အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထုတ်ပြန်ရမည့် အခွန်ဥပဒေ

ကျော်အောင် ရေးသည်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲတွင် အာရက္ခတပ်တော်(AA)သည် ပလက်ဝဒေသအပါအဝင် အာရက္ခဒေသရှိ တစ်ဆယ့်လေးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။

ထိုထိန်းချုပ်နယ်မြေအားလုံးတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားများဖော်ဆောင်ပြီး အစိုးရအဖြစ် စီမံအုပ်ချုပ်ဖော်ဆောင်နေပြီဖြစ်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အုပ်ချုပ်ရေး၊တရားစီရင်ရေးကို တရားဝင်စီမံခန့်ခွဲနေပြီဖြစ်သော်လည်း တရားဝင်ဥပဒေပြုရေးမရှိသေးသည့်အပြင် တရားဝင်ဥပဒေပြဌာန်းထုတ်ပြန်ချက်များမရှိသေးပေ။

သို့သော်လည်း အုပ်ချုပ်ရေးအာဏာတည်ဆောက်မှုနှင့်အတူ အစိုးရတစ်ရပ်၏အခွင့်အာဏာဖြစ်သည့် အခွန်အခကောက်ယူသည့် လုပ်ငန်းစဉ်ကိုပါ ကျင့်သုံးလာရာ အခွန်ပေးဆောင်မှုနှင့်အခွန်အခကောက်ရခြင်းကို နားလည်သဘောပေါက်စေရန် လိုအပ်နေပေသည်

အခွန်ဆိုသောစကားရပ်တွင် ”အခွန်အကောက်”နှင့်”အခ” ဟူ၍ နှစ်မျိုးရှိပေသည်။

“အခွန်” ဆိုသည်မှာ အစိုးရက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပြည်သူ့လူမှုဖူလုံရေးကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် ၎င်းအစိုးရ၏အုပ်ချုပ်မှုအောက်တွင် မှီတင်းနေထိုင်ကြသော ဝင်ငွေရှိသည့် လူတစ်ဦးချင်း သို့မဟုတ် အကျိုးအမြတ်ရရှိကြသော စီးပွားရေးလုပ်ငန်းများက စိတ်ဆန္ဒရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ မထည့်မနေရထည့်ဝင်ရမည့်ငွေဖြစ်ပေသည်။

“အခ”ဆိုသည်မှာ လူတစ်ဦးချင်းတိုက်ရိုက်အကျိုးခံစားသည့် သဘောဖြစ်သော လမ်း၊တံတားအသုံးပြုခ၊စည်ပင်လိုင်စင်ခ၊မော်တော်ယာဉ်လိုင်စင်ခကဲ့ သို့သောတိုက်ရိုက်လက်ငင်းအကျိုးခံစားခွင့်ရှိသည့် အစိုးရသို့ ပေးဆောင်မှုကို ခေါ်ပေသည်။

“အခွန်ကောက်ရခြင်း” ၏ ရည်ရွယ်ချက်မှာ အစိုးရက အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ပြည်သူ့ကျန်းမာရေး၊ပညာရေး၊နိုင်ငံတော်နှင့်ပြည်သူ့လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ပြည်သူ့ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများအားလစာနှင့် ချီးမြှင့်ငွေများပေးရန်၊ပြည်သူ့အခြေခံအဆောက် အဦများဖြစ်သော ဆေးရုံ၊ဆေးခန်း၊စာ သင်ကျောင်းများ၊လမ်းပန်းဆက်သွယ်ရေးအတွက် အခြေခံကျသည့် လမ်း၊တံတား၊လေဆိပ်၊ရထားလမ်း၊လျှပ်စစ်စသည့် အခြေခံလိုအပ်ချက်များကို လုပ်ဆောင်ရန် ရည်ရွယ်၍ အခွန်ကောက်ကြသကဲ့သို့နိုင်ငံရေးအရတရားဝင်အဆင့်အတန်းတစ်ခုကိုပြရန် ရည်ရွယ်၍လည်း အခွန်ကောက်ကြပေသည်။

