ဂွ၊ မတ် ၃၁။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်မှာ မတ်လ ၃၁ ရက်၊ဒီနေ့နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဂွမြို့နယ်၊ ကျိန္တလီတိုက်နယ်၊ ဆားချက်ကျေးရွာက အသက်လေးဆယ်ခုနှစ်နှစ်အရွယ် ဦးဇော်ဝင်းအောင်မှာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားပြီး အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
သူဟာ ဒီနေ့နေလည်က တောင်ကိုဟင်းရှာသွားရင်းနဲ့မြေမြုပ်မိုင်းနင်းမိလို့ ခုလိုဒဏ်ရာရသွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေကြုံတွေနေကြရသလို ဘေးကင်းလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့လည်း ဆိုကြပါတယ်။
မင်းပြားအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့တခြားမြို့နယ်တွေမှာလည်း မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်တွေကြောင့်သေဆုံး၊ဒဏ်ရာရသူတွေရှိနေတာမို့ အာရက္ခတပ်တော်အနေနဲ့လည်း နေအိမ်တွေ၊လမ်းတွေမှာ သေရှာမိုင်းရှင်းလင်းပေးဖို့လိုအပ်တယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။