နယ်စပ်သို့ပို့ဆောင်ရောင်းစားလူကုန်ကူးနေကြတာဖြစ်တယ်လို့ လူကုန်ကူးတားဆီးရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။
အဲဒီအမျိုးသမီးတဆယ့်လေးဦးကို တရုတ်နယ်စပ်အနီးမှာတားဆီးနိုင်ခဲ့တာဖြစ်ပြီး အဲဒီအမျိုးသမီးတွေကို မြစ်ကြီးနားမြို့ရှိ ပြန်လည်လက်ခံရေးစခန်းမှာလက်ခံစောင့်ရှောက်ထားပါတယ်။
သူမတို့ရဲ့မိသားစုဝင်တွေကိုဆက်သွယ်နေကြပြီးမိသားစုဝင်တွေနဲ့အဆက်အသွယ်ရရင်ပြန်လည်ပို့ဆောင်ပေးဖို့စီစဥ်နေကြတယ်လို့ ကူညီဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။
“မိဘတွေရော့၊မိသားစုအများစုကရောင်းစားခံလိုက်ရတာတောင်မသိကြပါဘူး။ရန်ကုန်ကိုအလုပ်လုပ်ဖို့သွားကြတယ်လို့ထင်နေကြတာပါ။ဖုန်းလိုင်း၊အင်တာနက်လိုင်းမရတာတွေလည်းပါပါတယ်။ကလေးအမေတွေ၊ဆင်ဂယ်မွန်းတွေလည်းပါပါတယ်။တရုတ်တွေကကလေးမွေးခိုင်းမလို့ထင်ပါတယ်။” လို့ကူညီဆောင်ရွက်ပေးနေသူတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတညည်းက စစ်ကောင်စီတပ်ဟာ အာရက္ခဒေသရှိကုန်းလမ်း၊ရေလမ်းအားလုံးကိုတားဆီးပိတ်ဆို့ထားပေမယ့် ရန်ကုန်မြို့သို့သွားရောက်နိုင်တဲ့လေကြောင်းလိုင်းတွေကိုသာ ဖွင့်ပေးထားပါတယ်။
အာရက္ခတပ်တော်နဲ့စစ်ကောင်စီကြားနှစ်ဘက်စစ်ရေးတင်းမာနေပေမယ့် စစ်ကောင်စီဟာ စစ်တွေနဲ့ကျောက်ဖြူကိုလေကြောင်းလိုင်းတွေပုံမှန်ပြေးဆွဲနေသေးသလို အဲဒီမြို့နယ်တွေက စစ်ဘေူရှောင်အမျိုးသမီးတွေ၊ဆင်းရဲနွမ်းပါးအမျိုးသမီးတွေကို လူကုန်ကူးသားကောင်းအဖြစ် ပစ်မှတ်ထားလုပ်ဆောင်နေကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကအမျိုးသမီးတချို့လည်းပါဝင်နေတာမို့ လူကုန်ကူးတားဆီးရေးအသိပညာပေးမှုတွေအပါအဝင်စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် အသက်မွေးဝမ်းကျောင်းပညာတွေသင်ကြားပေးကြဖို့လိုအပ်နေတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်