အခွန်အမျိုးအစား အဓိကအားဖြင့် ၂ မျိုးရှိပါသည်။တိုက်ရိုက်ခွန်နှင့် သွယ် ဝိုက်ခွန်ဖြစ်ပါသည်။တိုက်ရိုက်ခွန်သည် ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်ကောက်ခံသည့်အခွန်မျိုး ဖြစ်ပါသည်။

(ဥပမာ – ၁ ဝင်ငွေခွန်၊တံဆိပ်ခေါင်းခွန်၊မှတ်ပုံတင်ခွန်တို့ဖြစ်ပေသည်။)

(ဥပမာ – ၂ ၊ လူတစ်ဦးသည် မရွှေ့မပြောင်းနိုင်သည့် မြေနှင့်အိမ်ကို ဝယ်သည်ဆိုပါစို့။ဝယ်သူသည် ဝင်ငွေခွန်၊တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ခတို့ကိုပေးဆောင်ရန် တာဝန်ရှိပေသည်။)

ဝင်ငွေခွန်ကို သတ်မှတ်သည့်ဘဏ္ဍာနှစ်အတွင်း အခွန်စည်းကြပ်ရန်သတ်မှတ်ထားသည့်ဝင်ငွေ သို့မဟုတ် အခြားပစ္စည်းများမှ မြတ်စွန်းငွေများရှိလျှင် ဝင်ငွေခွန်ပေးဆောင်ရပေမည်။

ဝင်ငွေခွန်ကျသင့်သည် အခွန်အမျိုးအစားများမှာ လစာဝင်ငွေ၊သက်မွေးဝမ်းကြောင်းအလုပ်မှ ဝင်ငွေ၊စီးပွားရေးလုပ်ငန်းများက ဝင်ငွေ၊ပစ္စည်းငှားရမ်းခမှဝင်ငွေ၊အခြားပစ္စည်းများက မြတ်စွန်းငွေ၊စည်းကြပ်မှု တစ်မျိုးမျိုးက ကင်းလွတ်နေသောဝင်ငွေ၊အခြားရလမ်းမဖော်ပြနိုင်သောဝင်ငွေများက ကောက်ယူပေသည်။

ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များကို ပြည်မဘက်တွင်ပြည်ထောင် စုအခွန်အကောက်ဥပဒေဖြင့် နှစ်စဉ်ပြဌာန်းပေသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအုပ်ချုပ်သည့် အာရက္ခဒေသတွင် ဝင်ငွေခွန်ကောက်ယူစည်းကြပ်မှုကို မတွေ့မိသေးပေ။

ခေတ်ကာလအခြေအနေအရ အလိုအလျောက်ကင်းလွတ်ခွင့်ပေးထားသော် လည်း နောင်နိုင်ငံရေး၊စစ်ရေးတည် ငြိမ်သည့်တချိန်ချိန်တွင် ကောက်ယူရမည့်အခွန်ထဲမှာ ပါဝင်မည်ဖြစ်ပေသည်။

သွယ်ဝိုက်ခွန် ဆိုသည်မှာ ကုန်စည်ထုတ်လုပ်ခြင်း၊ကုန်သွယ်မှုဆောင်ရွက်ခြင်း၊တင်သွင်းလာသည့် ကုန်စည်ကို ရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်သူက ကုန်စည်ကိုဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူထံမှ ကျသင့်အခွန်ကို တပါတည်းကောက်ခံပြီး အခွန်ဌာနသို့ပေးသွင်းရသည့် အခွန်အမျိုးအစားဖြစ်ပေသည်။

ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် စားသောက်ဆိုင်များနှင့်ဈေးဝယ်စင်တာများတွင် ဈေးဝယ်သည့်အခါ ငွေရှင်း၍ပြန်ပေးသည့် ဖြတ်ပိုင်းတွင် တပါတည်းပါရှိသည်ကို လေ့လာနိုင်ပေသည်။

