အာရက္ခတပ်တော်(AA) ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ဧပြီလ ၁ ရက်နေ့ကစတင်ပြီးတဖက်သတ်အပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေပူးပေါင်းကာအာရက္ခတပ်တော်ကို တိုက်ခိုက်နေတယ်လို့ ဧပြီလ ၅ ရက်နေ့ထုတ်ပြန်ပါတယ်။
ကျောက်ဖြူမြို့နယ်ရှိ သပြုတောင်၊ပြားတဲ၊ပြင်ရှည်ကျေးရွာအနီးကို ဧပြီလ ၂ ရက်နေ့ လက်နက်ကြီး၊ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ရဲ့သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင်အမှတ် ၃၂ ရဲတပ်ရင်း၊မြေပြင်စစ်ကြောင်းတွေဟာ ဧပြီလ ၂ ရက်နေ့မှာ ဒရုန်းဗုံးအကြိမ်ကိုးဆယ်၊ လက်နက်ကြီးအကြိမ်ခြောက်ဆယ်ထိပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဲဒီအပြင် စစ်ကောင်စီတပ်ရဲ့ ရွှေမင်းဂံဆိပ်ကမ်းမှ ပေါက်တောမြို့၊ ငပြီကျွန်းသို့ ၁၂၀မမ လက်နက်ကြီးခြောက်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သလို ကျောက်ဖြူမြို့နယ်မှာ ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ လက်နက်ကြီး၊ဒရုန်း၊တိုက်လေယာဉ်၊စစ်သင်္ဘောကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဧပြီလ ၅ ရက်နေ့မှာလည်းဒရုန်းဗုံးအကြိမ်ခြောက်ဆယ်၊လက်နက်ကြီးအကြိမ်ငါးဆယ်ထိပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်တွေမြို့နယ်၊ မင်းလှရွာသို့ ဒရုန်းဗုံးနှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီလ ၅ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်မှာ ရိုးမတောင်တန်းထက်သို့ တိုက်လေယာဉ်ဖြနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာတဖက်သတ်ထုတ်ပြန်ထားတဲ့အပစ်ရပ်မှုကို အလေးမထားဘဲ ကြည်း၊ရေ၊လေတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်(AA) ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ဧပြီလ ၁ ရက်နေ့မှ ၃၀ရက်နေ့ထိ ၁လကြာအပစ်ရပ်ထားသလို အာဏာသိမ်းစစ်တပ်က ဧပြီလ ၂ ရက်နေ့မှ၂၂ ရက်နေ့ထိသုံးပတ်ကြာအပစ်ရပ်ထားတယ်လို့ ထုတ်ပြန်ထားကြပါတယ်။
အာရက္ခတပ်တော်(AA) ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” အဖြစ် အာရက္ခဒေသမှာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော – အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် အာရက္ခဒေသက ဆယ့်လေးမြို့နယ်ထိ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် သုံးမြို့နယ်ကိုသာတိုက်ခိုက်သိမ်းယူဖို့ ကျန်နေပြီး စစ်တွေနဲ့ကျောက်ဖြူမှာလည်း စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။