အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကသစ်တွေကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့နေ

(ဓာတ်ပုံ – ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်ဆိပ်ကမ်းသို့တင်ပို့မယ့်သစ်တွေကို မောင်တောမြို့နယ်ကညင်ချောင်းဆိပ် ကမ်းမှာမတ်လ ၁၇ ရင်နေ့တွေ့ရပုံ / BNA)

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေက ကျွန်းသစ်တွေအပါအဝင်သစ်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နေတယ်လို့ အာရက္ခပြည်သူတွေကအတည်ပြုပြောကြပါတယ်။

အဲဒီသစ်တွေကို အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်၊ကညင်ချောင်းအထူးစီးပွားရေးဇုန်းရှိဆိပ်ကမ်းမှနေ့စဥ်တင်ပို့နေတာလို့ဆိပ်ကမ်းတာဝန်ရှိသူတွေက ဆိုကြပါတယ်။

အဲဒီကျွန်းသစ်တွေအပါအဝင်သစ်တွေဟာ မောင်တောမြို့နယ်ရှိသစ်များအပါအဝင်မယူတောင်ရှိသစ်တောမှလည်းခုတ်ယူနေကြသလို မအီ၊ တောင်ကုတ်စတဲ့နေရာတွေကသစ်တွေလည်းပါတယ်လို့ သစ်ထုတ်လုပ်ရေးကို သိရှိနေကြသးတွေက ဆိုကြပါတယ်။

“ကညင်ချောင်းဆိပ်ကမ်းက ဘင်္ဂလာကို သစ်တွေတင်ပို့နေတာကြာပါပြီ။မောင်တောကသစ်တွေရော့၊တခြားနေရာကသစ်တွေလည်းပါပါတယ်။တရားဝင်တင်ပို့နေကြတာပါ။စီးပွားရေးသမားတွေကိုလည်း တင်ပို့ခွင့်ပေးထားပါတယ်။” လို့ ကညင်ချောင်းဆိပ်ကမ်းမှတာဝန်ရှိသူတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွ မြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး ပြန်လည်တည်ဆောက်ရေးတွေလုပ်ဆောင်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းတွေရှိတဲ့မောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့နှစ်၊ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုက်ထားတာဖြစ်ပါတယ်။

အဲဒီနောက် အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးကို နှစ်နိုင်ငံနားလည်မှုတွေနဲ့စတင်ကုန်သွယ်နေကြတာဖြစ်ပြီးအဲဒီကုန်သွယ်မှုတွေမှာ အာရက္ခဒေသကသစ်တွေကိုလည်း တင်ပို့နေကြတာဖြစ်ပါတယ်။

အဲဒီသစ်တွေထဲမှာ စစ်ကောင်စီလက်အောက်ခံသစ်တောဌာနက ဖမ်းဆီးသိမ်ယူထားတဲ့သစ်တွေလည်းပါဝင်နေသလို နောက်ထပ်အသစ်ခုတ်ယူနေကြတာတွေလည်းပါဝင်နေတယ်လို့ အာရက္ခပြ ည်သူတွေက ဆိုကြပါတယ်။

“မယူတောင်ကရော့တခြားကလည်းသစ်တွေခုတ်နေကြပါတယ်။အရင်ဖမ်းဆီးထားတဲ့သစ်တွေလည်းပါပါတယ်။ခုကစီးပွားရေးသမားတွေလည်းသစ်လုပ်နေကြပါတယ်။တကယ်ပြောရရင်တော့သစ်တွေထပ်မခုတ်စေချင်ပါဘူး။”လို့ မောင်တောဒေသခံအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးသစ်ထုတ်လုပ်မှုတွေရှိနေပြီး တချို့နေရာတွေမှာအလွန်အကျွံသစ်ခုတ်မှုတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့တာဝန်ရှိသူတွေကိုယ်တိုင်ပြုလုပ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်း အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ သစ်ထုတ်လုပ်မှုတွေကိုတားမြစ်ထားတာမရှိသေးဘူးလို့လ ည်း ဝန်ခံပြောဆိုထားပါတယ်။

အာရက္ခဒေသဟာ သဘာဝဘေးဒဏ်တွေကို အများဆုံးခံရတဲ့ဒေသဖြစ်တာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ သစ်ထုတ်လုပ်ရေးမူဝါဒတွေအပါအဝင် ပြည်ပသို့သစ်တင်ပိုမှုရေးမူဝါဒတွေရှိသင့်ပြီး သစ်တောထိန်းသိမ်းရေးဥပဒေကိုလည်း အများပြည်သူသိအောင်တရားဝင်ထုတ်ပြန်ထားသင့်တယ်လို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစောင့်ရွက်နေကြသူတွေက ထောက်ပြကြပါတယ်။

“မိုခါမုန်တိုင်းဒဏ်ကို ULA/AA လည်းခံခဲရတာပါပဲ။သစ်ခုတ်တာလွယ်ပေမယ့်သဘာဝဘေးဒဏ်တခုခုဖြစ်လာရင် ဘယ်လောက်ထိခံနိုင်ရည်ရှိမလဲပေါ့ UL A/AA မှာ သစ်တောထိန်းသိမ်းရေးဥပဒေကိုတရားဝင်ထုတ်ပြန်ထားရပါမယ်။သစ်ထုတ်လုပ်မှုတွေကို စည်းကမ်းတကျလုပ်ထားရပါမယ်။ပိုက်ဆံလိုလို၊ပိုက်ဆံရလိုဆိုပြီးရှိသမျှသစ်ကိုခုတ်ရောင်းနေရင်အဲဒီဒဏ်ကို ULA/AA ပဲခံရမှာပါ။” လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ဟာ စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် သုံးမြို့နယ်ကိုသာတိုက်ခိုက်သိမ်းပိုက်ဖို့ကျန်နေပြီး စစ်တွေနဲ့ကျောက်ဖြူမှာ နှစ်ဘက်စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခ-မကွေးနယ်ခြား၊အာရက္ခ-ပဲခူးနယ်ခြား၊အာရက္ခ-ဧရာဝတီနယ်ခြားကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားသလို အာရက္ခ-ဘင်္ဂလာနယ်စပ်၊အာရက္ခ-အိန္ဒိ ယနယ်စပ်ကိုလည်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

အဲဒီနယ်ခြားဒေသတွေအပါအဝင်နှစ်နိုင်ငံနယ်စပ်တွေမှာ နယ်စပ်ကုန်သွယ်ရေးတွေကို နားလည်မှုတွေနဲ့ကုန်သွယ်နေကြတာမို့ ကုန်စည်စီဆင်းမှုတွေရှိနေပေမယ့်အခြေခံလိုအပ်ချက်တွေ၊ လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်တွေအများကြီးရှိနေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ကျွန်းသစ်တွေအပါအဝင်သစ်တန်ချိန်သောင်းနဲ့ချီကျန်နေခဲ့ပြီး အဲဒီသစ်တွေကို အာရက္ခဒေသပြန်လည်တည်ဆောက်ရေးတွေမှာသာအသုံးပြုစေချင်တယ်လို့ အာရက္ခပြည်သူတွေက တောင်းဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here