တည်းခိုခန်း၊ ဟိုတယ်များတွင်တည်းခိုသည့်အခါတွင်လည်း ကျသင့်တည်းခိုခနှင့်အတူ အခွန်အမှတ်တံဆိပ် (Tax Label) များကပ်နှိပ်စေပြီး သွယ်ဝိုက်ကုန်သွယ်ခွန်ကို ကောက်ခံကြပေသည်။ တည်းခိုခန်းဖွင့်လှစ်သည့်အတွက် စည်ပင်ဌာနတွင်ပေးဆောင်ရသည့် စည်ပင်ခွန်(အခကြေးငွေ)သီးခြားဖြစ်ပြီး တည်းခိုခန်းဖွင့်လှစ်သူက တည်းခိုသူထံမှ တဆင့်ကျသင့်ခွန်၏ သတ်မှတ်ရာခိုင်နှုန်းကို ပေးဆောင်စေခြင်းသည်လည်း သွယ်ဝိုက်ခွန်အမျိုးအစားဖြစ်သည့် ကုန်သွယ်ခွန်ဖြစ်ပေသည်။

မြန်မာနိုင်ငံက လက်ရှိကျင့်သုံးကောက် ခံသည့်အခွန်ထဲတွင် အထူးကုန်စည်ခွန်ဆိုသော အခွန်တမျိုးရှိပေသည်။အထူးကုန်စည်ခွန်နှင့်အခွန်ကောက်ယူမည့်ကုန်စည်အမျိုးအစား၊ကောက်ယူမည့်ပမာဏကို နှစ်စဉ်ပြဌာန်းသည့် ပြည်ထောင်စုအခွန်အကောက်ဥပဒေဖြင့် ပြဌာန်းပေသည်။အထူးကုန်စည်ခွန်ထဲတွင် ယစ်မျိုးခွန်၊ဆေးလိပ်/စီးကရက်ခွန်၊ကွမ်းစားဆေး၊အရက်၊ဘီယာ၊ဝိုင်၊သစ်လုံးသစ်ခွဲ၊တွင်းထွက်ကျောက်မျက်ရတနာများ၊ကားများ၊လောင်စာဆီအမျိုးမျိုးနှင့်သဘာဝဓါတ်ငွေ့ခွန်များပါဝင်ပေသည်။

အာရက္ခဒေသတွင် လက်ရှိ နိုင်ငံရေး၊စီးပွားရေး၊လူမှုဖူလုံရေးအခြေအနေများအရ စိုက်ပျိုးရေး၊စီးပွားရေး၊ထုတ်ကုန်များနှင့်ခရီးသွားလာမှုကို လောင်စာဆီကို အဓိကထားသုံးစွဲနေကြရရာ အခွန်ကင်းလွတ်ခွင့်ပေးသင့်ပေသည်။

အကောက်ခွန်ဆိုသည်မှာ နိုင်ငံခြားတိုင်းပြည်တခုခုမှ သို့မဟုတ် နိုင်ငံခြားတိုင်းပြည်တခုခုသို့ တင်သွင်း၊ပို့ဆောင်သောကုန်စည်အား အခွန်ကောက်ခံစည်းကြပ်ခြင်းကို ခေါ်ပေသည်။

ကုန်ပစ္စည်း၏ အကောက်ခွန်ဆိုင်ရာ တန်ဖိုးအပေါ်တွင်ကောက်ခံရန် သတ်မှတ်ထားသောရာခိုင်နှုန်းနှင့်အကောက်ခွန်စည်းကြပ်ထိုက်သည့် ကုန်ပစ္စည်း၏အရေအတွက်၊ အလေးချိန်သို့မဟုတ် အတိုင်းအထွာပေါ်တွင် ကောက်ခံရန်သတ်မှတ်သည့်နှုန်းလည်း ပါဝင်ပေသည်။

မြန်မာနိုင်ငံတွင် အကောက်ခွန်ကို အကောက်ခွန်ဦးစီးဌာနက ကောက်ခံပြီး အကောက်ခွန်နှုန်းထားကို ပြင်ဆင်သတ်မှတ်ခြင်း၊လျော့ချခြင်း၊တိုးမြှင့်ခြင်းနှင့်ကင်းလွတ်ခွင့်ပြုသောကုန်စည်များကို အကောက်ခွန်ဌာနက သတ်မှတ်ပိုင်ခွင့်ရှိပေသည်။

နှစ်ထပ်ခွန်ဆိုသည်မှာ အခွန်ထမ်းသူတစ်ဦးသည် ပြည်ပနိုင်ငံတစ်ခုတွင် နေထိုင်၍အလုပ်လုပ်ကိုင်ခြင်း၊စီးပွားရေးသွားရောက်လုပ်ကိုင်ခြင်းများအတွက် ဝင်ငွေခွန်နှင့်အမြတ်ခွန်များကို သက်ဆိုင်ရာနိုင်ငံနှင့်မိမိနိုင်ငံနှစ်ခုလုံးအတွက် ပေးဆောင်ရသည့်အခွန်ကိုဆိုလိုသည်။

လက်ရှိ အခွန်စီမံအုပ်ချုပ်ရေးဥပဒေအရနှစ်ထပ်ခွန်မပေးဆောင်စေရေးအတွက် အခွန်ထမ်းဆောင်ရမည့်သူက လျှောက်ထားနိုင်ပေသည်။အာဆီယံနိုင်ငံအချို့နှင့် မြန်မာနိုင်ငံသည် နှစ်ထပ်ခွန်မပေးဆောင်ရရန် စာချုပ်ချုပ်ဆိုထားပေသည်။

ထိုသို့ တစ်နိုင်ငံနှင့်တစ်နိုင်ငံကြားတွင် အခွန်ထမ်းဆောင်သူ မိမိတို့နိုင်ငံသား မနစ်နာစေရန်အတွက် စာချုပ်ချုပ်ဆိုထားကြခြင်ဖြစ်ပေသည်။

အာရက္ခဒေသသို့ ပြည်ပမှတင်သွင်းလာ၍ နယ်စပ်ကုန်သွယ်ရေးအကောက်ခွန်တွင် အကောက်ခွန်ဆောင်ပြီးသည့် ကုန်စည်ပစ္စည်းကို အာရက္ခဒေသတွင်းမှပင် အခြားဒေသတခုသို့ ဖြတ် သန်းသည့်အခါ သို့မဟုတ် ရောင်းချသည့်အခါ ၎င်းကုန်စည်အပေါ် ထပ်မံအ ခွန်ကောက်ခံခြင်းများရှိကြောင်း အာရက္ခပြည်သူများက ဆိုကြသည်။

ဒေသတွင်း တစ်မြို့နှင့်တစ်မြို့ဖြတ်သန်းသည့် ကုန်စည်အပေါ် ကောက်ခံပိုင်ခွင့်မရှိပေ။

ထိုသို့ဆိုလျှင် အိန္ဒိယနယ်စပ်မှ သွင်းလာသည့် ကုန်ပစ္စည်းကို ယင်းနယ်စပ်ကုန်သွယ်ရေးဂိတ်ပေါ်တွင် ပေးဆောင်ရသည့် အခွန်အခအတိုင်း ကျောက်တော်၊မြောက်ဦး၊မင်းပြား၊ပေါက်တော၊အမ်း အထိဆိုလျှင် ကုန်စည်နှင့်ပစ္စည်းအပေါ်ကျသင့်သည့်အခွန်အခသည် ၁၀၀% မက ကျသင့်မည်ဖြစ်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်သည့်ဒဏ်ကို ပြည်သူများက ခံစားကြရပေလိမ့်မည်။

ကုန်သည်များသည် ထိုက်သင့်သည့် အမြတ်မကျန်ပါက လွပ်လပ်စွာတင်သွင်းတော့မည်မဟုတ်ရာ ထိုနေရာကို အာဏာပိုင်များနှင့်နီးစပ်သူများက ဝင်ရောက်တင်သွင်းနိုင်သည့်အခွင့်အလမ်းပေါ်ပေါက်လာနိုင်ကာ လူတစ်စုတည်းကသာ သွင်းကုန်လုပ်ကိုင်သည့် စနစ်ကို လျင်မြန်စွာရောက်ရှိသွားမည်ဖြစ်ပေသည်။

လက်ရှိ အာရက္ခဒေသ အခင်းအကျင်းအရ သွင်းကုန်နှင့်ထုတ်ကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပေးသည့် စနစ်ကိုလည်း အကောင်းအထည်ဖော်သင့်ပေသည်။

ဒေသလိုအပ်ချက်အရ မြင့်မားသည့် ဆေးဝါးကဲ့သို့သောကုန်စည်များအပါ အဝင်အခြားအရေးကြီး ကုန်စည်များကို အခွန်ကင်းလွတ်ခွင့် ပေးသင့်ပေသည်။

အာရက္ခပြည်သူ့အစိုးရအကောက်ခွန်နှင့်အခွန်ဌာနတွင် အခွန်ကောက်ခံရန်အတွက် သတ်မှတ်ကုန်စည်အမျိုးအစားအလိုက် ကောက်ခံမည့်နှုန်းထားများ သတ်မှတ်ထားရန်လိုပြီး ထိုသို့သတ် မှတ်ထားမှုရှိပါက ပွင့်လင်းမြင်သာစွာချပြရန်လိုအပ်ပေသည်။

လုံခြုံရေးနှင့်အခြားအကြောင်းရင်းများကြောင့် တရားဝင်ကြေညာရန်အခက်အခဲရှိပါက ကောက်ခံသည့်ဌာနနှင့်နေရာတွင် ကောက်ခံမည့်ကုန်စည်တစ်မျိုးချင်းအပေါ် ကောက်ခံမည့်နှုန်းထားများကို အခွန်ထမ်းဆောင်မည့်သူ သို့မဟုတ် အများပြည်သူသိရှိစေရန် စာဖြင့်ရေးကပ်ထားရန် လိုအပ်ပေသည်။

ထိုသို့အတိအလင်း ရေးသားကောက်ခံပါက မလိုလားအပ်သည့် အထင်အမြင်လွဲမှားမှုနှင့်နှုတ်မိန့်အခွန်၏အန္တရာယ်မှ ကင်းလွတ်ပါလိမ့်မည်။

ထို့အတူ ပြည်ပမှတင်သွင်းလာသည့် ကုန်စည်အား နယ်စပ် သို့မဟုတ် သတ်မှတ်ထားသည့်နေရာတွင် အခွန်ထမ်းဆောင်၍ ရရှိလာသောအခွန်ပြေစာအထောက်အထားသည် အာရက္ခဒေသတ စ်ခုလုံးအကျုံးဝင် အသိအမှတ်ပြုရန်အတွက် ပေါင်းစပ်ညှိနှိုင်းရန်လည်း လိုအပ်ပေသည်။

လမ်းတံတားအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ကောက်ခံမှုနှစ်မျိုးရှိပေသည်။စည်ပင်သာယာဥပဒေအရ မြို့နယ်နမိတ်တွင် လမ်းအသုံးပြုခွင့်ကောက်ခံခြင်းနှင့်လမ်းနှင့်တံတားအသုံးပြုခြင်းဆိုင်ရာဥပဒေအရကောက်ခံသည့် လမ်းတံတား အသုံးပြုခများဖြစ်ပေသ ည်။

ပြည်မဘက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် လမ်းတံတားအသုံးပြုခကောက်ခံမည့်လမ်းတံတား၊နှုန်းထား၊ယာဉ်အမျိုးအစား၊ယာဉ်ပေါ်ပါကုန်အလေးချိန်တို့ကို မူတည်၍ သတ်မှတ်ကောက်ခံခြင်းဖြစ်ပြီး ကင်းလွတ်ခွင့်လည်း ပြုနိုင်ပေသည်။

ယာဉ်ပေါ်တွင် ပါရှိလာသည့် ကုန်စည်အပေါ်အခြေပြု၍ ကောက်ခံခြင်းမဖြစ်ရန်သတိပြုဖို့လိုပေသည်။

စည်ပင်သာယာဥပဒေအရ မြို့နယ်နမိတ်ပေါ်တွင် လမ်းအသုံးပြုခွင့်ကောက်ခံခြင်းသည်ဘဏ္ဍာရေးနှစ်ကို အခြေခံပြီး တစ်ကြိမ်ပေးဆောင်ပြီးနောက် တစ်နှစ်တာလမ်း အသုံးပြုခွင့်ရရှိနိုင်၍ အခွန်ဆောင်သည့်သဘောဆောင်သည့်ကောက်ခံမှုမျိုးဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီဌာနက လမ်း၊တံတားအ သုံးပြုခွင့်ကောက်ခံခြင်းသည် တစ်ကြိမ်ချင်းအပေါ် သက်ရောက်ရာအခကြေးငွေ သဘောဆောင်ပေသည်။

၁၉၈၅ ခုနှစ်၊လမ်းတံတား အသုံးပြုခြင်းဆိုင်ရာဥပဒေနှင့် ၂၀၁၈ ခုနှစ်၊ ရခိုင်ပြည်၏လမ်းနှင့်တံတားများ ဥပဒေအရလည်း အသုံးပြုခဟုသာ သုံးနှုန်းသည်ကို တွေ့ရပေသည်။လမ်းမကြီးများနှင့်အမြန်လမ်းမကြီးများတွင် လမ်းတံတား အသုံးပြုခကောက်ခံသည့်(Toll Gates)များသည် လမ်းတံတားအသုံးပြုခြင်းဆိုင်ရာဥပဒေအရကောက်ခံခြင်းဖြစ်ပေသည်။

NLD အစိုးရခေတ်တွင် ပြည်သူများအပေါ် သက်ရောက်နိုင်ခြေရှိမှုနှင့်ကုန်စည်စီးဆင်းမှုမြန်ဆန်မှုကို ဦးစားပေး၍ လမ်း၊တံတားအသုံးပြုခကောက်ခံခြင်းကို ဖျက်သိမ်းခဲ့သည်ကို လည်းတွေ့ရပေသည်။

မောင်တောဒေသ၌ လမ်းတံတားအသုံး ပြုခကောက်ယူရာတွင် ကားအခွံ(ကုန်စည်တင်ဆောင်ထားခြင်းမရှိသည့်ကား)နှင့်ကုန်စည်တင်ဆောင်ထားသည့်ကားကို ကောက်ယူသည့်နှုန်းကို တွေ့ရပေသည်။

အာရက္ခဒေသတွင် လမ်းတံတားအသုံးပြုမှုအတွက် အခွန်စတင်ကောက်ခံနေပြီဟု ဆိုနိုင်ပေသည်။

စည်ပင်သာယာရေးအတွက် အုပ်ချုပ်ရေးအမိန့်ဖြင့် ကောက်ခံသောအခွန်သည် ဝင်ငွေခွန်ဟူသည့်သဘောထက် အခကြေးငွေကောက်ခံခြင်း သဘောဆန်ပေသည်။

ဥပမာ- ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်းကို အများပြည်သူဈေး၊အများပြည်သူနှင့်ဆိုင်သောဈေးရောင်းချရန်ခွင့်ပြုထားသောနေရာ သို့မဟုတ် မိမိပိုင်ဆိုင်သည့် မြေ သို့မဟုတ် အိမ်တွင် ဈေးဆိုင်ဖွင့်လှစ်ရောင်းချပါက ကောက်ခံသောအခကြေးငွေသည် ဈေးဆိုင်ရောင်းချသည့် အခကြေးငွေဖြစ်ပြီး ကုန်စည်အပေါ်ကောက်ခံသည့် အခွန်မဟုတ်ပေ။

ပြည်သူများကလည်း အခွန်အခကောက်ခံမှုများသည်ဆိုသည့်အမြင်အပေါ်တွင် ယင်းအချက်ကို နားလည်ရန်လိုအပ်ပေသည်။

စည်ပင်သာယာရေးဥပဒေအရစီမံခန့်ခွဲခွင့်ရှိသည့် ဈေးများ၊အနှေးယာဉ်လိုင်စင်၊လမ်းအသုံးပြုခ၊ယာဉ်ရပ်နားခ၊သားသတ်လိုင်စင်၊ဈေးရောင်းခနှင့် ဈေးဆိုင် သို့မဟုတ် ဥပဒေအရခွင့်ပြုသည့် စီးပွားရေးလိုင်စင် စသည်များကောက်ခံပိုင်ခွင့်ရှိပေသည်။

မြန်မာနိုင်ငံ၏ ဥပဒေများနှင့်အခွန်ကောက်ခံကျင့်သုံးမှုကိုလေ့လာမည်ဆိုပါက အခွန်နှင့်အခကြေးငွေကို ဝန်ကြီးဌာနများက သက်ဆိုင်ရာစီမံခန့်ခွဲမှုအလိုက်ကောက်ခံကြသည်ကိုလည်း တွေ့ရပေသည်။

ဥပမာ – အများသိကြသည့် ဆိုင်ကယ်ခွန်၊ကားခွန်ဆိုလျှင် ကညနကစည်းကြပ်သည့် လိုင်စင်ခကြေးငွေ၊အခွန်ရုံးက သတ်မှတ်သည့် ကုန်စည်အမျိုးအစား (ဥပမာ- တရုတ်ဆိုင်ကယ်၊ယိုးဒယားဆိုင်ကယ စသည်ဖြင့်)၊အင်ဂျင်အမျိုးအစား(100 CC၊ 125 CC၊ 155CC)စသည်ဖြင့် အခွန်ကို စည်းကြပ်သည်ကို လေ့လာတွေ့ရှိနိုင်ပေသည်။

ပြည်သူများ သိကြသည့် ပြည်တွင်းအခွန်များဦးစီးဌာနသည် ဝင်ငွေခွန်၊အမြတ်ခွန်၊ကုန်သွယ်ခွန်၊တံဆိပ်ခေါင်းခွန်၊ရုံးခွန်၊ကုန်စည်ခွန်၊အောင်ဘာလေ(လောင်ဘော်)များကို ပြည်ထောင်စု ၏အခွန်အကောက်ဥပဒေနှင့်အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရကောက်ခံမှု ပြုလုပ်နေပေသည်။

အစိုးရသည် ပြည်သူထံမှ အခွန်ကောက်ခံရန်အတွက် သတ်မှတ်ကုန်စည် အမျိုးအစားအလိုက် ကောက်ခံမည့်နှုန်းထားများကို ပြည်ထောင်စုအခွန်အကောက်ဥပဒေဖြင့် တစ်နှစ်တစ်ကြိမ် သတ်မှတ်လျက်၊အများပြည်သူသိရှိစေရန် တရားဝင်ပြဌာန်းဖြန့်ချိကာ ကောက်ခံလျက် ရှိပေသည်။

အခွန်စနစ်အား ပြည်သူတို့နားလည်မှုလွဲရခြင်းနှင့်အမြင်မကြည်လင်မှု၏ အဓိကပြဿနာမှာ အခွန်ကောက်ခံရာတွင် ပွင့်လင်းမြင်သာမှုမရှိ၍ ဖြစ်ပေသည်။

တရားဝင်ပြဌာန်း၍ အများပြည်သူ သိ ရှိစေရန်ဖြန့်ချိ၍ ကောက်ခံနေသည့်ကြားမှပင်လျှင် ၎င်းကောက်ခံသူတို့၏ လူမှုဘဝပြောင်းလဲ အဆင်ပြေနေသည်ကို ထောက်ရှုလျှင် တရားဝင်မသတ် မှတ်ပါက များစွာရှုပ်ထွေးမှုများနှင့်နားလည်မှလွဲမှားမှုများ ရှိနိုင်ပေသည်။

ဥပမာ – စကစအုပ်စိုးသည့် စစ်တွေမြို့တွင် အိမ်ခြံမြေဝယ်ယူသည်ဆိုပါစို့။စစ်တွေမြို့ ပြည်တွင်းအခွန်ဦးစီးဌာနမှုးရုံးသည် စစ်တွေမြို့၏ရပ်ကွက်အလိုက်၊လမ်းအလိုက်၊နေရာအလိုက်၊နေအိမ်နှင့် အဆောက်အဦအမျိုးအစား၊ကြံ့ခိုင်မှုအခြေအနေ၊အိမ်သက်တမ်းစသည့် တရားဝင်တန်ဖိုးဖြတ်ရမည့် စံနှုန်းများကို အများပြည်သူသို့ မည်သည့်အခါမျှ ပွင့်လင်းမြင်သာစွာချပြမှုမရှိသည့်အ တွက် အဆိုပါအခွန်အရာရှိ၊အခွန်ဝန်ထမ်းများ၏ နှုတ်မှထွက်လာသည့် သတ်မှတ်မှုသည်ဥပဒေပင်ဖြစ်ပါ၍ ပြည်သူ့ယုံကြည်မှုယုတ်လျော့ကာ တန်ဖိုးကင်းမဲ့ပေသည်။

အခွန်စနစ်၏ အဓိကစိန်ခေါ်မှုမှာ ပွင့်လင်းမြင်သာမှုဖြစ်ပြီး ထိုအချက်ကိုလည်း တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်သင့်ပေသည်။

အာရက္ခဒေသတွင်း ကုန်ဆုံးလုနီးပြီဖြစ်သည့် စကစ၏အုပ်ချုပ်ရေးစနစ်အပါအဝင် ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့သောအစိုးရများ၏အာဏာတည်မြဲရေးအတွက် အထက်အောက်အချင်းချင်းကြည့်ရှုကြခြင်းအပါအဝင် လာဘ်လာဘကို အလေးပေးသည့် ပွင့်လင်းမြင်သာမှုမရှိသည့်စနစ်များကြောင့်လည်းကောင်း၊ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများကို လျစ်လျူရှု၍လည်းကောင်း၊ ပြည်သူများ၏လိုအပ်ချက်များကို လျစ်လျူရှုခဲ့ကြပေသည်။

အခွန်ထမ်းများသည် လူမှုဘဝမပူပင်မကြောင့်ကြရသည့်အနေအထားကိုလွယ်ကူစွာ ရရှိကြသည်ကို အာရက္ခပြည်သူတို့ မျက်ဝါးထင်ထင်တွေ့ရှိကြသည်ဖြစ်၍ အခွန်ထမ်းဆောင်ခြင်း အပေါ် နှောင့်နှေးစိုးရွံ့နေကြခြင်းဖြစ်သည်။

အစိုးရတစ်ရပ်သည် ပြည်သူ့ဝန်ဆောင် မှုလုပ်ငန်းများဖြစ်သည့် ပညာရေး၊ကျန်းမာရေး၊လမ်းတံတား၊လျှပ်စစ်အပါအဝင် ပြည်သူ့အခြေခံလိုအပ်ချက်များကို ဆောင်ရွက်ရန်အတွက် အခွန်ကောက်ခံကြရပေသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏အကောက်ခွန်နှင့်အခွန်ဌာနသည် အစိုးရတစ်ရပ်၏ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် အခွန်ကောက်ခံရာတွင် အများပြည်သူသိရှိစေရန် ပညာပေးရင်း၊ပွင့်လင်းမြင်သာစွာဖြင့် အခွန်ကောက်ခံ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပေသည်။

အခွန်ဆိုင်ရာမူဝါဒများကို စဉ်ဆက်မပြတ်ပြန်လည်သုံးသပ်ရန်နှင့်ဒေသတွင်းအာဏာပိုင်များနှင့်မပြတ်ထိတွေ့ဆက်ဆံကာ အခွန်ဆိုင်ရာအသိပညာမြှင့်တင်ခြင်း ဆောင်ရွက်ရန်လိုအပ်ပေသည်။

ထို့အပြင်ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏အကောက်ခွန်နှင့်အခွန်ဌာနမှဝန်ထမ်းများအနေဖြင့်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ချမှတ်အကောင်အထည်ဖော်နေသည့် အခွန်ဆိုင်ရာညွန်ကြားချက်၊ထုတ်ပြန်ချက်များနှင့်အညီဆောင်ရွက်ရန်လိုသည့်အပြင် ပြည်သူ့ဆက်ဆံရေးလမ်းစဉ်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here